ကွေ့
POS |
မျက်စိရှေ့မှောက်တွင်ပင်၊
မှန်ကန်သည့်ဘက်မှရပ်သူများ မှားယွင်းသည့်စနစ်ဆိုးကို ဝေဖန်သူများသည်
လူဆိုးလူမိုက်များမဟုတ်ကြပါပဲနှင့် နေ့မြင်ညပျောက် ထောင်ထဲရောက်ကြရသည့်ခေတ်ကြီးထဲ
လူတိုင်း ရင်ထဲ အကြောက်တရားများ ကြီးစိုးနေခဲ့ကြသည်။
ကျွန်တော့်စာရေးစားပွဲမှနေ၍ ထိုကွေ့လေးကို
ကောင်းမွန်စွာမြင်ရ၏။ စာရေးစားပွ္ပဲ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပမှာထိုင် ဖြစ်သည့်ရက်တိုင်းလိုလို၊
ထိုကွေ့လေးကို အမှတ်မထင် လှမ်းကြည့်ဖြစ်သည်။ အော်ဟစ်သတိပေး လိုက်မည်ဟု ကြံရွယ်လိုက်တိုင်း လည်း နောက်ကျသွားတတ်သည်။
သတိပေးဆိုင်းပုဒ်ကလေးကို စေတနာဖြင့်ရေးသား၍ ထိုလမ်းကွေ့လေး ၌ထောင်ထားခဲ့ဖူးသည်။ ထိုကွေ့ဘေးမှာနေထိုင်ကြသော အိမ်ရှင်များ၏ ရန်လိုကြည့်ဖြင့် အကြည့်ခံရသည့် အပြင် သုံးလေးရက်အကြာတွင်
ဆိုင်းပုဒ်လေး ပါ အစအနပျောက်ခဲ့ရသည်။
ကွေ့။
ထိုကွေ့လေးသည် ကျွန်တော့်မျက်စိရှေ့မှာပင်
လူတော်တော်များများကိုဒုက္ခပေးပေါင်း မနည်းတော့။ ထိုကွေ့လေးကို ဖြစ်ပေါ်စေခဲ့သူများကတော့ ကွေ့ကြောင့်လူတွေဒုက္ခရောက်ကြတာကိုပင် ပီတိတခုလို စား သုံးနေကြသည်လား မပြောတတ်ပါ။
တောင်နှင့်မြောက်တန်းနေသောလမ်းမကြီးမှ
ထိုကွေ့ကလေး ခွဲဖြာထွက်လာသည်မှာ ဆယ်စုနှစ် တခုတော့ကြာခဲ့ပြီ
ဖြစ်သည်။ ယခင်ကတော့ ထိုကွေ့နေရာသည် လမ်းမကြီးပေါ်မှနေ၍ ၁၉၉၀ ခုနှစ် အကျော်တွင်ထိုလမ်းသွယ်လေးကိုခွလျက်
ခြံဝိုင်းတခုပေါ်လာသည်။ ခြံဝိုင်းလာခတ်ကြသူများကို ပတ်ဝန်း ကျင်မှလူများက စူးစမ်းရာတွင်လည်း နှုတ်မိန့်အရ ခြံခတ်သည်ဟူ၍သာ
အဖြေရကြသည်။ ၀င်းခြံလာခတ် ကြသူများကိုယ်တိုင်လည်း မည်သူမည်ဝါ၏ ခြံဝင်းမှန်း
မသိကြ။
နှုတ်မိန့်။
အာဏာရှင်ခေတ်တွင်နှုတ်မိန့်အရ ဆိုသောစကားကိုစောကြောဝေဖန်ရဲသူ ခပ်ရှားရှား။
ဘုန်းတော်ကြီးကျောင်းသို့သွားရာ
လမ်းသွယ်ကလေးသည် ထိုခြံဝိုင်းကြီးခတ်လိုက်သော နေ့တွင် ခဏတာ ကွယ်ပျောက်သွားခဲ့ရပါသည်။
သို့သော်လည်း မည်သည့်ပိုင်ရှင်မှ လာရောက် ကိုယ်ထင်မပြသေး သည့် ခြံဝိုင်းကြီးဖြစ်သဖြင့်
ခြံစည်းရိုးများကို ဟိုလူတချောင်း၊ ဒီလူတချောင်း ဖြုတ်ကြပါသည်။ မကြာမီမှာ
ခြံ တိုင်များသာ ကျန်ပါတော့သည်။ ထိုခြံတိုင်များကြားမှ လမ်းသွယ်ကလေး ပြန်ပေါ်လာခဲ့သည်။
နှုတ်မိန့်အရ ဆိုကာ လမ်းပိတ်၍ ခြံခတ်ထားခဲ့သည်ကို တတ်နိုင်သ၍
လမ်းပြန်ဖေါ်ခဲ့ကြခြင်းပင်။
ဖြတ်သွား၊
ဖြစ်လာလူအများသည်လည်း လတ်တလောအဆင်ပြေသွားပြီဖြစ်ကြ၍ ခြံစည်းရိုး မရှိတော့သော ခြံတိုင်များကြား
သွားလာလှုပ်ရှားကြရင်း…နူတ်မိန့်အရဟူသည့်အကြောင်း ပြချက်နှင့်ဝင်းခြံလာခတ်ကြသည့်ကိစ္စကိုပင်
မေ့လျော့နေကြပြီ ဖြစ်သည်။ စားဝတ်နေရေးအကြပ် အတည်းများကြားရုန်းကန်ကြရင်း
နက်လှစွာသောအာဏာရှင်ခေတ် ဆင်းရဲတွင်း၌ မနစ်မြုပ် အောင်ကူးခတ်ရင်း
တအိမ်ထောင်၊ တမိသားစု လတ်တလောအဆင်ပြေရေးကိုသာ တွေးတော နိုင်ကြပါသည်။
မျက်စိရှေ့မှောက်တွင်ပင်၊
မှန်ကန်သည့်ဘက်မှရပ်သူများ မှားယွင်းသည့်စနစ်ဆိုးကို ဝေဖန်သူများ သည်
လူဆိုးလူမိုက်များမဟုတ်ကြပါပဲနှင့် နေ့မြင်ညပျောက် ထောင်ထဲရောက်ကြရသည့် ခေတ်ကြီးထဲ
လူ တိုင်းရင်ထဲ အကြောက်တရားများ ကြီးစိုးနေခဲ့ကြသည်။
အာဏာရှင်ကြီးစိုးချိန်တွင်
လူသွားလမ်းပေါ်ခွလျက်၊ နူတ်မိန့်အရ ခြံစည်းရိုးခတ်သည့် ကိစ္စသည် လည်း လူအများနှင့်ပြောဆိုဆွေးနွေး၍ကောင်းသောအရာမဟုတ်ပဲ၊
မိသားစုချင်းသာ တီးတိုးဆွေးနွေး ဖွယ်ရာ။
ထိုသို့သောကာလများကို
ဖြတ်သန်းကျော်လွန်လာသည့်အခါ နူတ်မိန့်သည် နှစ်(၃၀)မြေ ဂရံ အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
တိုက်အိမ်ကြီးဆောက်လုပ်ရန်အတွက်၊
မြေညှိသည့်အချိန်တွင်ပင် ခိုင်ခန့်သော အုတ်တံတိုင်းကြီး များကိုကာရံလိုက်ကြသည်။
လမ်းမကြီးနှင့်ဘုန်းကြီးကျောင်းဆက်သွယ်ရာလမ်းအဖြစ်၊ ထိုအုတ် တံတိုင်းကြီးခေတ်ထားသော
ဝင်းခြံကိုကွေ့ဝိုက်၍ လမ်းကြမ်းတခုကို ဖုတ်ပူမီးတိုက်ဖောက် လုပ်ပေးခဲ့ သည်။
ဖြတ်သွားဖြတ်လာများအနေဖြင့် အရင်ကလို ခြံစည်းရိုးတချောင်းဖြုတ် နှစ်ချောင်း ဖြုတ်လုပ်၍ မရတော့။ နှစ်ကာလများစွာ ခိုင်ခန့်တည်မြဲစေရန် စီမံကိန်းချကာရံထားသော အုတ်တံတိုင်းကြီးကို
မရဲ တရဲဖြင့် မကျေမနပ် ကြည့်နေ ကြရုံသာ။
ကျွန်တော့အိမ်ဘက်မှ
ဘုန်းတော်ကြီးကျောင်းရှိရာသို့သွားလျှင် လမ်းသည် ညာကွေ့ ဖြစ်သည်။ သို့သော်လည်း
လမ်း၏ဘယ်ဘက်အခြမ်းသည် မတရားပင်နိမ့်ကျနေ၏။ ထိုအခါ လမ်းထဲသို့ အမှတ်မထင်ေ က့ဝင်လိုက်သူတိုင်း
ရှေ့ဘရိတ်ဆွဲရကောင်းနိုး၊ နောက်ဘရိတ် နင်းရကောင်းနိုးနှင့် ကျွမ်းပြန်ကြရသည်။
ဒုက္ခရောက်ကြရသည်။
တစ်ခါကလည်း
လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ဘုန်းတော်ကြီးကျောင်းသို့ သွားကြဟန်တူ သော
လင်မယားစုံတွဲတစ်တွဲ ထိုကွေ့တွင်ပင် ဆိုင်ကယ်မှောက်သည်။ လှူဖွယ်ပစ္စည်းများက လမ်း
ပေါ်ဖရိုဖရဲ။ အိမ်မှထွက်လာခဲ့ကြစဉ်ကတော့ ဘုန်းတော်ကြီးကျောင်းသို့ရောက်လျှင်
လှူဒါန်းကြ မည်။ သီလယူကြမည်။ အမျှဝေကြမည်…ဟူ၍
ကြည်နူးဖွယ်စိတ်ကူးစိတ်သန်းများရှိခဲ့ကြပေမည်။ ဤကွေ့ကလေးသည် ဤသို့
ဒုက္ခပေးလိမ့်မည်ဟု သူတို့မျှော်လင့်ထားကြဟန်မတူပါ။ လိုရာခရီးသို့ မရောက်စေရုံမျှမက
ကြည်နူးမှုလေးများကိုပါ ကွယ်ပျောက်သွားစေခဲ့ပါသည်။
ယခုလည်း၊
ကျွန်တော်ကြည့်နေဆဲအချိန်တွင်ပင် ယောဂီများကို တင်ဆောင်လာသည့် သုံးဘီး ဆိုင်ကယ်စီးသည်
ထိုကွေ့ကလေးသို့ အကွေ့တွင် လမ်းဘယ်ဘက်ခြမ်း၊ နူတ်ခမ်းသား အနားထိလျောပါ သွားသည်။ ဘရိတ်အုပ်သံနှင့်အတူ
ယောဂီများ၏ အလန့်တကြား အော်ဟစ်သံ ဆူညံသွားသည်။ လမ်းအကွေ့တိုက်အိမ်ကြီးအပေါ်ထပ်မှ
လူများတော့ ဘာမှမခံစားရသလို ပြုံး ကြည့်နေကြသည်။ ထိုအကွေ့လေးသည်
ကျွန်တော့မျက်စီရှေ့မှာပင် သွားလာသူမှန်သမျှကို ဒုက္ခ ပေးနေဆဲ။
ဖတ်လက်စစာအုပ်ကို
ဘေးသို့အသာချထားလိုက်မိသည်။ အတွေးများက ကွေ့လေးဆီသို့ ရောက်ရောက်သွား၍ စာအုပ်ထဲ
စိတ်မ၀င်စားနိုင်တော့။ တဆက်တည်းပင် ကိုယ်ကိုယ်တိုင် ကွေ့ခဲ့ ရသော ကွေ့များဆီသို့
စိတ်ကူးခရီးဆက်မိသွားသည်။
မည်သည့်
ခရီးကိုမဆို ဖြောင့်ဖြောင့်သွားလျှင် ခရီးတွင်ပါသည်။ လူတိုင်း၊ လူတိုင်းသည်လည်း
ဘ၀ခရီး လမ်းကိုဖြတ်သန်းရာတွင် ပန်းတိုင်သို့ မြန်မြန်ရောက်ရန်အတွက် လမ်းဖြောင့် ဖြောင့်ကိုသာ လျှောက်ချင်ကြပေမည်။
သို့သော်လည်း ရှေ့ဆက်ရမည့်ခရီးလမ်းအတွက် အာဏာရှင်၏နူတ်မိန့်ဖြင့်အစပြုကာ
ခရိုနီများ၏ဘယ်သူသေသေ ငတေမာပြီးရော အကြံအစည်ဖြင့် ပေါ် လာသောလူသွားလမ်းပေါ်
အုတ်တံတိုင်းခြံဝင်းခတ်သကဲ့သို့ အတားအဆီးများနှင့် တွေ့ကြုံရသောအခါ မလွှဲသာသည့်အဆုံး
ကွေ့ရှောင်ကြပါသည်။
ကျွန်တော်၏ဘ၀ခရီးလမ်းတွင်လည်း
တစ်ဆစ်ချိုး၊ နှစ်ဆစ်ချိုးမက ကွေ့ခဲ့ရဖူးပါသည်။ အိမ်ထောင်ကျစအချိန်တွင်၊
မြို့နယ်စည်ပင်သာယာရေးရုံးတွင် ၀င်ရောက်လုပ်ကိုင်သည်။ ထို အလုပ်ကို တနှစ်ခန့်လုပ်ပြီးချိန်တွင်
ဆက်မလုပ်လိုတော့၍ မြန်မာ့မီးရထားဝန်ထမ်းဘ၀ကို၊ ပေါ် တာဘ၀ဖြင့် စရ သည်။ မြန်မာ့မီးရထား(မြို့ပြ)အင်ဂျင်နီယာဌာနတွင်
အငယ်တန်းအင်ဂျင်နီယာဖြစ်လာသောအခါ ထို အလုပ်ကိုဆက်မလုပ်လိုတော့။
နှစ်သီးစားအရာရှိများ၏ မြင်းအလုပ် မြင်းမလုပ်၊ ခွေးအလုပ်ခွေးမလုပ်သော စရိုက်ဆိုးများကိုရွံမုန်းလာသည်။
၎င်းအပြင် ကျောင်းနေအရွယ် ရောက် လာပြီဖြစ်သည့် သမီးလေး၏ ပညာရေးအတွက် တွေးတောလာရသည်။
ဒီဂရီအတော်ကြီးမားသည့် ကွေ့တကွေ့ကို ထပ်မံ၍ ကွေ့လိုက် ရပြန်သည်။ အစိုးရ၀န်ထမ်းဘ၀မှ
ထွက်လိုက် သည်။ ထိုကွေ့များသည် ရှေ့တွင်ရင်ဆိုင်ရမည် အတားအဆီးအခက်အခဲများကို
ကြိုတင်တွေးမိ၍ ကိုယ်တိုင်ကွေ့ခဲ့သော ကွေ့များဖြစ်သည်။
မြန်မာ့မီးရထားတွင်အလုပ်စ၀င်သောအချိန်တွင်ကျွန်တော့်ကို တာဝန်ကျရုံပိုင်မှစက်ခေါင်းမောင်း ထံသို့
``လမ်းရှင်းစာရွက်``သွား၍ပေးခိုင်းသည်။ ရထားတစင်း၊ ဘူတာတခုမှ နောက် ဘူတာတခုသို့
ခရီး ဆက်သွားနိုင်ရန်အတွက် လမ်းရှင်းစာရွက်ပါလျှင် ပြီးပြည့်စုံပြီဟု ထိုစဉ်ကထင်ခဲ့မိသည်။ မကြာမီအချိန်မှာပင် ကျွန်တော့်အထင်မှားယွင်းကြောင်း သိလာရသည်။ ရထားတစင်း
သည်`လမ်းရှင်း လက်မှတ်`ပါစေကာမူ နောက်ဘူတာသို့ချောမောစွာမရောက်နိုင်သောအကြော င်း တရားများစွာ
ရှိနေပါသေးသည်။
ရထားကြီးတစင်းကို
သံလမ်းနှစ်လမ်းကထမ်းပိုး၍ တဘူတာပြီးတဘူတာ ဖြတ်သန်းစေပြီး လိုရာ ခရီးပန်းတိုင်သို့
ပို့ဆောင်ပေးရပါသည်။ ထိုသို့ပို့ဆောင်ပေးရာတွင် သံလမ်းနှစ်လမ်းတွင် ဖွဲ့စည်းထားသော၊
ဇလီဖားတုံးများ၊ သံလမ်းတလမ်းနှင့် တလမ်းဆက်ထားသော ဂျွိုင်းပတ္တာများနှင့်
လမ်းခင်းကျောက်များ ပြည့် စုံကောင်းမွန်ရပါသည်။ ထိုကဲ့သို့ ပြည့်စုံကောင်းမွန်နေရုံမျှနှင့်လိုရာခရီး
ကို ရောက်နိုင်မည်လား၊ ဆိုပြန်တော့လည်း မရောက်နိုင်သေးပါ။
လမ်းခရီးဖြတ်သန်းမှုတွင်ထိုသံလမ်းနှစ်ခုအပေးအယူမျှပြီးဟန်ချက်ညီရန်မှာအရေးအကြီးဆုံးပင်
ဖြစ်ပါသည်။
ကျွန်တော်တို့လင်မယားနှစ်ယောက်သည်၊
တယောက်ကိုတယောက် ချစ်ကြိုက်၍သာ အတူတကွ လက်တွဲပေါင်းဖော်ခဲ့ကြသည်။ စရိုက်ချင်းကတော့
တူလှသည်မဟုတ်။ ကျွန်တော်က ဒေါသကြီးသည်။ ။ပေါက်ကွဲလွယ်သည်။
ရှူးရှူးဒိုင်းဒိုင်းနှင့် ခွေးဆိုးတကောင်လို ထင်ရာမြင်ရာ လုပ်တတ်သည်။ သူကျတော့ သိမ်မွေ့နူးညံ့သည်။ အရာရာကို
မျိုသိပ်ထားနိုင်သည်။ မည်သည့် ကိစ္စကိုမဆို ဆင်ဆင်ခြင်ခြင် လုပ်လေ့ရှိ သည်။
ကျွန်တော်တို့
လင်မယားနှစ်ယောက်သည် သမီးလေးကိုထမ်းပိုးချီမ၍ ဘ၀ခရီးလမ်းကို ဖြတ်သန်း ရာတွင်
ကွေ့များစွာကွေ့ခဲ့ရသည်။ ထို့အတူ သံလမ်းနှစ်လမ်းသည်လည်း ရထားကြီးကို ထမ်းပိုး၍ သူ၏ခရီး လမ်းကို
ဖြတ်သန်းရာတွင် ပန်းတိုင်မရောက်မီ လမ်းခုလပ်တွင် ကွေ့များစွာ ကွေ့ရပေသည်။
စည်ပင်ဝန်ထမ်းဘ၀မှ
မီးရထားဝန်ထမ်းဘ၀ကို ချိုးကွေ့သည့်အကွေ့ကလေး။ မီးရထား ၀န်ထမ်း ဘ၀မှ အလုပ်ထွက်ပြီး အပြင်လုပ်ငန်းလုပ်ကိုင်သည့်
အကွေ့ကြီး။ နေ့စဉ်လူနေမှုဘ၀ထဲ တွင် ဖြတ်သန်း ရင်းကွေ့နေရသော အကွေ့ပြေပြေကလေးများ။
ရထားတစင်းအတွက်
ကွေ့တခုပေါ်တွင် ဖြတ်သန်းနေရစဉ် အချိန်ကာလသည် အရေးအကြီး ဆုံးဖြစ်သည်။ ရထားလမ်းသည်
အဖြောင့်ကြီးသာ ရှိနေသည်မဟုတ်။ လက်ဝဲဘက်သို့ ကွေ့ မည်။ လက်ယာဘက်သို့ ကွေ့မည်။
ရှေ့တွင်ရှိသော အတားအဆီးများပေါ်မူတည်၍ ကွေ့နေမည် သာဖြစ်သည်။ ထိုအခါတွင် ကွေ့၏
အပြင်သံလမ်းကို အတွင်ဘက်သံလမ်းထက် ပို၍ အနည်းငယ် စောင်းမြှင့်ပေးထားရ ပါသည်။
သံလမ်းအင်ဂျင်နီယာဘာသာရပ်တွင်(super elevation ) ဟုခေါ် သည်။ ထိုအခါမှသာ
ရထား တွဲများ ကွေ့ပေါ်တွင် လမ်းမချော်မည်။ လက်ယာကွေ့၊ လက်ဝဲကွေ့များ ရှိသဖြင့် ကွေ့တိုင်းတွင်
သံလမ်းနှ စ်လမ်းသည်လည်း တလှည့်စီအနည်းငယ်မြင့်နေကြမည် ဖြစ် သည်။
ကျွန်တော်တို့လင်မယားသည်လည်း
ဘ၀ခရီး၏ကွေ့တိုင်း၊ ကွေ့တိုင်းတွင် ထိုဖြစ်စဉ်ကို နမူနာ ယူခဲ့ကြပါသည်။
ကိုယ်ထမ်းပိုး/ချီမလာသည့် တာဝန်ဝတ္တရားတခုကို ပန်းတိုင်သို့ပို့ပေးနိုင်ရန် အတွက် သာ
စေတနာအရင်းခံခဲ့ကြသည်။ လင်နှင့်မယားနှစ်ယောက်တွင် သူကျွမ်းကျင်သည့်ကဏ္ဍရှိသလို၊
ကိုယ် ကျွမ်းကျင်သည့်ကဏ္ဍလည်း ရှိပါသည်။ သူကရှေ့တန်းရောက်နေပြီး ငါကျတော့
နောက်တန်းရောက်နေ သည်ဟူသော စိတ်မျိုးကို နှစ်ဦးစလုံး ပယ်သတ်ရပါသည်။ သို့မှသာ သမီး
လေးကိုပို့ပေးချင်သော ပန်း တိုင်ရောက်အောင် ပို့ပေးနိုင်မည်ဟူသော စိတ်စေတနာကို နှစ်ယောက်
စလုံး မွေးမြူခဲ့ကြပါသည်။ ထစ်ခနဲဆိုလျှင် ရှူးရှူးဒိုင်းဒိုင်းနှင့်
ခွေးဆိုးတကောင်လိုကိုက်တတ်သော ကျွန်တော့်စိတ်ကြမ်း ကိုယ်ကြမ်းကို လည်း
ခ၀ါချခဲ့ရပါသည်။
လောက၌မည်သည့်လမ်းခရီးတွင်မဆို သဘာဝတရား
အတားအဆီး၊ အသဘာဝ အတားအဆီး ရှိနေတတ်ပါသည်။ ထိုအခါမျိုးတွင်
တွန်းတိုက်၍ထိုးဖောက်ထွက်ရန်မလွယ်ကူသည့် အတားအဆီးမျိုးဖြစ်နေ ပါလျှင် ညင်သာစွာ
ကွေ့သွားနိုင်ရန်တော့ လိုအပ်ပါသည်။ ထိုအခါမှသာ လိုရာပန်းတိုင်ကို ရောက်နိုင်
မည်ဖြစ်သည်။
မီးရထားသံလမ်းဖြစ်နေလျှင်
ကွေ့၏အပြင်ဘက်သံလမ်းက အတွင်းဘက်သံလမ်းထက် အနည်းငယ် မြှင့်နေမည်။ နိမ့်နေသော
အတွင်းဘက်သံလမ်းကလည်း ငြူစူစရာမလိုအပ်ပါ။ စိတ် ကောင်းစေတနာကောင်းနှင့်
မီးရထားကြီးကို လိုရာခရီးသို့ ပို့ဆောင်ပေးနေသည်ဟု သဘောထား ကြီးလိုက်ရုံသာ။
နောက်ကွေ့တခုတွင်သူက အမြင့်သို့ ပြန်ရောက်ပေးဦးမည်။
ကျွန်တော်တို့လင်မယားနှစ်ယောက်ကတော့
သမီးလေးကို လိုရာပန်းတိုင်သို့ ရောက်ရန် အတွက် ကွေ့တခုပေါ်တွင် ခင်းကျင်းထားသော
သံလမ်းနှစ်ခုနှယ် ကျင့်သုံးနေထိုင်ခဲ့ကြပါသည်။
မြန်မာ့ငြိမ်းချမ်းရေး
ရထားကြီးကတော့ သဘာဝအတားအဆီး၊ အ သဘာဝအတားအဆီးများနှင့် ရင်ဆိုင်နေရသဖြင့်
လိုရာပန်းတိုင်မရောက်နိုင်သေး။
အတွေးများကို
လှစ်ခနဲအဖြတ်တွင်၊ စာရေးစားပွဲမှမြင်ရသောကွေ့လေးဆီ ဖျတ်ခနဲ အကြည့် ပြန်ေ ရာက်သည်။
လူတိုင်းကို ဒုက္ခပေးနေသော ကွေ့လေးကိုတတ်စွမ်းသမျှအားဖြင့် ပြင် ဆင်ရန်ကြိုးစား
ကြည့်ဦး မည်။
မည်သူမဆို အယုတ်အလတ်အမြတ်မရွေး
ကွေ့လေးမှာ သွားလမ်းသာလို့ လာလမ်းဖြောင့် စေချင်ပါ သည်။
ကျော်ကျော်(မြရည်စမ်း)
၂၂-၉-၂၀၁၆
Comments
Post a Comment