သစ်ခက်သံလွင် ကဗျာစင်မြင့်၊ အောင်ဇေ၊ လင်းမိုးစွေ၊ လူခက်တို့၏ကဗျာများ

တာပေါ်ရေမကျော်စေနဲ့ ငါတို့ကသဲအိတ်တွေ
တာရေစိမ့်ပြ သွေးတိုးစမ်းပစေ ငါတို့ကရေခွေတွေ

www.wsj.com
မြင့်ရာက နိမ့်ရာကို စီးတာပါပဲ
ဒုက္ခသစ္စာ ရေစီးရေလာ ထောင်းလမောင်းထ
ထပ်ချပ်မကွာ မေတ္တာကရုဏာ အရှိန်အဟုန်ကြီးမားစွ
ကမ္ဘာမှာထိပ်ဆုံးက ပရဟိတလူမျိုးတွေနေထိုင်ရာ တိုင်းပြည်မွဲမွဲ
Alarm ပေးလိုက်တဲ့ သဘာဝပတ်ဝန်းကျင် ကျိန်စာထဲ
တရွာလုံးနဲ့တယောက် တနိုင်ငံလုံးနဲ့ လက်တဆုပ်စာ
အတ္တဟိတအသားပေး သွေးဆိုးတွေ ဖောက်ထုတ်ပစ်ပြီး
ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့
ကပ်ကြီးသုံးပါး ရန်သူမျိုးငါးပါး ကြံ့ကြံ့ခံထား
ဒီကဗျာကို စိတ်နှလုံးထည့်ပြီး လှူလိုက်တယ်
ရေးသူနံမည် ၂၀၁၅ ။

အောင်ဇေ
သြဂုတ် ၇၊ ၂၀၁၅

…..

နတ်ပွဲ 

POS

ပုဆစ်တုပ် ယုံကြည်မှုတွေ
အငွေ့တလူလူ
အုန်းသီးဘေး ငှက်ပျောဖီးတွေ ရစ်ခွေလို့
အမှည့် မညီဘူး ။

လက်အုပ်ချီထားတဲ့ ဆုတောင်းသံ
အပြစ်ရှိလည်း လွတ်တော်မူပါ
အချစ်ရှိလည်း မစတော်မူပါ ။

အလို ဆန္ဒတွေ အလို မပြည့်လို့
တနှစ်တခေါက် မရောက်ဖြစ်ရင်
အုတ်တချပ် လပ်နေသလိုလို
တနှစ်ထက်တနှစ်
ခြေရာတွေသာ ထူထူလာတယ် ။

အနယ်နယ်အရပ်ရပ်က ရိုကျိုးမှုတွေ
ရေစင်ကို တိုးယူသောက်ရတယ် ။

ယောက်ျားတွေက
မိန်းမခန္ဓာကိုယ်တွေထဲ ဝင်ပူး
မူးလည်းမူး မြူးလည်းမြူး
ထူးလည်းထူး ။

စကားပင်က စခဲ့တဲ့ဇာတ်လမ်း
တူ ထုသံက
နတ်ဒိုးသံလို ညံနေပြီ ။

ရေတွေက အယူတိမ်းခဲ့လို့လား
အခုဘဝမှာ
တံဆိပ်အမျိုးမျိုး အရက်တွေ ၊
တံဆိပ်အမျိုးမျိုး လူတွေ
နတ်ဓားလို
သံချေးလည်း မတက်ဘူး
အသွားလည်း မထက်ဘူး
ပွဲတော်က
ဓားသွေးကျောက်နဲ့ ယိုးမှားဖွယ်...။ ။

လင်းမိုးစွေ
စက်တင်ဘာလ ၂၀၀၇


အတွေး ၂ 
 
www.pinterest.com
 သဲတရှပ်ရှပ် ကံတရားနဲ့
အစုလိုက်အပြုံလိုက် ဖုန်လုံးနဲ့
ဝုန်းဒိုင်းကြဲ ဒဏ်ရာတွေနဲ့

သေသေချာချာတွေးကြည့်မှ
မသေချာတာတွေ
လုပ်မိတဲ့လုပ်အားနဲ့

ကျကွဲရင် ပြန်ဆက်မရနိုင်တဲ့
မျှော်လင့်ချက်တွေနဲ့

လရောင်နဲ့ ဆေးလိပ်မီးတို့ချင်တယ်
ကောင်းကင်နဲ့အမြင့်ပြိုင်ချင်တယ်

မြေပြင်ထဲ စိုက်ဝင်နေတဲ့ အော်သံနဲ့
ရွှံ့ နံ့မကင်းသော လူတယောက် .........

လူခက်

Comments