သစ်ခက်သံလွင်၊ ဘဝဖြတ်သန်းမှုမှတ်တမ်းများ၊ စိုးလွင်(၂၁၁)(ဝမ်ခ) ရဲ့ ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ-၈၈၊ " ကံတရားက ကိုယ့်ဘက်က "


ကံတရားက ကိုယ့်ဘက်က

ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ-၈၈..
 
၁၉၈၈ -ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြ တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်​​ရေးခရီးလမ်းတလျှောက် ကျနော် ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်များအား အမှတ်ရဂုဏ်ပြုခြင်းအဖြစ်​​သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်မျိုးဆက်သစ်များ သိရှိလေ့လာနိုင်ရန်အတွက်သော်လည်းကောင်း..သစ်ခက်သံလွင်အွန်လိုင်းမှ တဆင်ရေးသားတင်ဆက်လိုက်ပါသည်။ 

 
 စိုးလွင်
(၂၁၁) (၀မ်ခ)

 
ဒီဇိုင်းမိုးမခ  

 ဗိုလ်မှူးဆိုင်ထဲဝင်လာတာနဲ့ ကျနော့်အရှေ့မှာထိုင်နေတဲ့ လူနှစ်ယောက်လဲ ၀ုန်းခနဲ ထရပ်လိုက်တယ်။ ကျနော်လည်း ရင်ထိတ်သွားပြီး ခါးပုံစထဲမှာရှိနေတဲ့ လက်ပစ်ဗုံးဆီလက်ရောက်သွားတယ်။ ကျနော့်ဆီဝင်လာရင် ခွဲမယ်ပေါ့။ ကျနော့်ကို ဖမ်းမလို့လားလို့...


ကျနော်တို့ ၀မ်ခကခွဲထွက်လာတဲ့အဖွဲ့နဲ့ ၁၀၁ ခွဲထွက်အဖွဲ့ပေါင်းပြီး တပ်ရင်း ၂၁၂ အဖြစ် ဖွဲ့လိုက်တယ်။ ကျနော့်ကို တပ်ခွဲမှူးတာဝန်ပေးတယ်။ ဒါပေမဲ့ စစ်ကြောင်းမှာတော့ တပ်စုမှူးတာဝန်ထမ်းရတယ်။
ရန်သူစစ်ကြောင်းတွေ ကိုယ့်ကိုလာတိုက်မှ...ကိုယ့်နယ်မြေထဲဝင်လာမှ တိုက်ပွဲဖြစ်ရတော့ ရန်သူမလာရင် စားလိုက် အိပ်လိုက်နဲ့ ပျင်းစရာကြီး။ ဒါတွေကို ရဲဘော်တွေကလည်း မကျေနပ်ကြဘူး။ ကိုယ်ကလည်း ရန်သူ့ကို သွားတိုက်ချင်ကြတယ်။

ဒါနဲ့ တပ်စိပ်မှူးတွေဖြစ်တဲ့ ကိုမောင်မောင်တိုး(၂၁၄ တပ်ရင်း) ကိုဝင်းကို (၂၁၂)နဲ့ တိုင်ပင်ကြည့်တော့.. သူတို့လည်း ရန်သူကို တိုက်ကွက်ဖော်ဖို့ သဘောတူကြတယ်။ ဒီလိုတိုက်ကွက်ဖော်ဖို့သဘောတူတော့ ကိုယ်တိုက်မဲ့ရန်သူရဲ့ သတင်းစုံစမ်းရတော့တာပေါ့။
ကံအားလျော်စွာပဲ စစ်တောင်းမြစ်အနီးမှာရှိတဲ့ အုတ်ဖြတ်ရွာတံတားမှာစောင့်နေတဲ့ ရန်သူသတင်းကို ရွာသားတွေကတဆင့် သိရတယ်။ ဒီတံတားက နွေရာသီ စစ်တောင်းမြစ်ရေနည်းချိန်မှာ ပြည်သူတွေ ယာယီအသုံးပြုဖို့ ဆောက်ထားတဲ့တံတား။ တံတားလုံခြုံရေးကို စစ်တပ်နဲ့ရဲပေါင်းပြီး ယူထားတဲ့သူတို့က တံတားကို ဖြတ်သန်းတဲ့ ရွာသားတွေနဲ့ ကားတွေကို အခွန်ကောက်ရုံမက စိတ်နဲ့မသင့်ရင် ရိုက်တာနှက် တာပါ လုပ်သတဲ့။
ကဲ တရားခံရှာနေတာတွေ့ပြီပေါ့။ ဒါနဲ့ပဲ ကျနော်တို့ ကျောင်းသားတပ်ဖွဲ့ရဲ့ မဟာမိတ်ဆက်ဆံရေး တာဝန် ခံဖြစ်တဲ့ ကိုဌေးအောင်ကို တိုက်ပွဲပုံဖော်မယ့်အကြောင်း သွားသတင်းပို့တယ်။ သူကလည်း ကျနော်တို့ သဘောပဲဆိုပြီး ခွင့်ပေးတယ်။
ရန်သူ့စခန်းနေရာကို သွားကြည့်ဖို့ လမ်းသိတဲ့ရွာသားတယောက် လိုချင်တယ်. ကူညီနိုင်မလားမေးတော့ သူ့အသိ ရွာသားနံမည်နဲ့ ရွာနံမည်ပြောလို့ မှတ်ထားလိုက်တယ်။
နောက်တခု ကျနော်လိုချင်တာက ခရီးသွားစဉ် ကျနော့်လုံခြုံရေးအတွက် လိုအပ်တဲ့သေနတ်ကိစ္စ၊ လက်ရှိ ကျနော်ကိုင်ဆောင်နေတဲ့သေနတ်က AK 47 ဆိုတော့ ဘယ်လိုမှဝှက်သွားလို့မရလို့ သူကိုင်ဆောင်နေတဲ့ ပစ္စတိုသေနတ်ကိုတောင်းတော့..မပေးနိုင်ဘူးလို့ ပြောတယ်။(အေးလေး...တခုခုလွဲချော်မှုဖြစ်လို့ သူသေနတ်ဆုံးသွားရင် သူအမှုပတ်မှာကိုး)
သေနတ်မရရင်လည်း ဖြစ်သလိုလုပ်မယ်ဆိုပြီး ကိုဌေးအောင် တို့စခန်းကနေ ပြန်လာခဲ့လိုက်တယ်။ အပြန်လမ်းတလျှောက် သေနတ်ကိစ္စအတွက် စဉ်းစားလာလိုက်တာ အဖြေမရဘူး။ စခန်းရောက်လို့ ရဲဘော်တယောက်မှာ ချိပ်ထားတဲ့ လက်ပစ်ဗုံးမြင်မှဘဲ အဖြေရတော့တယ်။
လက်ပစ်ဗုံး ယူသွားရမယ်။ ရဲဘော်တွေဆီမှာရှိတဲ့ လက်ပစ်ဗုံးတွေကို စိတ်ကြိုက်ရွေးလိုက်တော့ အုန်းသီးခြောက်အလုံးလောက် လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လို့ရတဲ့အရွယ် လက်ပစ်ဗုံးတလုံး ရတယ်။ တွေ့ဖူး သမျှထဲမှာတော့ အကြီးဆုံးပဲ။ ဒါနဲ့ နောက်နေ့မနက်မှာတော့ တပ်စုကို မှာစရာရှိတာမှာပြီး လမ်းပြပေးနိုင်တဲ့ ရွာသားရှိရာရွာကို အရပ်ဝတ်နဲ့ တယောက်ထဲ ဆင်းချလာလိုက်တယ်။
ဒီရွာကို အရင်ကထဲက ရောက်ဖူးတယ်ဆိုတော့ အခက်အခဲမရှိရောက်သွားတယ်။ အဆက်အသွယ်လုပ်ရမယ့် ရွာသားကိုအလွယ်တကူပဲတွေ့ရပြီး လမ်းပြပေးဖို့အကူညီတောင်းတော့ မနက်ဖြန်မှာ လိုက်ပို့ပေးမယ်လို့ကတိပေးတယ်။ ကျနော်လည်း တညလုံး မနက်ဖြန်ကိစ္စအတွက် ဘယ်လိုသွားမယ်၊ ဘယ်လိုလုပ်မယ်ဆိုတာ တယောက်ထဲစဉ်းစားပေါ့။
နောက်နေ့မနက် ရွာသားရောက်လာတော့ သူ လမ်းမကျွမ်းကျင်လို့ လမ်းကျွမ်းတဲ့ရွာသားတယောက် ထည့်ပေးမယ်လို့ပြောလာတယ်။ ဒါနဲ့ မထူးဘူးလုပ်ပေါ့။ ဒီလိုနဲ့ နောက်ရွာသားတယောက်ဆီ ရောက်သွားရောဆိုပါတော့.. ကျနော်ကို မိတ်ဆက်ပေးပြီး ခေါ်လာတဲ့ ရွာသားလည်း ပြန်သွားရော.. ကျနော်လည်း လမ်းခရီးအချေအနေကို လမ်းပြကိုမေး..သူကလည်း ဒီလမ်း ခရီးကို အခေါက်ခေါက အခါခါ သွားဖူးခဲ့ကြောင်း စိတ်ချစေလို့ကြောင်းပြောတယ်။ ကျနော်ကလည်း ရန်သူ့ဧရိယာထဲဝင်တဲ့ အခါ ကျနော့်ကိုသိပ်စကားမပြောဖို့ သူကို မှာရတယ်..ဘာကြောင့်ဆို ကျနော့် စကားပြော လေယူလေသိမ်းက သူတို့အရပ်က လေယူလေသိမ်းနဲ့ကွာရင် လူစိမ်းမှန်သိသွားမှာ စိုးလို့။ နောက်ဆုံးအရေးကြီးအချက်ကို လမ်းပြကိုမှာရတယ်..တကယ်လိုများ ကျနော့်ကို ကျောင်းသားမှန်း သိသွားလို့ ၀ိုင်းဖမ်းကြရင် ခင်ဗျားလွတ်အောင် ပြေးပေးတော့၊ ကျနော်ကတော့ ဖမ်းတဲ့သူနဲ့အတူ လက်ပစ်ဗုံးခွဲပြီး သူသေကိုယ်သေလုပ်မယ်ဆိုတဲ့အကြောင်းပြောပြတယ်။ လမ်းပြလည်း မယုံ သလိုကြည့်လာလို့ ခါးပိုက်ထဲမှာထည့်ထားတဲ့ လက်ပစ်ဗုံးကိုပြလိုက်တယ်။ ကိစ္စပြီးလို့ သွားကြမလား ဆိုတော့...သူ ဒီနေ့ လုပ်စရာကစ္စကလေးတွေ မပြီးသေးလို့ မနက်ဖြန် မနက်စောစောမှသွားဖို့ လမ်းပြ က ပြောလာတယ်။ စိတ်ပျက်သွားမိပေမဲ့ ဘာတတ်နိုင်မလဲ၊ ပိုက်ဆံပေးငှားတာမှမဟုတ်တာ ကူညီတာ ပဲလေ။


ဒါနဲ့ပဲ နောက်နေ့မနက် ကျနော်တည်းတဲ့အိမ်ကို လမ်းပြကလာခေါ်၊ တည်းတဲ့အိမ်က ၀ါးခမောက်တလုံး ငှားဆောင်းပြီး လမ်းပြခေါ်တဲ့နောက် လိုက်သွားပေါ့။ တလမ်းလုံးလည်း စိတ်တွေလှုပ်ရှားပြီး လမ်းပြပြော သမျှလည်း နားထဲကို မ၀င်တချက် ၀င်တချက်ပေါ့။ ကိုယ့်အတွေးထဲမှာက ဟိုကိုရောက်လို့ ရှိရင် ရန်သူ့ စခန်းကို ဘယ်လိုလေ့လာမယ်၊ မတော်လို့ ၀ိုင်းဖမ်းကြရင် ဘယ်လို့လုပ်မယ်၊ အဆင်မှ ပြေပါ့မလား အတွေးများစွာနဲ့ပေါ့။
ဒီလိုနဲ့လာရင်း လမ်းပြရဲ့တံတောက်နဲ့တွက်ပြီး အချက်ပြမှုကြောင့် အရှေ့ကိုကြည့်လိုက်တော့ တံတားလုံခြုံရေးယူထားတဲ့ ရန်သူ့စခန်း။ စခန်းအရှေ့မှာ ရဲတယောက်က သေနတ်ကိုင်ပြီး ကင်းစောင့်နေ တယ်.။ ရင်ထဲမှာလဲ ရထား ၁၀ စီးလောက် အပြိုင်မောင်းသလိုဖြစ်နေပြီ။
ဒါပေမဲ့ မျက်နှာမပျက် ခြေလှမ်းမပျက်အောင် သတိထားသွားရင်း စခန်းဘေးက လက်ဖက်ရည်ဆိုင်ထဲ ကိုဝင်ထိုင်ဖို့ လမ်းပြကို တိုးတိုးမှာလိုက်တယ်။ လမ်းပြရဲ့ဦးဆောင်မူ့နဲ့အတူ စခန်းဘက်ကို ကျောပေး ထားတဲ့စားပွဲတလုံးမှာ ၀င်ထိုင်လိုက်တယ်။ ကင်းသမားနဲ့ ကျနော်တို့နှစ်ယောက်က ခြံစည်းရိုးပဲ ခြားတော့ လက်နဲ့လှမ်းပုတ်ရင်တောင် ရနိုင်တယ်။ အတော့်ကို နီးတာ..ဘယ်အချိန်မှာများ ငါ့ နောက့်စေ့ကိုသေနတ်နဲ့ လာထောက်မလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ပေါ့။
လမ်းပြက လက်ဖက်ရည်မှာနေတဲ့အချိန်မှာ ကျနော်ကလည်း စခန်းအချေအနေကို ကြည့်ရင် ကင်းသမား အခြေအနေကို လေ့လာရင်း ချောင်းဆိုးသလိုလို တံတွေတွေးသလိုနဲ့ လှည့်ကြည့်ပေါ့။ ကျနော်တို့စားပွဲမှာပဲ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ လူနှစ်ယောက်ကို ကြည့်လိုက်တော့ သူတို့ အချင်းချင်းပြောနေကြပြီ။ ကျနော်တို့နှစ်ယောက်ကို စိတ်ဝင်စားဟန်မပြဘူး။ ရွာသားလား စစ်သား လားတော့ ဝေခွဲမရဘူး။ ဒီအချိန်မှာပဲ ဆိုင်ရှေ့မလှမ်းမကမ်းကနေ ရန်သူတပ်ကြပ်ကြီး တယောက်ပေါ်လာပြီး "ကျနော်က တံတား ကိုမဖြတ်ပါနဲ့ပြောတာ နားမထောင်ဘဲဖြတ်တော့ အခု တံတားကျိုးပြီး ကားရေထဲကျပြီလေ"ဆိုပြီး ကျနော် တို့စားပွဲကို ကြည့်ပြီးပြောတယ်။
လမ်းပြနဲ့ ရှေ့မှာထိုင်နေတဲ့နှစ်ယောက် ပြန်ပြောမလားလို့ ကြည့်လိုက်တော့ တယောက်မှ ပြန်မပြောဘူး။ ပြန်မပြောရင်ပိုဆိုးမှာကြောက်ပြီး တပ်ကြပ်ကြီးကို ကျနော်ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ်။
(ပြန်ပြောလို့တော့ မဖြစ်ဘူးဈ လေယူလေသိမ်းလွဲရင် လူစိမ်းမှန်းသိသွားမယ်လေ)
ဒီအချိန်မှာပဲ တပ်ရင်မှူးလား ဒုရင်မှူးလားမသိဘူး ဗိုလ်မှူးတယောက် စစ်ဝတ်စစ်စားအပြည့်နဲ့ ဆိုင်ထဲကို ၀င်လာတယ်..သူ့နောက်မှာက ကာဘိုင်လွယ်ထားတဲ့ စစ်သားလေးက လိုက်လာတယ်။ ဗိုလ်မှူးဆိုင်ထဲဝင်လာတာနဲ့ ကျနော့်အရှေ့မှာထိုင်နေတဲ့ လူနှစ်ယောက်လဲ ၀ုန်းခနဲ ထရပ်လိုက်တယ်။ ကျနော်လည်း ရင်ထိတ်သွားပြီး ခါးပုံစထဲမှာရှိနေတဲ့ လက်ပစ်ဗုံးဆီလက်ရောက်သွားတယ်။ ကျနော့်ဆီဝင်လာရင် ခွဲမယ်ပေါ့။ ကျနော့်ကို ဖမ်းမလို့လားလို့ ရှေ့ကနှစ်ယောက်ကို ကြည့်လိုက်တော့ ၀င်လာတဲ့ဗိုလ်မှူးကို အလေးပြုနေတာတွေ့ရတယ်။
အော်..ရှေ့ကနှစ်ယောက်က ရဲဘော်တွေကိုး။
ဗိုလ်မှူးလည်း "မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ၊ အခု စခန်းထဲကို အမြန်ဝင်"လို့ အမိန့်ပေးတော့.. ရဲဘော်နှစ်ယောက်လည်း အံ့သြတဲ့အကြည့်နဲ့ ကျနော့်ကိုတချက်ကြည့်ပြီး စခန်းထဲကို မပြေးရုံတမယ် ၀င်သွားကြတယ်။ ဗိုလ်မှူး ကျနော့်ကို တချက်ကြည့်တဲ့အချိန်မှာ ကျနော်ပြန်ကြည့်တော့ (ကြောက်ကန်ကန် ပြီး ကြည့်တာ) သူ မျက်နှာကို ချက်ချင်းလွှဲသွားတယ်။ ဘာမှ ကျနော့်ကို မမေးဘူး။ ကျနော်ကတော့ ရင်တထိတ်ထိတ်နဲ့ လက်ပစ်ဗုံးကို လက်နဲ့မလွတ်တောဘူး..ဗိုလ်မှူးလည်း သူ့လူတွေကို စခန်းထဲမောင်း သွင်းပြီး သူလည်း ပြန်ဝင်သွားတယ်။ ကျနော် ရိပ်မိလိုက်ပါပြီ၊ သူတို့ကျနော်ကို သူပုန်မှန်း သိနေကြပြီ။ ဒီတော့ ကျနော်လည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး မိုက်ကန်းကန်းနဲ့ (သေမထူး နေမထူး ဇာတ်ခင်းတာ)ပတ်ဝန်း ကျင်ကို ကြည့်လိုက်တော့ ရှိတဲ့လူ သုံး လေးယောက်ကလည်း ကျနော့်ကိုမကြည့်ရဲကြဘူး။ တဆိုင်လုံးလည်း တိတ်ဆိတ်နေတာပဲ။ ဒါနဲ့ ဘေးမှာထိုင်နေတဲ့လမ်းပြကို သွားကြစို့လို့ အချက်ပြလိုက် တယ်။ လမ်းပြနဲ့ ကျနော်လည်း သွက်သွက်လေး ဆိုင်ကထွက်ခဲ့ကြတယ်။ ဒီစခန်းကနေ မျက်ကွယ်နေ ရာရောက်ဖို့ကို ၁၀ မိနစ်လောက်ပဲသွားရမယ့်ခရီးမှာ လမ်းပြက ဘယ်လို စိတ်နဲ့သွားလည်း မသိပေမဲ့ ကျနော်အတွက်ကတော့ ဘယ်အချိန်မှာများ လှမ်းပစ်လိုက်လေမလဲ ရယ်လို့ စိုးတထိတ်ထိတ် သွားရတာ တကမ္ဘာလောက်ကြာတယ်ဆိုရင် လွန်တယ်လို့ မထင်ဘူး။ ဘယ်အချိန်ပစ်မလဲလို့ စိုးရိမ်စိတ်နဲ့ နောက် ဘက်မကြာမကြာလှည့်ကြည့်ရင် ရန်သူစခန်းနဲ့ မျက်ကွယ် နေရာရောက်တာနဲ့ လမ်းပြကို မြန်မြန်လျှောက် ဖို့ပြောရင် မပြေးရုံတမယ်လျှောက်ရင်း ရွာကိုပြန်လာခဲ့ကြတယ်. ရွာရောက်တာနဲ့ လမ်းပြကိုထားခဲ့ပြီး စခန်း ကို ကျနော်တယောက်ထဲပြန်လာခဲ့ လိုက်တယ်။
စခန်းအပြန်လမ်းတလျှောက်မှာ ကျနော့်ရဲ့ဒီနေ့အဖြစ်အပျက်ကို ပြန်သုံးသပ်တော့...လမ်းပြသည် ကျနော်တို့ ဘက်ရော အစိုးရဘက်ကိုရော သတင်းပေးရတဲ့ နှစ်ဖက်ချွန်၊ ညကတည်းက ကျနော့်အကြောင်းကို စစ်တပ်ကို သတင်းပေးပြီးသား။

စစ်တပ်က ကျနော်ကို မဖမ်းတာ အတိအကျမသိပေမဲ့...ကျနော်အထင် သုံးချက်ရှိတယ်။
(၁) ကျနော့်ကိုဖမ်းရင် လက်ပစ်ဗုံးခွဲမည်လို့ ကြေညာထားခြင်း
(၂) မသိသလို လွတ်ပေးလိုက်ပြီး လာတိုက်မှ အပိုင်ချေမှုန်းရန်
(၃) ကျောင်းသားမှန်းသိ၍ လွတ်ပေးလိုက်သလား...
ကျနော့်အတွက်တော့ သင်ခန်းစာကြီးကြီးရလိုက်တယ်.။ ကိုယ့်လူထင်တိုင်းလည်း ယုံလို့မရ။
အပြန်လမ်းတလျှောက် ရွာခံလမ်းပြမသုံးဘဲ ဒီစခန်းကို ဘယ်လိုတိုက်မလဲလို့ စဉ်းစားလာလိုက်တာ စခန်းပြန်ရောက်တော့ ကြေးနန်းတစောင်က ရောက်နေပါပြီ။

မာနယ်ပလော ကာကွယ်ရေးအတွက် စစ်ကူအမြန်သွားရမည်တဲ့...။ အေးလေး..ကောင်းတာပေါ့။ ရန်သူစခန်းကို သွားတိုက်ဖို့ အစီစဉ်ပျက်လို့ စိတ်ပျက်ပေမဲ့..မတိုက်ဖြစ်တော့ ကိုယ့်ဘက်ကလည်း မသေ သူ့ဘက်ကလည်းမသေ။
နက်ဖြန် သူပုန်တို့ရဲ့ဗဟိုဌာနချုပ် မာနယ်ပလောသို့ ချီတက်ရပေအုံးတော့မည်။

နှုတ်ဆက်ပါတယ် တပ်မဟာ(၃)ရယ်။

စိုးလွင်(၀မ်ခ)(၂၁၁)

Comments