Thursday, August 25, 2016

k

သစ်ခက်သံလွင် အက်ဆေး၊ လှရွှေရေးသည့် အမေ့ဘက်က မေတ္တာ၊ ကျနော့်ဘက်က ဝိုင်းဝိုင်းရဲ့ ဖြေသိမ့်လိုက်



အမေ့ဘက်က မေတ္တာ၊ ကျနော့်  ဘက်က ဝိုင်းဝိုင်းရဲ့ ဖြေသိမ့်လိုက်
လှရွှေ

redtri.com
 မန်မာပြည်၏အထင်ကရတက္ကသီလာတွင် ဆယ်စုနှစ်တခုနီးပါးကျင်လည်ခဲ့ဖူးသော ကျနော်သည် အမေရိကား တက္ကသိုလ်တခုတွင် ပညာသင်ရင်း အိမ်သာဆေးသော သန့်ရှင်းရေး အလုပ်သမားဖြစ်နေသည်ကို အမေက သိမည်မဟုတ်။ အမေ့ကိုလည်း တခါမှ မပြောပြခဲ့။



အမေသည် စာမတတ်။ ထို့ကြောင့် ကျနော် ယခုရေးဖွဲ့ခဲ့လေသည့် အက်ဆေးလေးကို ဖတ်မိသူလည်း ဖြစ်၊ ကျနော်မွေးဖွားကြီးပြင်းရာ ဇနပုဒ်တောရွာလေးသို့လည်း လမ်းကြုံလေသူလည်းဖြစ်မည့်သူတဦးဦး က ပြောပြရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုမူ အမေသည် သူ့သားတော်မောင်ကျနော့်ကို ယခုရောက် ရှိနေလေရာ အမေရိကား၌ ဒီသာပါမောက္ခလုပ်နေသည်ဟု အထင်ရှိနေရှာလေသော ကြောင့်သာတည်း။
ထိုအမေကား ကျနော်ငယ်ရွယ်စဉ်က ရွာရိုးလျှောက်ကာ မြို့ငယ်လေးတမြို့၌ အထက်တန်း ပညာကို သွားရောက်သင်ယူလေမည့် သားတော်မောင် စီးရန်အတွက် ဖိနပ်တရံလိုက်လံငှားရမ်းခဲ့ဖူးသူဖြစ်လေ သည်တကား။

 “ကံကြမ္မာဆိုတာ ချိုတလှည့် ခါးတလှည့်”
“ အခုလည်း ဒီလိုပေါ့ အောင်မြင်လိုက် ရှုံးနိမ့်လိုက်”

အဆိုတော်ဝိုင်းဝိုင်း၏ (ဖြေသိမ့်လိုက်) သီချင်းကို University of Kutztown တက္ကသိုလ်ရှိ အိမ်သာ သန့်ရှင်ရေးလုပ်သား ကျနော်သီဆိုနေမိသည်။ ထိုသီချင်းသည် ကျနော့်အတွက် ဆိုညည်းရာအဖော်ဖြစ် လာသည်မှာ ၂၀၁၂ ခုနှစ်ကပင်။
နယ်စပ်တွင်နေခဲ့ရစဉ် တယောဆရာ ဒေါက်တာ ဘသိန်းဝင်းနဲ့ အခန်းချင်းကပ်လျက် နေထိုင်ခဲ့ဖူး သည်။ အသက် ၇၀ အရွယ်ထိုဆရာသည် အမေရိကားမှပြန်ကာ ကရင်ပြည်နယ် ကျေးလက်အချို့နှင့် နယ် စပ်ဒေသတွင် ကျန်းမာရေးဆိုင်ရာများကို ကူညီ ပေးနေသူဖြစ်သည်။ ထိုဆရာသည် ကျနော့်နှင့် မကြာမီကမှ ကွယ်လွန်သွားခဲ့လေသူ ကျနော့်မိတ်ဆွေတဦးတို့ကို သူ့အခန်းသို့ ရံဖန်ရံခါ ဖိတ်ခေါ်ကာ ယမာကားလေး အနည်းအကျဉ်းစီသောက်၍ အဆိုတော် ၀ိုင်းဝိုင်း၏သီချင်းကို တယောလေးဖြင့် ယစ်မူးခံစားခဲ့ကြဖူးသည်။
ထိုအချိန်မှစကာ ကျနော်သည် ၀ိုင်းဝိုင်း၏ အမာခံပရိတ်သတ်တဦးဖြစ်လာခဲ့ရသည်။ 
သြဂုတ်လ (၂၂) ရက်နေ့သည် ကျနော်၏ ၂၀၁၆ ခုနှစ် ဆောင်းဦးရာသီ ကျောင်းစဖွင့်သည့်ရက်။
ကျနော်နဲ့အတူ အိမ်သာသန့်ရှင်းရေး ၀င်လုပ်နေသူတယောက်ကား ဆီးရီးယားလူမျိုး။ ဆီးရီးယား တပ်မတော်တွင် ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းခဲ့ဖူးသူ။ ခုတော့ ကျောင်းတဖက် သူ့မိသားစုဝင် လေးဦး အတွက် အလုပ်နှစ်ခုဖြင့် ရှင်သန်နေရသူ။
သူ့အမည်က ( အာရှရာ)။ အာရှရာသည် ကျနော် မကြာခဏညည်းတွားသီဆိုမိသော ဖြေသိမ့်လိုက်သီချင်း ကို သဘောပေါက်နေသူ။ အာရှရာသည် အာရပ်ကဗျာဆရာ အိုမာခါရမ်၏ ကဗျာများကိုလည်း အာရပ် ဘာသာ စကားဖြင့် ရွတ်ဖတ် ပြတတ်သူ။ ကျနော့်အတွက် မိတ်ဆွေကောင်း။
ကျနော်နဲ့ အာရှရာတို့သည် တက္ကသိုလ်၏ တဖက်ခြမ်းရှိ အိမ်သာသန့်စင် ခန်းပေါင်း ၂၀ ကို ၄ နာရီ အတွင်း သန့်ရှင်းရေလုပ်ကြရမည်။ အမေရိကန် တက္ကသိုလ် ကျောင်းသားတို့၏ဘ၀။ အတန်းပြီးသည်နဲ့ ၁၅ မိနစ် နားကာ ညနေ ၄ နာရီမှ ၈း၁၅ နာရီအထိလုပ်ကြရမည်။ ထိုအလုပ်သည် အလွယ်တကူရရှိသည်တော့ မဟုတ်။ ပါမောက္ခနှစ်ဦး၏ထောက်ခံချက် ကောင်းကောင်းဖြင့် ရရှိလိုက်ခြင်းပင်ဖြစ်သည်။ တနာရီ (၉) ဒေါ် လာ။ ကျနော်တို့နှစ်ဦးသည် တက္ကသိုလ်၏အိမ်သာသန့်ရှင်ရေးအလုပ်ကို တပတ်လျှင် နာရီ (၂၀) လုပ်ခွင့် ရမည်။ တပတ်လျှင် ဒေါ်လာ (၂၀၀) နီးပါးရကြမည်။ ကောင်းလိုက်သည့်နိုင်ငံ။ အတိတ်တို့သည် အနာဂတ် ၏ ရှေးပြေးနိမိတ်ပုံ များပင်ဖြစ်သည်။ စုတ်ချက်ကြမ်းလှသောအတိတ်တို့သည် ကျနော်၏နှလုံးအိမ်တွင် တည်နေဆဲ။

“သားရေ ဆိုက်ကားနင်းတဲ့ အလုပ်ကိုတော့ မလုပ်ပါနဲ့၊ ကျောင်းဆရာဘဲ ၀င်လုပ်ပါ” ဟု ကျန်းမာရေး ချို့တဲ့ ကာ အိမ်ပြန်လာသည့်သားတော်မောင်ကို ချော့မော့ ပြောဆိုသည့် အမေအို၏ စကား။ ကျနော်ငယ်စဉ်က ရွာစဉ် ရွာရိုးလျှောက်ကာ ဖိနပ်ငှားခဲ့ဖူးသော အမေသည် ဆိုက်ကားနင်း သည်ကို ဂုဏ်ငယ်သည်ဟုထင် ကာ ဆိုက်ကားမနင်းဖို့ တိုးတိုးလေး ပြောသံပင်။ စစ်တွေ ရွှေမြို့တော်တွင် ကျနော် ဆိုက်ကားနင်းနေသည် ဟူသော သတင်းသည် ကျနော့်တို့ဒေသအတွက် ထူးဆန်းသောသတင်း။ စိတ်ဝင်စားစရာ ကောင်းသောသတင်း။ အိမ်ခြေ ၂၀၀ နီးပါးရှိရွာတွင် ဆယ်တန်းအောင် ဟု ပြစရာ လူ၊ ပြစရာရွာသားတဦးအဖြစ်ရှိသော ကျနော် ယခုလိုဆိုက်ကား နင်းနေသည်ဟူသောသတင်းသည် အမေ့ အတွက် ဂုဏ်ငယ်စရာသတင်းတခု ဖြစ်နေသည်။

မိဘဆိုသည်မှာ ဆင်စီးပြီး မြင်းရံနေသည့်သားသမီးကို တွေ့မြင်လိုသည်မှာ ဓမ္မတာ။ ကျနော့်အမေသည်လည်း ထိုအမေများထဲမှ အမေတဦးပင်။ ဆယ်တန်းအောင် သားတော်မောင်ကို မူလတန်း ဆရာဝင်လုပ်၊ ရွာမှ ကွမ်းတောင်ကိုင် ပန်းတော်ကိုင် အမျိုးသမီးတဦးနဲ့ပေးစားကာ သာယာ လှသောဘ၀တခုကို ထူထောင်စေချင်နေသည့် အမေ့စေတနာ။

ကျနော်၏ဆန္ဒကား အမေနဲ့ပြောင်းပြန်။ ရေဆန်လေဆန်ခရီးကို နှင်နေချင်သူ။ အတွေးလေထဲ တိုက်အိမ်ဆောက်ချင်နေသူ။
ကျနော်သည် ဆယ်တန်းအောင်စာရင်းမထွက်မီကပင် ကောလိပ်ရူး ရူးနေသူ။ အောင်စာရင်းထွက်ပြီးသည် နဲ့ ကောလိပ်တက်ဖို့ ကြိုတင် ပြင်ဆင်ရန် စစ်တွေ မြို့တော်သို့ သွားခဲ့သည်။ ၁၉၉၁-၉၂ ၀န်းကျင် စစ်တွေ တွင် စက်ရုံအလုပ်ဆိုသည်မှာ ပြစရာမရှိ။ ထို့ကြောင့် ကျနော်သည် ပရံဆရာလုပ်ကာ ငွေစုခဲ့သည်။ အုတ် သယ်၊ ကျောက်သယ် မဆလာနယ်ဘ၀ဖြင့် စစ်တွေမြို့၏ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆောက် လုပ်ရေးတွင် အလုပ်ရခဲ့သည်။

ထိုအလုပ်မှရရှိသည့်စုဆောင်းငွေလေးဖြင့် ဆိုက်ကားတစီးဝယ်ကာ ကောလိပ်တက်ရန် ပြင်ဆင်နေခဲ့ သည်။ ကောလိပ်ပညာရေးသည် ကျနော်၏အနာဂတ်၊ ကျနော်၏ဘ၀ဆိုသည့်အတွေးဖြင့် ရေဆန်လေဆန် ခရီးကို နှင်နေသူ။ ထိုဆိုက်ကားနင်းသည့်အလုပ်သည်ကား အသက် ၁၉ အရွယ် လူငယ်လေးအဖို့ ပင်ပန်း လှပါတကား။ အရက်မူးသမားများ၏ အနိုင်ကျင့်မှုကိုလည်း မကြာခဏခံရတတ်သလို တခါတရံ ပေါင်ချိန် (၃၀၀) မျှလေးသော ခရီးသည်များကို ရရှိပါက ထိုခရီးသည် ကျနော့်အတွက်တော့ နဖူးကချွေးခြေမထိ ကျသော ပြဿဒါး ရက်ပင်။ ဆိုက်ကားနင်းရမှ ရခဲ့သော ဒဏ်ကြောင့် ငယ်ပါနှစ်လုံး ဖူးဖူးရောင်ခဲ့ရလေသည်။ ထိုရောဂါ ဖြင့်ပင် အမေ့အိမ်ကို ပြန်ကာ မေတ္တာရိပ်ကို ခိုခဲ့ရပြန်သည်။

မိဘရိပ်သည် အေးမြ၏။ သန့်ရှင်း၏။ ဖြူစင်၏။ စာမတတ်သော အမေ၏ရည်မှန်းချက်မှာလည်း ရိုးစင်း၏။ အတွေးလေထဲ တိုက်အိမ်ဆောက်နေမည့်အစား ကျောင်းဆရာလုပ်၊ လယ်ထွန်၊ ချောင်းငယ် အသွယ်သွယ် တို့တွင် သားငါးရှာစားရင်း ဘ၀ကို အေးအေးလူလူနေထိုင်စေချင်သူ ကား အမေအို။

ယခုအခါတွင်လည်း ၀ိဇ္ဇာဂုဏ်ထူးဘွဲ့(သမိုင်း)။ မဟာ ၀ိဇ္ဇာ(သမိုင်း)ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သော၊ မြန်မာပြည် ၏ အထင်ကရတက္ကသီလာတွင် ဆယ်စုနှစ်တခုနီးပါးကျင်လည်ခဲ့ဖူးသောကျနော်သည် အမေရိကား တက္ကသိုလ်တခုတွင် ပညာသင်ရင်း အိမ်သာဆေးသောသန့်ရှင်းရေး အလုပ်သမားဖြစ်နေသည်ကို အမေက သိမည်မဟုတ်။ အမေ့ကိုလည်း တခါမှမပြောပြခဲ့။ ကုမ္ပဏီကြီးတခုတွင် အလုပ်လုပ်နေသည်ဟုသာ   ပြောပြခဲ့ဖူးပါသည်။

ဟုတ်လည်း ဟုတ်သည်။ ကျနော်သည် အမေဇုန်ကုမ္ပဏီကြီးတွင် (၂) နှစ်တာမျှ အလုပ်လုပ်ခဲ့ဖူးသည်။ ယခုကျနော်ရေးသည့် အမေ့စေတနာ ဒီအက်ဆေးလေးကို ရွာမှတဦးဦးဖတ်မိသောအချိန်ဝယ် အိမ် သာဆေးသောသန့်ရှင်းရေးသမားတဦးဖြစ်နေရသူကျနော့်၏သတင်းသည် အ၀ပြင်ရွာ၏ရွာရိုး တလျှောက် လူပြောများသော သတင်းတပုဒ် ဖြစ်နေပေလိမ့်မည်။ အမေအို၏ အိမ်ရိပ်သာသို့လည်း ထိုသတင်းလေး တိုးတိုးလေးရိုက်ခတ်လေသောအချိန်ဝယ် ကျနော်သာ အမေ့အနားတွင်ရှိခဲ့ပါမူ “ အိမ်သာဆေးတဲ့ အလုပ်ကိုမလုပ်ပါနဲ့တော့ သားရယ်” ဟု ပြောနေပေ လိမ့်မည်။

ထိုအမေသည် ဆင်စီးပြီး မြင်းရံနေသောသားကိုမြင်လိုသူ။
သို့ရာတွင် ကျနော်၏အတွေး၌ လေထဲတိုက်အိမ်ဆောက်နေသည်မှာကား အဆိုတော် ၀ိုင်းဝိုင်း သီချင်းစာသားထဲမှ
““ကံကြမ္မာဆိုတာ ချိုတလှည့် ခါးတလှည့်”
“ အခုလည်း ဒီလိုပေါ့အောင်မြင်လိုက် ရှုံးနိမ့်လိုက်”
ကျနော်ကား ရေဆန် လေဆန်ခရီးကို နှင်နေဆဲ။ အတွေးလေထဲ တိုက်အိမ် ဆောက်နေဆဲ။

လှရွှေ