သစ်ခက်သံလွင်၊ ဘဝဖြတ်သန်းမှုမှတ်တမ်းများ၊ စိုးလွင်(၂၁၁)(ဝမ်ခ) ရဲ့ ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ-၈၈၊ (တစ်ကီလိုပစ်ပါ)

တစ်ကီလိုပစ်ပါ
 

ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ-၈၈..
 
၁၉၈၈ -ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်​​ရေးခရီးလမ်းတလျှောက် ကျနော် ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်များအား အမှတ်ရဂုဏ်ပြုခြင်းအဖြစ်​​သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်မျိုးဆက်သစ်များ သိရှိလေ့လာနိုင်ရန်အတွက်သော်လည်းကောင်း..သစ်ခက်သံလွင်အွန်လိုင်းမှ တဆင်ရေးသားတင်ဆက်လိုက်ပါသည်။ 

 
 စိုးလွင်
(၂၁၁) (၀မ်ခ)

 
ဒီဇိုင်းမိုးမခ

ကျည်ထွက်ပေါက်ကို အောက်ကိုရောက်အောင် သေနတ်ကိုစောင်းလိုက်ပြီးပစ်တော့တာ။ တယောက်က ကျည်ထွက် ပေါက်မှာ ကျွတ်ကျွတ်အိတ်ကိုင်ပြီး ခံရတာပေါ့။ အများအားဖြင့် ဒီအလုပ်ကို ခင်မောင်အေးက လုပ်တယ်။ နောက်ပိုင်း သူ ဘယ်လောက်မှန်းဆတတ်လာလည်းဆို ..သူက တကီလိုရပြီ အပစ်ရပ်တော့ လို့ပြောရင်..ရပ်လိုက်ပြီ ရလာတဲ့ကျည်ဆံခွံတွေကို ချိန်ကြည့်။ လွဲလှရင်...

တစ်ကီလိုပစ်ပါ
ဝမ်ခတပ်ရင်း(၂၁၁)ရဲ့ တာဝန်ပေးချက်အရ ကျနော်လည်း ဆေးမှူးဘ၀ကနေ တပ်စိတ်မှူး ဘ၀ကို ပြောင်း လဲပါပြီ။ ကျနော့်ရဲ့တပ်စိတ်က ကျောင်းသားတပ်ဖွဲတွေရဲ့အစွန်းဆုံး….ထိပ်တိုက်နဲ့ ကိုက် ၁၀၀ လောက် ပဲ ဝေးပါတယ်။ ဒါကြောင့် တိုက်ပွဲဖြစ်တဲ့အချိန်မျိုးမှာ ထိပ်တိုက်ရဲ့ညာတောင်ပန် သောင်ရင်းမြစ်ဘေးက တက်လာမယ့်ရန်သူကို ကျနော်တို့ တပ်စိတ်က ကောင်းကောင်း ပစ်ကူ ပေးနိုင်ပါတယ်။ 

တိုက်ပွဲဖြစ်တိုင်းလည်း K.N.U က ဆရာဝေါလ်က ကျနော်တို့တပ်စိတ်ကို ကျည် ၁၀၀(သို့)၂၀၀ ပစ်ပေးဖို့ အကူအညီတောင်းတတ်ပါတယ်။ ကျနော်တို့ ပစ်ကူပေးခဲ့ရင်လည်း ကျည်ချွေတာတဲ့အနေနဲ့ကျနော်တို့ ကိုင်ဆောင်တဲ့ M.16 တို့ AK.47 တို့နဲ့ မပစ်ပါဘူး။ ရန်သူ့ဆီကရထားတဲ့ တလက်တည်းသော G.4နဲ့ပဲ ပစ်ပါတယ်။ ကျည်ကလည်းပေါ ..ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့သဘောလည်း ပါတာပေါ့လေ။
ဒီမှာ ပြဿ      နာတခုရှိလာတာက တပ်စိတ်မှာရှိတဲ့အငယ်ဆုံးရဲဘော် ၃ ယောက်ဖြစ်တဲ့ ခင်မောင်အေး၊ ၀င်းထွန်းလင်း၊ အောင်မိုးတို့က တိုက်ပွဲဖြစ်တိုင်း သူပစ်မယ် ငါပစ်မယ်ဆိုပြီး ဖြစ်ကြတာပဲ။ နောက်ဆုံးတော့ အငယ်ဆုံး အဆိုးဆုံး ၀င်းထွန်းလင်းပဲ ပစ်ရတာများပါတယ်။ ဒုတိယဦးစားပေးရတာက အောင်မိုးပေါ့။
ခင်မောင်အေးကလည်း အကြည်ကြီး ဘယ်ဟုတ်ပါ့မလဲ။ ဒါနဲ့ ဒီပြဿ     နာအေးဖို့ စဉ်းစားလိုက်တာ့ သေ နတ်များများရှိရင် ဒီပြဿ       နာအေးမှာပဲဆိုတာ သိလိုက်ရတယ်။ ကဲ ..ဒါဆို ဘယ်လိုလုပ်မလဲ…။ 
လွယ်လွယ်လေးပါခင်ဗျား။ 
သူတို့ ၃ ယောက်နဲ့ နီမင်းနဲ့(အလယ်ပိုင်းဒေသကျဆုံး)ပေါင်း၊ တိုက်ပွဲပြီးတိုင်း ထိပ်တိုက်တက်ပြီး သေ နတ်တွေ သွားကောက်ကြတော့တာပေါ့။
(တခါတလေး လက်ပစ်ဗုံးတို့ ခွင်းဗုံးတို့ပါ ပါလာသေး)
ရလာတဲ့သေနတ်တွေကလည်း တလက်မှအကောင်းမပါဘူး။ သေနတ်ကိုယ်ထည်မှာ တချက်လောက်တော့ အနည်း ဆုံးထိထားတာတွေ့ရတယ်။ ဒီတော့ မကောင်းတဲ့ အစိတ်အပိုင်းတွေ ဖြုတ်၊ ကောင်းတဲ့အစိတ် အပိုင်းတွေ ပြန်တပ်နဲ့ လုပ်လိုက်တာ..သေနတ် ၃ လက်လောက်မှာ အကောင်းတလက်လောက်တော့ ထွက်လာတာပဲ။
ပထမတော့ အသုံးမလိုတဲ့သေနတ်တွေကို K.N.U ရဲ့ တပ်ထောက်မှာ သွားအပ်တာပဲ။ အဲဒီလို သွားအပ် တိုင်းလည်း ရဲဘော်တွေ စိတ်တိုပြီး ပြန်လာတတ်ကြတယ်။ ဘာဖြစ်လိုလဲဆိုတော့ သွားအပ်တဲ့ ရဲဘော်တွေ ကလည်း ကရင်လို မလည်ဝယ်၊ လက်ခံတဲ့ ကရင်တွေကလည်း ဗမာလို့မလည် ၀ယ်နဲ့ သေနတ်တလက် အပ်ဖို့ အချိန်အကြာကြီး စောင့်ရရော။
ဒါနဲ့ သွားမအပ်တော့ဘဲ ကျနော်တို့ရဲဘန်ကာအရှေ့မှာရှိတဲ့ သောင်ရင်းမြစ်ထဲကို ပစ်ချတော့တာပဲ (အသုံးလိုသူများ သွားငုပ်ယူကြပါ။ အနည်းဆုံး အလက် ၃၀…..၄၀ လောက် ရှိနေနိင်ပါတယ်- ဤကား စကားချပ်။)
ပထမတော့ G.3…G.4 မရွေး ..ကျနော်တို့ အကုန်လုံးယူပါတယ်။ ဒါပေမဲ့ တိုက်ပွဲတပွဲဖြစ်လိုက်တာ့ ပြဿနာ ရှိလာပါတယ်။ အကြောင်းက G.3 ပစ်ရတဲ့ ၀င်းထွန်းလင်းက ပြောလာတာပါ။ ဒေါက်ပါတဲ့ G.4 ပစ်ရ တဲ့ အောင်မိုးက လက်ညောင်းသက်သာပြီး…ဒေါက်မပါတဲ့ G.3 ပစ်ရတဲ့သူ့မှာ လက်တော်ညောင်းရပါသတဲ့။ (စိတ်ထဲကတော့ ပြောလိုက်ပါတယ်..အိမ်နီးရင် အိပ်ပစ်လို့ရအောင် ခေါင်းအုံးနဲ့ မွှေ့ယာ ယူပေးပါတယ်လို့)
ဒါနဲ့ပဲ နောက်တခါ သေနတ်တွေကောက်လာတော့ G.4တွေပဲယူပြီ G.3 ဆို ကောင်းကောင်းပျက် ပျက် သောင်ရင်းမြစ်ထဲ လွှင့်ပစ်တော့တာပါ။ ဒီလိုနဲ့ပဲ သေနတ်တွေစုဆောင်းလိုက်တာ နောက်ဆုံးမှာ ကျနော်ရဲ့သေနတ်ပစ်ပေါက် ၉ ပေါက်ရှိတဲ့ ဘန်ကာ ခုနှစ်လုံးမှာ G.4 ဆယ့်တစ်(၁၁) လက်ရှိ လာတော့ တာပဲ။ ပစ်ပေါက်တိုင်းမှာ သေနတ်တလက်ဆီထားပြီး..အဓိက ပစ်ပေါက် နှစ်ပေါက်မှာတာ့ အပိုနှစ်လက် ကို ထားပါတယ်။ ကဲ..ဒါနဲ့ပဲ တိုက်ပွဲဖြစ်တိုင်း ဒီသေနတ်တွေနဲ့ပဲ ပစ်တာပေါ့ဗျာ။ ပစ်ပြီးရင် ကျည်ဆံ ခွံတွေ ကောက်သိမ်းထား။ နှစ်ရက်..သုံးရက်လောက်နေရင် ထိုင်းလူမျိုးဈေး သည်တွေက ကားလေးမောင်း. .လော်စပီကာလေးနဲ့သီချင်းတွေဖွင့်ပြီး သူတို့ဘက်ကမ်းမှာ ဈေးလာရာင်းတဲ့အခါကျ ကိုယ်တွေက ကျည်ဆံ ခွံတွေသယ်သွားပြီး သူတို့ရောင်းတဲ့ ကြက်ရိုး၊ ငါးကြီိး၊ ဆေးလိပ်..လက်ဖက်ခြောက်တွေနဲ့လဲကြလှယ်ကြ ဖလှယ်ကြရတော့တာ။
ဟိုလွန်ခဲ့တဲ့ငွေကြေးစနစ်မပေါ်မီခေတ်က လူတွေသုံးခဲ့တဲ့ ကုန်ပစ္စည်းလဲလှယ်ကြပုံ သဘောမျိုး။ တခါတလေတော့လည်း ကျနော်တို့နဲ့အတူနေတဲ့ K.N.U က အဘဗိုလ်မန်းပို ချဲထိုးဖိုးအတွက် ငွေသားပေး ဖို့ တောင်းဆိုရတဲ့အခါတွေလည်း ရှိတာပေါ့။
          ဒီမှာလည်း တခုပြောစရာရှိတာက ဆရာဝေါလ် ပစ်ကူတောင်းတိုင်း.. ပစ်ခိုင်းတဲ့အရည်အတွက် ထက် ကျနော်တို့က ပိုပစ်တာပဲ။ တစ်ရာပစ်ခိုင်းရင် နှစ်ရာလောက်တော့ ပစ်လိုက်တာပဲ။ ဒါတောင် ကျည်ဆံ ခွံတွေ ပြန်ကောက်တဲ့အခါ ၁၅၀ လောက်ပဲ ပြန်ရတော့တယ်။ ၅၀ လောက်က သစ်တုံးကြားတွေထဲ ၀င်သွားတော့တာကိုး။ ဒီတော့ ဈေးကွက်စီးပွားရေးနဲ့တွက်ရင် မကိုက်တော့ဘူးဖြစ်လာတဲ့အတွက် ပစ်တဲ့ကျည်ဆံအားလုံးပြန်ရအောင် ကြံကြရတော့တယ်။ နောင်ပစ်တဲ့ အခါတိုင်း သေနတ်ကို သူ့ပုံမှန် အတိုင်းမပစ်တော့ဘူး။ ကျည်ထွက်ပေါက်ကို အောက်ကိုရောက်အောင် သေနတ်ကိုစောင်းလိုက်ပြီးပစ်တော့တာ။ တယောက်က ကျည်ထွက် ပေါက်မှာ ကျွတ်ကျွတ်အိတ်ကိုင်ပြီး ခံရတာပေါ့။ အများအားဖြင့် ဒီအလုပ်ကို ခင်မောင်အေးက လုပ်တယ်။ နောက်ပိုင်း သူ ဘယ်လောက်မှန်းဆတတ်လာလည်းဆို ..သူက တကီလိုရပြီ အပစ်ရပ်တော့ လို့ပြောရင်..ရပ်လိုက်ပြီ ရလာတဲ့ကျည်ဆံခွံတွေကို ချိန်ကြည့်။ လွဲလှရင် တတောင့် နှစ်တောင့်ပဲ။ အဲဒီလောက်ကို တော်လာတာ…။ ကျနော်တို့မှာလည်း ကျည်ဆံက သောင်းချီရှိတော့ ဆရာဝေါလ် ဘယ်လောက်ပစ်ခိုင်းပစ်ခိုင်း ကျနော်တို့ဂရုမစိုက်တော့ဘူး..။ ကိုယ့်ရည်မှန်းချက် ပြည့်မီအောင်သာ ပစ်တော့တယ်။
ဥပမာ…ဒီည တိုက်ပွဲဖြစ်မယ်ဆို ဆေးလိပ်ဖိုး..လက်ဖက်ခြောက်ဖိုး..ကြက်ရိုးဖိုး.. စသည်ဖြင့် တွက်ပြီး… ကျည်ဆံခွံ ဘယ်နှစ်ကီလိုလောက်ရဖို့အတွက် ကျည်ဆံဘယ်လောက်ပစ်ရမယ်ဆိုတာ ကျနော်တို့တွက် ထားပြီးပြီးသား။ တိုက်ပွဲဖြစ်မယ်ဆို ကျနော်တို့ ပျော်နေကြပြီ။ တိုက်ပွဲဖြစ်မှ ဟင်းကောင်းစားရမယ်လေ။ ဒါကြောင့် K.N.U တွေရဲ့ယုံကြည်မူတခုဖြစ်တဲ့ သေနတ်ပြောင်းကို လေနဲ့မှုတ်ရင် တိုက်ပွဲဖြစ်တတ်တယ် ဆိုတာကို ယုံကြည်စွာနဲ့ ကျနော်တို့တတွေလည်း သေနတ်တိုက်တိုင်း ပြောင်းတွေကို လေနဲ့မှုတ်တော့ တာပဲ။
နောက်ဆုံးဆရာဝေါလ်လည်း ကျနော်တို့ကိုလက်မြှောက်ပြီး တိုက်ပွဲဖြစ်တိုင်း ကျည်တစ်ရာ၊ နှစ်ရာ ပစ်ပေးပါ မပြောတော့ဘူး။ တစ်ကီလိုပစ်ပေးပါ။ နှစ်ကီလိုပစ်ပေးပါ ပြောတော့တာ။

စိုးလွင်(၀မ်ခ)(၂၁၁)

 

Comments