သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ကောင်းကင်ကို၊ တွိုက်၊ ငြိမ်းသွေးတို့၏ကဗျာများ

စီးကရက်ချစ်သူ
www.powersofobservation.com
တရားသဘောအရ
သံယောဇဉ်ဆိုတာ
လွတ်လပ်ခြင်းကို အစိမ်းလိုက်စားမယ့်
သားရဲတိရစ္ဆာန်ပဲ။

ဒါပေမဲ့လည်း
ဆေးလိပ်အန္တရာယ်ကို သိလျက်နဲ့ ရှိုက်သူလို
အရက်အန္တရာယ်ကို သိလျက်နဲ့ ကြိုက်သူလို
ဓားပြအန္တရာယ်ကို သိလျက်နဲ့
အိမ်ထောင်ရေး ရထားပေါ်
အတ္တစိတ်ဆိုတဲ့ လက်ဝတ်လက်စားကို
ငါယူလာမိတယ်။

ချစ်သူတို့ ကမ္ဘာမှာ
မလွတ်လပ်မှုဟာ
အထွတ်အမြတ် တခုပါကွယ့်။

ကြည့်စမ်း...
ငါ့နောက်ကျောမှာ
နှုတ်ခမ်းနီဆိုးနေတဲ့ ဓားတလက်။


ကောင်းကင်ကို (၁၁ ဇူလိုင်၊ ၂၀၁၆)
….

 နေခြည်မထွေး၍ မလန်းရသော ပန်းကလေးများ
www.pinterest.com
လျှောက်ချင်ရာလျှောက်လို့
ရောက်ချင်ရာရောက်ရတယ်
ဒီနေ့တိမ်မငိုဘူး
သစ်ရွက်ကြွေသံမကြားရပါပဲ
ကလေးတွေငိုတယ်
တိမ်တအုပ်ပျံသန်းသွားတာကြည့်ရင်း
ငါ့မှာသာသက်ပြင်းချခဲ့ရ
ဆည်းဆာကလှနေပါရဲ့နဲ့
ညကအမှောင်ဇာတ်သွင်း
ဒီညနေခင်းထဲ ငါလည်း
တိမ်ညိုတွေနဲ့ အပြိုင်သည်းခဲ့
ခွင့်လွှတ်ကြပါကွယ်
ငါ့လက်နှစ်ဖက်လည်းမအားဘူး
ပခုံးနဲ့ပဲထမ်းတင်ပါရစေ
မိုးရေထဲက ဘဝတွေအေးချမ်းပါစေလို့
ပြောမထွက်ဘူး
စားပါ ကလေး
ငါလည်း ဒီတနပ်စာပဲ ရှိတယ်
မနက်က စားခဲ့ပြီးပါပြီ
မင်းအိမ်အတွက် ပါဆယ်ထုတ်မပေးနိုင်လို့
ငါ့ကို ခွင့်မလွှတ်ပါနဲ့
ငါလည်း အဲ့သည့် ဘီယာဆိုင်ကကောင်တွေကို မုန်းတယ်
ဒုက္ခလို့ အော်ဟစ်နေသမျှ
အကျဉ်းအကြပ်ကို ကျော်ဖို့ခက်မယ်
အဲသည့်တော့  ကလေးယုံကြည်လိုက်စမ်း
မင်းက တနေ့ဘီလျှံနာဖြစ်မယ့်ကောင်
ဒီလက်ဖက်ရည်ဆိုင်မှာ
လူတွေအကြောင်း အရင်လေ့လာဦး
ကန့်လန့်ကာ မချခင်ထိ
မင်းဖြစ်ချင်တာ ဖြစ်ခွင့်ရှိတယ်
အိပ်မက်တွေကို လမ်းမပေါ်ချမရောင်းပါနဲ့
အနာဂတ်အလင်းအမှောင်ဆိုတာ
မင်းမှာရှိတဲ့ ဗို့စ်အားပေါ်ပဲမူတည်တယ်
နံနက်ခင်းတိုင်းမှာ
လင်းကြက်တွန်သံကြားရတာ
ဓမ္မတာ ဆိုပေမယ့်
နာရီနှိုးစက် အလန်းသံတွေကြား
မြို့ပြအိပ်မောကျနေတာ ကြာပြီ
လက်လှမ်းလာတဲ့သူတိုင်းမှာ
ကိန်းဂဏန်းတွက်ချက်မှုတွေပဲ ရှိတော့တယ်
သတိထားပါ ကလေး
ကမ္ဘာကြီးရဲ့ နှစ်ဆယ့်သုံး နှစ်ပိုင်း တပိုင်းဒီဂရီ တိမ်းစောင်းမှုမှာ
လူသားတွေရဲ့
အတောမသတ်နိုင်တဲ့လောဘ
ပွက်ပွက်ထ လျှံကျနေလေရဲ့
ဘဝဆိုတာ ပြိုင်ပွဲမဟုတ်ဘူး
တသမတ်တည်းသွားနေတဲ့ ခရီး
အကောင်းဆုံးတွေးခေါ်ခြင်းတွေနဲ့ဆုံးစေ
သောတာပန်မဖြစ်ခင်ထိ
ပုထုဇဉ်ဆန်ဆန် နေထိုင်ခွင့်ရှိတယ်
မမေ့ပါနဲ့ကလေး
ကိုယ့်အမျိုး ကိုယ့်သာသနာ
နှလုံးသားမှာအမြဲတည်
မနက်ဖြန်မရောက်ခင်ထိ
ဒီနေ့မှာ မင်းကိုယ်မင်း
ယုံကြည်နေဖို့ပဲလိုတယ်
ညှို့ ချက်တွေအောက် အပျောက်မခံနဲ့
ဘဝကအကြွေစေ့လိုပဲ
မြင်ရတိုင်း ခေါင်း မကျဘူး
ရေလိုက်ငါးလိုက်ကြီးပြင်းမှုမှာ
မှော်ဆန်ဆန် ပဉ္စလက်ပြခဲ့
နောက်ကျောမှာ ဓားကိုယ်စီဝှက်ရင်း
မင်းဘဝကို လူတွေ လက်ခုပ်ဝိုင်းတီးမယ်
ဒီမယ် ကလေး
သဘာဝတရားကို မြတ်နိုး
နှင်းပွင့်တုန်း နေရောင်ခြည်ခံ
ဆူညံလွန်းတဲ့ အသံတွေကြား
မင်း နားနှစ်ဖက် အေးချမ်းနေပါစေ
အတ္တကို သားပိုက်
ကောင်လိုလွယ်ထားတဲ့ လူ
တွေကြား
မင်းတို့လေးတွေ
နေခြည်နွေးနွေးအထွေးခံခဲ့ရရင်..........

                                             
တွိုက်
ရေရိုင်းမြေရိုင်းအလွန်
ငြိမ်းချမ်းရေးနှင့်ကဗျာအင်အားစုမှပေးပို့ပါသည်

မီးတောက်နေတဲ့လမင်း 

idoartkarenrobinson.com

ညက ငါ့ကိုကြောက်တက်သလားတဲ့
ဘီလူးဆိုင်းတီးပြီး လာခြောက်ပြနေတယ်
သဲသဲမဲမဲရွာသွန်းနေတဲ့မိုးက
အညစ်အကြေးတွေ ဆေးကြောပစ်ဖို့လား
စပါးခင်းတွေ ရေထပ်နစ်ဖို့လား
အသူရာနဲ့သိကြားမင်းပဲ စစ်ခင်းနေတာလား
မပစ်ပဲထစ်နေတဲ့မိုးကြိုးက အိမ်ခေါင်မိုးပေါ်မှာ
တစုံတယောက်က သံပုံးလာခေါက်နေသလို
ပြည်သူကို အိပ်ရေးပျက် ထိတ်လန့်စေပြန်တယ်
အခုဆို…မေမေလည်း လန့်နိုးနေရောပေါ့
မိုးတွေလည်း တိတ်ပါစေ
မိုးချုန်းသံလည်း ဆိတ်ပါစေ
လျှပ်တွေလက် မိုးတွေပက်နေတဲ့ကြားမှာ
ကျနော်တို့အတွက်……
မေမေစိုးရိမ်နေရှာရော့မယ်………။


ငြိမ်းသွေး

Comments