သစ်ခက်သံလွင်၊ သိမှတ်ဖွယ် သမိုင်းရေးရာ၊ ဇဝန - ငြိမ်းချမ်းရေးဖြင့် ကျေးဇူးဆပ်ကြစို့(ပြန်လည်ဆန်းသစ်မှု)



ငြိမ်းချမ်းရေးဖြင့် ကျေးဇူးဆပ်ကြစို့
ဇ၀န


ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဈာပနမြင်ကွင်း -၁
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဈာပနမြင်ကွင်း -၂

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဈာပနမြင်ကွင်း -၃
 ဆရာကြီးသည် သူလိုလားသော၊ သူနှိုးဆွပေးခဲ့သော၊ သူကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သော လွတ်လပ်ရေးကြီး ရယူအောင်မြင်ခဲ့သည် ကို မြင်တွေ့သွားခဲ့ရချေပြီ။ သို့သော် သူမသေမီ မြင်ချင်တွေ့ချင်သွားသော ပြည်တွင်းငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကိုမမြင်ရ၊ မတွေ့ခဲ့ရဘဲ ဘ၀တပါးသို့ ပြောင်းသွားရရှာလေသည်

မြင့်မိုရ်ရွှေတောင်ကြီး ပြိုခဲ့လေပြီ။
စင်စစ်သော်ကား ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကျေးဇူးအပေါင်း တို့သည် မြင့်မိုရ်တောင်ဦးမက ကျူးအောင် ကြီးမား များမြောင်လှပါပေသည်။ ဆရာကြီးသည်ကားဆိုလျှင် စာပေဖခင်ကြီး ဖြစ်သည်။
လွတ်လပ်ရေးဖခင်ကြီးလည်း ဖြစ်သည်။ သတင်းစာဆရာတို့အနေနှင့်တော့ သတင်းစာ ဘိုးအေကြီးဟူ၍ မှည့်ခေါ်သတ်မှတ်ခဲ့ကြသည်။ 


ဆရာကြီးသည် ပထမကောလိပ်သပိတ်ကြီးဖြစ်ပေါ်ခဲ့ပြီးနောက် အမျိုးသားတက္ကသိုလ်ကြီးတွင် မြန်မာစာ ပါမောက္ခအဖြစ်ဖြင့် ထမ်းဆောင်ရင်း မြန်မာစာပေကို ပြန်လည်ထွန်းကားအောင် မြှင့်တင်ခဲ့သည်။ စာပေဖြင့် အမျိုးသားလွတ်မြောက်ရေးစိတ်ဓာတ်များကို မပြတ်မလပ်နှိုးဆွပေးခဲ့သည်။ နယ်ချဲ့ဘိနပ်ကိုင်များကို အရှက် ရအောင် ကလောင်ဖြင့် ရှုတ်ချနှိမ်နင်းပြီး ပြည်သူအပေါင်းတို့ကို ကျွန်စိတ်ပျောက်၍ သခင်စိတ်ပေါက်အောင် လှုံ့ဆော်ပေးခဲ့သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အိုမင်းမစွမ်း ရှိသည့် တိုင်အောင် ဘ၀တလျှောက်လုံး ဆင်းရဲဒုက္ခအမျိုးမျိုးနှင့်ရင်ဆိုင်ကာ ဦးဆွေးဆံမြေ့ရွက်ဆောင် ကြိုးပမ်း ခဲ့လေသည်။ ထို့ကြောင့်ပင် ဆရာကြီးအား မျိုးချစ် စာဆိုပုဂ္ဂိုလ်ကျော်ကြီးတဦးအနေဖြင့် မြန်မာပြည်က ပိုင်ဆိုင်သည်သာမက ငြိမ်းချမ်းရေးကို လိုလားသော ကမ္ဘာ့ ငြိမ်းချမ်းရေးကို လိုလားသော ကမ္ဘာ့ပြည်သူ အပေါင်းတို့ကပါ ပိုင်ဆိုင်လေသည်။ 

ယင်းသို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား ပိုင်ဆိုင်သူတပည့်တပန်းတွေများလျက်ရှိရာ ဆရာကြီး ကွယ်လွန်အနိစ္စ ရောက်သည်ဆိုသည်နှင့် ဆွေမျိုးသားချင်းများနှင့်တကွ စာပေယဉ်ကျေးမှုအဖွဲ့၊ နိုင်ငံရေး အဖွဲ့၊ ဘာသာရေးအဖွဲ့ စသည်တို့က မိမိတို့အလိုကျ သင်္ဂြိုဟ်သမှု ပြုလိုကြလေရာ ယခုဆောင်းပါးရေးနေ သည့်အချိန်အထိမှာ အလောင်းလုသည်နှင့်မခြားသော အခြေအနေမျိုး၌ ရှိနေလေသည်။ 

တကယ်ဆိုတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဈာပနကိုနိုင်ငံတော် ဈာပနအဖြစ် ပြုလုပ်မည် ဆိုပါ က ဖြစ်နိုင်သည်။ သို့သော် ယင်းသို့ပြုလုပ်လိုက်လျှင် အစိုးရမှာ အလုပ်များသည်နှင့်မမျှအောင် နယ်ကျဉ်း ချင်လည်း ကျဉ်းသွားမည်။ မကျေနပ်သည့်အသင်းအဖွဲ့တွေ တပည့်တပန်းတွေ အများကြီး ပေါ်ပေါက်လာနိုင် သည်။ သို့ဖြစ်၍ တော်လှန်ရေး အစိုးရက ဆရာကြီးအားသင်္ဂြိုဟ်မူကို နိုင်ငံတော် ဈာပနအဖြစ်မပြုလုပ်တော့ ဘဲ ဆွေမျိုးများတပည့်တပန်းများ၏အလိုကျ ကျင်းပနိုင်ရေးအတွက် ငွေကြေးအားဖြင့် ကူညီထောက်ပံ့ လိုက်ပြီးလျှင် အာဇာနည် ကုန်းမှာဖြစ်စေ၊ အခြားကြိုက်နှစ်သက်ရာ နေရာမှာဖြစ်စေ မြှုပ်နှံသဂြိုဟ်လိုရာ ၌ မြှုပ်နှံရန်လိုက်လျောခြင်း၊ အများပြည်သူတို့ ပူဇော်ကန်တော့ အလေးပြုနိုင်ရန် မြို့တော်ခမ်းမမှာဖြစ်စေ ဆရာကြီး၏ရုပ်ကလပ်ကို ပြင်ဆင်ထားလိုက ခွင့်ပြုကူညီရန်အသင့်ရှိခြင်းတို့ကို အကြောင်းကြားလိုက်သည် ဟု သိရပေ၏။

တော်လှန်ရေးအစိုးရ၏ဆုံးဖြတ်ချက်မှာ လွန်စွာမှ မှန်ကန်သင့်လျှော်လှသည်ဟု ကျွန်တော် ယူဆသည်။ ဆရာကြီး၏ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် မပြုလုပ်ခြင်းအတွက် ၀မ်းနည်းစရာမလိုပေ။ သို့သော် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်သည့်အတွက် အမျိုးသားဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ်ဖြင့် နေ့တနေ့ သို့မဟုတ် ရက်သတ္တတပတ် သို့မဟုတ် သင့်လျော် လျောက်ပတ်သလို သတ် မှတ်ကြေညာပေးသင့်သည်ဟု သဘောရသည်။ အနည်းဆုံးအားဖြင့် ဆရာကြီး၏ဈာပန ကျင်းပသည့်နေ့ သည် ရုံးအားရက်မဟုတ်ပါက ထိုနေ့ကို တနိုင်ငံလုံးအလုပ်အားရက်အဖြစ် ကြေညာထုတ်ပြန်သင့်ပေ သည်။
ဆရာကြီး၏ဈာပနကိစ္စနှင့်ပတ်သက်၍ကား ဆရာကြီး ဦးစီးနာယကပြုလုပ်ခဲ့သည့် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်အညီအမျှပါဝင်သည့် ဈာပနကော်မတီဖွဲ့စည်းပြီး ဆရာကြီး၏ကြီးမားမြင့်မြတ်သော ဂုဏ်ဒြပ်နှင့် ထိုက်တန်အောင် သင်္ဂြိုဟ်မူကိစ္စကို ပြုလုပ်ရပေလိမ့်မည်။ ဟိုအဖွဲ့သည်အဖွဲ့က ဦးစီးဆောင်ရွက် ၍ ပြုလုပ်ရန် သင့်လျော်မည်မထင်ပေ။

ဆရာကြီး၏ရုပ်ကလပ်ကို အများပြည်သူတို့ ပူဇော်အလေးပြုနိုင်ရန် သင့်တင့်လျှောက်ပတ်သော နေရာ တနေရာတွင် ခုနှစ်ရက် ခုနှစ်လီ ထားရှိသင့်ပေသည်။ ထိုနေရာသည် အများသွားလာလွယ်ကူသည့်နေ ရာဖြစ်ပြီး ဘာသာတရားနှင့်စပ်ဆိုင်သောနေရာဖြစ်လျှင် အထူးကောင်းမွန်သည်။ 


အများမင်္ဂလာပြုရာ ပျော်ပွဲရွှင်ပွဲကျင်းပရာနေရာတခု၌ ပူဇော်ကန်တော့ခံရန် ထားမည်ဆိုပါက ဂျူဗလီဟော ကဲ့သို့ ဖြစ်သွားမည်ကိုလည်း စဉ်းစားရန်လိုပေသည်။
ဆရာကြီးသည် မြန်မာ့ထီနန်းကို အမြဲလွမ်းဆွတ်တသသည့် ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ဆရာကြီးရေးသည့် မဟာ ကဗျာလေးချိုးကြီးများတွင် ထီးသံ နန်းသံ ဘယ်ခါမျှမကင်းခဲ့ချေ။ ထိုသို့ ဇာတိသွေးဇာတိမာန် ထက်သန် လှသော မျိုးချစ် စာဆိုကြီးတဦးဖြစ်ခြင်းကြောင့်လည်း မဟာဆွေတော်မျိုးတော်တို့က ဆရာကြီးအား မိမိတို့အဖွဲ့၏နာယကကြီးအဖြစ်ဖြင့် တင်မြှောက်ထားခဲ့လေသည်။ 

ထို့ကြောင့် ဆရာကြီးဈာပနအခမ်းအနားကိုကျင်းပရာတွင် မြန်မာ့ထီးမူနန်းဟန်ဓလေ့ထုံးစံနှင့်ဆီလျော်သော မသာတော်အဖြစ်မျိုးဖြင့် ဈာပနကျင်းပလျှင် ဆရာကြီး၏ရုပ်ဒြပ်နှင့် ညီညွတ်လိမ့်မည်ဟုသဘောရပါသည်။ ဆရာကြီး၏ဈာပန ခမ်းခမ်းနားနား ဖြစ်ဖို့ရန်မှာ ကိုပန်ချာ၊ ကိုလူကလေးတို့ ၏ မသာရထားမျိုးဖြင့် မသာ မချဘဲ ဆွေတော်မျိုးတော်များ၏ဈာပနကဲ့သို့ တညှင်းထမ်း၍ စန္တား ရမြား များဆွဲကာ ဗျိုင်းတောင် ရိုက်တီး လျက် မသာချရန်အကြံပေးချင်ပါသည်။ ဖြစ်နိုင်လျှင် ဆိုင်းညွင်းခြင်း၊ ဆိုင်းပြိုင်တီးခြင်း ၊ ဧယဉ်ကြူးခြင်း စသော မြန်မာမူတို့ကိုပါ ထည့်သွင်းစေချင်ပါသည်။ 


ဆရာကြီး၏ရုပ်ကလာပ်ကို အချို့သူတို့က အာဇာနည်ကုန်းတွင် မြှုပ်နှံသင်္ဂြိုဟ်လိုကြပေလိမ့်မည်။ ကျွန်တော်သဘောတော့ အာဇာနည်ဗိမာန်မှာ နိုင်ငံရေးအတွက် အသက်စွန့်သူဖို့အဖို့သာ ဖြစ်သင့်သည်ဟု ယူဆပါသည်။ စာဆိုဗိမာန်ဆိုသည်မှာကတော့ အလွန်သေးနုပ်လှပါသည်။ သီးခြားထင်ရှားသောနေရာတွင် ဂူသွင်းမြှုပ်နှံမှ သင့်လျော်ပါမည်။ 

သို့ဖြစ်၍ နောက်ဆုံးမြန်မာဘုရင်၏ မိဖုရားခေါင်ကြီး စုဘုရားလတ်၏ သင်းင်္ချိုင်းတော် အနီးတွင်မြှုပ်နှံရန် သဘောကျသူ အတော်များများရှိကြရာ ထိုအတိုင်းပင် ဖြစ်စေချင်ပါသည်။ 


ကျေးဇူးရှင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကား လွတ်လပ်သောဘ၀တွင်မွေး၍ မလွတ်လပ်သော ဘ၀တွင် လူဖြစ်ပြီး လွတ်လပ်သောဘ၀တွင် လူ့လောကမှ ထွက်ခွာသွားခဲ့လေပြီ။ ဆရာကြီးသည် သူလိုလားသော၊ သူနှိုးဆွပေးခဲ့သော၊ သူကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သော လွတ်လပ်ရေးကြီး ရယူအောင်မြင်ခဲ့သည် ကို မြင်တွေ့သွားခဲ့ရချေပြီ။ သို့သော် သူမသေမီ မြင်ချင်တွေ့ချင်သွားသော ပြည်တွင်းငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကိုမမြင်ရ၊ မတွေ့ခဲ့ရဘဲ ဘ၀တပါးသို့ ပြောင်းသွားရရှာလေသည်။

ကျွန်တော်တို့သည် ဆရာကြီးထံမှရရှိခဲ့ကြသော စာပေအမွေအနှစ်တို့ကို ကျေးဇူးဆပ်နိုင်ရန်မှာ ဆရာကြီး မသေမီ တသသတောင့်တသွားရှာခဲ့သော ပြည်တွင်းငြိမ်းချမ်းရေးကိုအရယူတည်ဆောက်ဖို့ရန်ပင် ဖြစ် ကြပေတော့သည်။

ဇ၀န 
(၂၇-၇-၆၄) 

- လူထုကြီးပွားရေးပုံနှိပ်တိုက်က ဓာတ်ပုံတွေဖြစ်ပါတယ်။

ပြည်သူ့စာဆို သခင်ကိုယ်တော်မှိုင်း၊ 
သခင်ဖေသိန်း၊ 
ပထမအကြိမ်၊ 
၁၉၆၆ အောက်တိုဘာ၊
အေးအေးစာပေတိုက်ထုတ်မှ ...။ 
မှတ်ချက်။ ။ ကိုထွန်းဝေငြိမ်း၏ဖေ့ဘွတ်စာမျက်နှာမှကူးယူဖော်ပြပါသည်။

Comments