သစ်ခက်သံလွင် စာပေရေးရာ၊ ငြိမ်းဝေ(ကဗျာ့ အိုးဝေ) ၏ ဆုံနေရက်နဲ့ လွမ်းလေခြင်း



   ဆုံနေရက်နဲ့ လွမ်းလေခြင်း


ဂျူးကို မည်ကဲ့သို့သောစာပေမျိုးကိုသာရေးရမည်ဟု သတ်မှတ်တောင်းဆိုခြင်းမျိုးတော့ မဟုတ် ပါ။ တောင်းဆိုလို့ရကောင်းသည်လည်း မဟုတ်ပါ။ သူ့အပေါ် ကျွန်တော်တို့ မျှော်လင့်သည်က ရသစာပေအမျိုးအစားကို တစိုက်မတ်မတ် ရေးစေချင်ခဲ့သည်။ အထူးသဖြင့် ယခုလို ရသစာပေ ချွတ်ခြုံ ကျနေသည့်ကာလမျိုးတွင် ဂျူးလို ရသစာပေစူးနက်သူစာရေးဆရာဆီက ရသ၀တ္ထုများကို ပိုမိုမျှော်လင့်ခဲ့ခြင်း မျိုးသာဖြစ်ပါသည်။           

(၁)


          လွန်ခဲ့သည့် ၂ လခန့်က မိမိ၏ဖေ့စ်ဘုတ်စာမျက်နှာတွင် ကိုယ်ရေးကိုယ်တာ ခံစားချက်တခုကို ရေး တင်လိုက်သည်။ မိမိသည် နှစ် ၂၀ မျှ ခွဲခွာနေခဲ့ရသည့် မိသားစုနှင့်တွေ့ဆုံရန် မိမိ၏ရွာကလေး သို့ ပြန်ရောက်လာခဲ့သည်။

မိသားစုနှင့် ပြန်လည်တွေ့ဆုံခန်း ဖွင့်ခဲ့သည်။ သို့သော် သားသမီးများက မိမိအား အဝေးမှပင် ကြည့်ပြီး စကားပြောကြသည်။ မိမိ၏ချစ်သူသည် မိမိနှင့် ခပ်ဝေးဝေးနေရာမှထိုင်ကာ စကားပြောသည်။ ဘာတွေဖြစ်ကုန်တာပါလိမ့်။ မိမိအဖို့ ချစ်သူများနှင့် ပြန်လည်ဆုံတွေ့ရသည့်တိုင် အလွမ်းပင်လယ် ကြီး ခြားသွားရပြန်သည်။ ဘာကြောင့်များပါလိမ့်။

 အမှန်စင်စစ် ကျွန်တော်သည် မိသားစုနှင့် ပြန်လည်ဆုံဆည်းခွင့်ရနေပြီဖြစ်သည် မဟုတ်ပါလော။  နှစ် ၂၀ ကျော် ခွဲခွာနေခဲ့ရသည့်ချစ်သူများနှင့် ပြန်လည်ဆုံဆည်းရခြင်းဖြစ်သည် မဟုတ်ပါလော။  ဘာ့ကြောင့်များ လွမ်းနေရပြန်တာပါလိမ့်။ ဘာ့ကြောင့်များ ထပ်မံဝေးကွာသွားရပြန်ပါလိမ့်။

ယခု အသက် ၆၀ ကျော်လာခဲ့ပြီ။ ယခင် နှစ်နှစ်ဆယ်တလျှောက်လုံးကဲ့သို့ပင်၊ အလွမ်းပင်လယ်ကြီး ခြား လျက်နှင့်ပင် ဘ၀ကိုနိဂုံးချုပ်ရတော့မည့်သဘောများလား။ ကျွန်တော် သည်လိုပဲ ဖေ့ဘုတ် စာမျက်နှာပေါ် ရေးတင်လိုက်သည်။

           မိသားစုနှင့် ခွဲခွာနေခဲ့ရစဉ်က မိမိနှင့်အတူ စာကြည့်တိုက်တခုတွင် ငါးနှစ်မျှအလုပ်အတူတူ လုပ်ကိုင်ခဲ့ဖူးပြီး ယခုအခါ နော်ဝေးနိုင်ငံတွင် ခိုလှုံနေထိုင်သူ တူမလေး မြတ်သဲကြူက  ချက်ချင်း ဆိုသလို ကျွန်တော့်ဖေစ်ဘုတ်စာမျက်နှာတွင် ကွန်းမင့် ၀င်ရေးသည်။ တကြိမ်မက ၀င်ရေးသည်။ သူ့ခမျာ ကျွန်တော့် စာကိုဖတ်ကာ  ထိတ်လန့်စိုးရိမ်သွားရသည်ဟု ဆိုသည်။ ဘ၀ကို တရားနဲ့ ဖြေနိုင်အောင်သာ ကြိုးစားဖို့ တိုက်တွန်းသည်။  မြတ်သဲကြူ၏ စာကိုဖတ်ပြီးနောက် ကျွန်တော်သည် ပိုမိုကြေကွဲစွာ ပြုံးရတော့သည်။
         
                     (၂)

           ကျွန်တော်သည် ဂျူး၏ ‘ဆုံနေရက်နဲ့လွမ်းလေခြင်း’ ၀တ္ထုကို အထက်ပါ အလွမ်းပင်လယ်ဝေနေစဉ် အတွင်း တိုက်တိုက်ဆိုင်ဆိုင် ဖတ်ရှုမိခဲ့သည်။ ထို့ပြင် ဂျူး ရဲ့ ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ၀တ္ထုကို ရသ စာပေ ချွတ်ခြုံကျနေသည်ဟူသော ယခုလို အချိန်မျိုးတွင် ဖတ်ရသည့်အတွက် ကိုယ်၌ကလည်း ကျွန်တော့် မှာ ထူးခြားသစ်လွင် လန်းဆန်းနေစေပြန်သည်။
           အမှန်စင်စစ် ဂျူးရဲ့ နောက်ပိုင်းစာအုပ်များကို ဖတ်ပြီး ကျွန်တော်တယောက် ထင်တိုင်း မပေါက် သည့်ခံစားမှုကို ခံစားနေခဲ့ရသည်မှာ ကြာပါပြီ။ ဂျူးသည် ‘အမှတ်တရ’ လို ရသ၀တ္ထုဖြင့် စာပေစင်မြင့်ပေါ် တက်လာသူဖြစ်သည်။ ထို့နောက် အစဉ်တစိုက်ဆိုသလို ဂျူးရဲ့ ရသ၀တ္ထုများ ဖတ်ခဲ့ရသည်။ ပိုမိုရင့်ကျက် ပိုမိုလေးနက်သော ရသ၀တ္ထုများဖြင့် မြန်မာရသစာပေနယ်ပယ်တွင် ဒုတိယတန်းစားနေရာသို့ပင် ချန်ထား သတ်မှတ်လို့မရနိုင်လောက်အောင် ထိရောက်ကြံ့ခိုင်သော ရသ၀တ္ထုများ ရေးဖွဲ့လာခဲ့သည်။( ဤသည်မှာ မိမိတဦးတည်း၏ ပုဂလအယူအဆ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ဖြစ်ခဲ့သည်ရှိသော် ကိစ္စမရှိပါ။)

           သို့သော် ဂျူးသည် ရသ၀တ္ထုများရေးဖွဲ့နေစဉ်မှာပင် ရသကို ကျောထောက်နောက်ခံထားသည့် အရေးအသားမှ လမ်းကြောင်းပြောင်းကာ ရသကိုထိခိုက်စေသည့် အခြားဗဟုရသနယ်ပယ်ဘက်သို့ တိမ်းညွှတ်သွားခဲ့ရ၏။ ဥပမာ သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ အယူအဆနှင့် ဗဟု သုတများကို သူ၏ ၀တ္ထုများထဲ၌ ထည့်ရေးလာခဲ့သည်။ 

တကယ်တော့လည်း ဂျူးကို မည်ကဲ့သို့သောစာပေမျိုးကိုသာရေးရမည်ဟု သတ်မှတ်တောင်းဆိုခြင်း မျိုးတော့ မဟုတ်ပါ။ တောင်းဆိုလို့ရကောင်းသည်လည်း မဟုတ်ပါ။ သူ့အပေါ် ကျွန်တော်တို့ မျှော်လင့်သည်က ရသစာပေအမျိုးအစားကို တစိုက်မတ်မတ် ရေးစေချင်ခဲ့သည်။ အထူးသဖြင့် ယခုလို ရသစာပေ ချွတ်ခြုံ ကျနေသည့်ကာလမျိုးတွင် ဂျူးလို ရသစာပေ စူးနက်သူ စာရေးဆရာဆီက ရသ၀တ္ထုများကို ပိုမိုမျှော်လင့် ခဲ့ခြင်းမျိုးသာဖြစ်ပါသည်။ သို့သော် အချိန်တော်တော်ကြာသည်အထိ ဂျူးသည် ရသအားနည်းသည့် ရသနှောဗဟုသုတ၀တ္ထုများကိုသာ ရေးနေခဲ့သည်ဟု ယူဆရပါသည်။ 

 ယခုတော့ ဂျူးသည် ကျွန်တော်တို့မျှော်လင့်နေခဲ့မိသော ရသ၀တ္ထု ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ၀တ္ထုကိုရေး လာခဲ့ပြီ။ ကျွန်တော်တို့ အလေးအနက်ထား ဖတ်ကြရပါသည်။(သို့တိုင် ဂျူးသည် ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ၀တ္ထုတွင်လည်း စာတမ်းတခုကို အရေးပါသော ဇာတ်ဝင်ခန်းအနေဖြင့်ထည့်ကာ စာဖတ်သူ ကို ဗဟုသုတ ပေးဖြစ်အောင်ပေးဖို့ ကြိုးစားသွားခဲ့ပါသေးသည်။ သို့သော် ကိစ္စမရှိပါ။ ကျွန်တော်က ထိုစာတမ်းအား ၀တ္ထုအတတ်ပညာဖြင့် ထုပ်ပိုးပေးလိုက်သည်ကို သိပင်သိသော်ငြား ဂျူးရဲ့ရင်မှ ခံစားချက်ကို သာ အမိအရ နှိုက်ယူပါသည်။)
            ဂျူး ရဲ့ ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ၀တ္ထုမှာ ၀တ္ထုခေါင်းစဉ်အတိုင်း ဘ၀တွင် ကိုယ်ချစ်ရသူ နှင့် ဆုံရကြုံရသည့်တိုင် ချစ်ခွင့်မကြုံရ၊ ချစ်ခွင့်မကြုံထိုက်သည့်အတွက် ခံစားရသည့်ခံစားချက်ကို ကျောရိုးပြုထား သည့် အချစ်ဝတ္ထုဖြစ်ပါသည်။ ၀တ္ထုရှည်များ အစဉ်တစိုက်အောင်မြင်စွာရေးဖွဲ့ခဲ့သူ ဖြစ်သည်မို့ ဇာတ်ကောင် တဦးချင်းစီ၏ ဇာတ်ရုပ်များကို ပီပြင်အောင် အားထုတ်ရေးသားသည်မှာလည်း သိသာပါသည်။ ထိရောက်ပါသည်။ အထူးသဖြင့် မောင်သက်ဝေ၊ ကိုလတ်၊ အင်ကြင်းနှင့် အင်ကြင်း၏ မိခင်တို့၏ စရိုက် လက္ခဏာများကို ပီပြင်ပေါ်လွင်အောင် ရေးနိုင်ပါသည်။
           အဓိကဇာတ်ကောင် အင်ကြင်းသည် သူနှင့် တမြို့တည်းနေ၊ တကျောင်းတည်းတက်၊ သူ့ထက် အသက်ငယ်ရွယ်လွန်းသူ မောင်သက်ဝေကို ချစ်ခင်နေခဲ့မိသည်။ အသက်အရွယ်အားဖြင့် ငယ်ရွယ်လွန်း သူ မောင်သက်ဝေက ချဉ်းကပ်လာပြန်တော့လည်း သူ့စိတ်ကိုသူထိန်းကာ မောင်သက်ဝေကို ချစ်ခွင့်မပေးပဲ တင်းခံထားခဲ့သည်။ နောက်ပိုင်းတွင် မောင်သက်ဝေကသူ့ကိုစွန့်ခွာသွားသည့်တိုင်အင်ကြင်းကတော့ မောင် သက်ဝေအပေါ် ချစ်ခင်စွဲလန်းစိတ် လျှော့မသွားခဲ့။ နောင်အခါ စာတမ်းတခုဖတ်ရန် ပြင်သစ်ပြည်သို့ရောက် လာသူ အင်ကြင်းနှင့် ပြင်သစ်တွင် ကြိုတင် ရောက်နှင့်နေသူ မောင်သက်ဝေတို့ ပြန်ဆုံကြရသည်။ မောင် သက်ဝေကို ချစ်ခင်လွန်းသည့်တိုင် မောင်သက်ဝေ၏အချစ်ကို လက်မခံပဲ၊  မိမိစိတ်ကို တင်းခံထားခြင်းကိုမူ အင်ကြင်းက လက်မလျှော့ခဲ့။ နောက်ဆုံးတွင်မူ မောင်သက်ဝေသည်လည်း ဘ၀တွင် ဆုံနေရက်နဲ့ လွမ်း တတ်ရသည်ဆိုသည်ကို နားလည်လက်ခံလာခဲ့သည်။  အင်ကြင်းအပေါ် နားလည်သဘောပေါက်လာကာ သည်ဝတ္ထုမှာ နှစ်ဦး နှစ်ဘက် ချစ်ကြရသူများဖြစ်သည့်တိုင် ဆုံနေရက်နဲ့ လွမ်းလေခြင်းဖြင့် နိဂုံးချုပ်၏။ (ဂျူးသည် အချစ်နှင့် ချစ်ခြင်းမေတ္တာ မတူဟူ၍လည်း ပြောခဲ့ပါသည်။)
           အမှန်တကယ်တော့လည်း ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ၀တ္ထုမှာ ဇာတ်လမ်းအရမူ သာမာန် သူလို ကိုယ်လို ဇာတ်လမ်း၊ ဇာတ်ကွက်၊ မျှသာ ဖြစ်ပါသည်။ သို့သော် ဇာတ်ကောင်များ၏ အပြောအဆို အယူ အဆနှင့် တင်ပြပုံများကမူ သာမာန်ထက် ပိုပြီး အားကောင်းသည်။ စာဖတ်သူကို ချုပ်ကိုင်ထားနိုင်သည်။  လိုအပ်သလို ကြေကွဲစေ၊ ပြုံးစေသည်။ လိုအပ်သလို ခံစားတွဲခေါ်သွားနိုင်သည်။
            ဂျူး ရဲ့ ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ကိုဖတ်ရတော့ ကျွန်တော်တို့သည် ရေငတ်ပြေ သလို ဖြစ်သွား သည်။ ဆွဲဆောင်အားကောင်းသည့် ရသ၀တ္ထုများကို အငမ်းမရဖတ်ရှုနေချင်သည့်အချိန်တွင် သည်ဝတ္ထုကို ဖတ်ရခြင်းအတွက်ကြောင့် ဖြစ်သည်။ အထူးသဖြင့် ပုဂလဓိဋ္ဌာန်သဘောအရ အလွမ်းများဖြင့်ပိကာ၊ အလွမ်း များကို ခုံမင်လွန်းသူတဦးဖြစ်သည့် မိမိအဖို့ ‘ဆုံနေရက်နဲ့လွမ်းလေခြင်း’ ၀တ္ထုကို ဖတ်ရခြင်းဖြင့် အလွမ်းတွေ ဖွေးဖွေးလှုပ်မျှ ပိုမိုဝေစည်သွားစေခဲ့၏။

           (၃) 

          ပြည်ပတွင် နှစ် ၂၀ မျှနေထိုင်စဉ် ကဗျာများအစဉ်တစိုက်ရေးလျက် ကိုယ်ယုံကြည်ရာအလုပ် လုပ် ကိုင်နေထိုင်ခဲ့စဉ်က ကဗျာရေးဖော်လည်းဖြစ် ညီမအရင်းတယောက်လို ချစ်ခင်လေးနက်ရသည့် ကဗျာ ဆရာမလေး မိဆူးပွင့်က တော်လှန်ရေးဒေသရောက် ကဗျာရေးသူများအပေါ် တဦးချင်း ကောက်ချက်ဆွဲရာ၌ ကျွန်တော်သည် ‘တော်လှန်ရေးအလွမ်းသမား(Revolutionary Romenctic)’ ဖြစ်သည်ဟု မှတ်ချက်ပြု သွား ခဲ့ဖူးသည်။
ယခုလည်း ကျွန်တော်သည် မိသားစုနှင့် ပြန်လည်ဆုံဆည်းခွင့်ကြုံပါလျက် အလွမ်းတွေကို ရင်ဝယ်ပိုက်ထား မိပြန်သည်။ တဖန် ဂျူးရဲ့ ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ကိုဖတ်ကာ အလွမ်းပေါ်တွင် အလွမ်းဆင့်ရပြန်သည်။ ထို့ကြောင့် ဂျူးကို ကျေးဇူးတင်သည်။
ထို့ထက် မိမိ၏အသက်အရွယ်အရ ဘ၀နိဂုံးနှင့် လျင်မြန်စွာပြေးဝင်နီးကပ်လာနေသည့် သည်လို အချိန်မျိုး တွင်မှ ဂျူး၏ ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’၀တ္ထုကိုဖတ်ခွင့်ကြုံရခြင်းဖြစ်သည့်အတွက် သည်ဝတ္ထုအပေါ် ပိုပြီးလေးနက်မိသည်။  ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လှသည့် အလွမ်းဒဏ်ကို အလူးလူး အလိမ့်လိမ့်ခံစားရင်း ဘ၀နိဂုံး ချုပ်ကောင်းချုပ်တော့မည်ဟု ယူဆနိုင်ကောင်းသည့် သည်လိုအခွင့်အရေးမျိုး ကိုမှ ဘာကြောင့်ရယ်မသိ  ရူးသွပ်စွာ ပိုမိုချစ်မက်နေမိပြန်ရ သည်မှာလည်း ဂျူးရဲ့  ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ၀တ္ထု ကို ဖတ်ရသောကြောင့် ဖြစ်ကောင်း ဖြစ်လေ မလား။ သဲကွဲစွာ ကျွန်တော်မသိပါ။

 ငြိမ်းဝေ
(ဧရာဝတီဂျာနယ်တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။)

Comments