Monday, July 25, 2016

k

သစ်ခက်သံလွင်-စာပေရေးရာ၊ ငြိမ်းဝေ(ကဗျာ့ အိုးဝေ)၏ တိမ်းညွှတ်မှု လိုင်းပြောင်းသွားပြီဖြစ်တဲ့ ကဗျာဆရာမ ကြည်အေး



တိမ်းညွှတ်မှု လိုင်းပြောင်းသွားပြီဖြစ်တဲ့ ကဗျာဆရာမ ကြည်အေး


 ထပ်ပြီး ပြောပါရစေ။ ကျနော်သည် ကဗျာဆရာမကြီး ကြည်အေး ပြောင်းလဲကိုင်စွဲသည့် အခြားသော အယူအဆအပေါ် ထင်မြင်ချက်ပေးလိုရင်းမဟုတ်ဘဲ ကဗျာဆရာမကြီး ကြည်အေးအနေနဲ့ ယခင် နှစ်ပေါင်း များစွာ သူကိုင်စွဲထားခဲ့တဲ့ အယူအဆကို စွန့်ပစ်ကာ အယူအဆအသစ်ကိုပြောင်းလဲ ကိုင်စွဲသွား ပြီဖြစ်ကြောင်းကိုသာ....


(၁)


ကျနော်တို့ဟာ သမရိုးကျ အစဉ်အလာကို ဖောက်ထွက်ပြီး ရေးကြဖွဲ့ကြတဲ့ စာရေးဆရာ ကဗျာဆရာတွေ အပေါ် အလေးအနက်ထားကြပါတယ်။ ဒါကြောင့်မို့လည်း ကဗျာဆရာမ “ကြည်အေး”ကို ကျနော်တို့ လေး နက်ခဲ့ကြတာပါ။ 


ကျနော်တို့ငယ်စဉ် (၁၉၇၀) စာပေ၀ါသနာပါကာစက တချို့သော အမျိုးသမီး ကဗျာဆရာမတွေဆိုရင် စိတ်ဝင်စားမှုသီးခြားရှိခဲ့ဖူးတယ်။ ဒီတုန်းက အမျိုးသမီး ကဗျာဆရာမအရေအတွက်ကလည်း နည်းတယ်။ အဲသလို အရေအတွက် နည်းတဲ့ကြားထဲကပဲ ကြည်အေးကို ကျနော်တို့ အာရုံညွှတ်ခဲ့ ကြတယ်။ သူက သာမာန် ကဗျာဆရာမ မဟုတ်ချေဘူးလေ။ သူက အစဉ်အလာကို နို့သက်ခံစို့တဲ့ ကဗျာဆရာမ မဟုတ်ပါ ဘူး။ တယောက်ရေးတာကို နောက်က လိုက်တုရေးတာမျိုး၊ စာဖ


ကဗျာဆရာမကြည်အေးတို့ခေတ်တုန်းကဆိုရင် အစဉ်အလာကိုဖောက်ထွက်ဖို့ကြိုးစားတဲ့ ကဗျာဆရာမ ဆိုတာက ပိုပြီးတောင်မှာ ရှားပါးခဲ့တာပဲ။ ဒါပေမဲ့ ကံအားလျော်စွာ ကဗျာဆရာမ ကြည်အေးကို ကျနော်တို့ ရခဲ့တယ်။ ကြည်အေးဟာ အစဉ်အလာကို ဖောက်ထွက်ဖို့ ကြိုးစားတဲ့ ရှားရှားပါးပါး ကဗျာဆရာမ။ တွေး နည်းတွေးပုံ အဟောင်းထဲကထွက်ရပ်ဖို့ ကြိုးစားခဲ့တဲ့ ကဗျာဆရာမ။ တခါတရံ ပြောင်းပြန် ပြန်ပြီးတွေးတတ်တဲ့ အတွေးကဗျာမျိုးကအစ ရေးတတ်တဲ့ကဗျာဆရာမ။ ကျနော်တို့မော့ကြည့်ခဲ့ရသည်ပေါ့။

အမှန်တော့ ဒီဆောင်းပါးက ကဗျာဆရာမကြည်အေးကို ဘာ့ကြောင့် ကျနော်တို့တတွေ စိတ်ဝင်စားခဲ့ ကြတယ်၊ ကြည်အေးက ဘယ်လို ကဗျာဆရာမဖြစ်တယ်ဆိုတာကို အဓိကထားရေးတဲ့ ဆောင်းပါးတော့ မဟုတ်ပါဘူး။ အခု သူ နောက်ဆုံးထုတ်ဝေတဲ့ “ပွင့်ဒင်္ဂ” ကဗျာစာအုပ်ကိုဖတ်ပြီး ကဗျာ ဆရာမကြည်အေး ဟာ သူ အရင်က ရပ်တည်ကိုင်စွဲခဲ့တဲ့ ဒဿ       နကိုပစ်ချပြီး တခြား ဒဿ      နတခုကို ပြောင်းလဲကိုင်စွဲသွားတဲ့ အဖြစ်ကို ထောက်ပြချင်လို့သာ ဒီဆောင်းပါးကို အခုလို နိဒါန်းပျိုးနေခြင်းပါ။ 


ကြည်အေးက တချိန်တုန်းကတော့ ဘယ်လို ဒဿ        နကို ကိုင်စွဲထားခဲ့သလဲ။ သူ ယခင်က ကိုင်စွဲထားတဲ့ ဒဿနက ဘာလဲ။ ဒါကို နည်းနည်းတော့ ဦးစွာပထမ ပြောပြချင်ပါတယ်။ “ပွင့်ဒင်္ဂ” မတိုင်ခင်က ကဗျာဆရာမ ကြည်အေး ကိုင်စွဲထားခဲ့တဲ့ ကဗျာနဲ့ပတ်သက်တဲ့ ဒဿ      နအနှစ်သာရက ဘာလဲ။ 


(၂)


အိပ်လို့မရ
ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
မွေ့ရာတွေလည်း၊ ကြွေမွတွန့်လိပ်
သိတ်စိတ်ညစ်တယ်၊ သတိပြယ်လွင့်
ခိုတွယ်စရာ၊ အတည်မကျ။


ဒီကဗျာပိုဒ်ကတော့ ကြည်အေး ရဲ့ ကျော်ကြားလှတဲ့ “တစ္ဆေ” ကဗျာရဲ့ပထမ ကဗျာပိုဒ်ပါပဲ။ ဒီကဗျာဟာ ကြည်အေးကို အစဉ်အလာက ချိုးဖောက်ရပ်တည်လိုက်တဲ့ကဗျာဆရာမအဖြစ် အထင်ရှားဆုံး သက်သေ ထူနိုင်တဲ့ကဗျာဖြစ်ခဲ့ပါတယ်။ စကားပြောလေသံကို အံဝင်ခွင်ကျထည့်ရေး လိုက်တာမျိုး၊ မြီးကောင်ပေါက် အပျိုမလေးတဦးရဲ့ စိတ်လှုပ်ရှားမှုကို မီအောင်ဖွဲ့နိုင်တဲ့ကဗျာအဖြစ် ထင်ရှားခဲ့ပါတယ်။ အဲဒီခေတ် အဲဒီအချိန် က မြန်မာကဗျာနယ်ပယ်မှာ စိတ်လှုပ်ရှားမှုကို ပေါ်အောင်ဖော်နိုင်တဲ့ အထူးသဖြင့် ငယ်ရွယ်သူ မိန်းမ ငယ်လေးတဦးရဲ့ စိတ်သန္တာန်ကို ပေါ်အောင်ဖော်ဖို့ ကြိုးစားခြင်းနဲ့ ကဗျာမှာ စကားပြောသလို ထည့်ရေးခြင်း ဟာ နှစ်ပေါင်း ၉၀၀ ဖြစ်တည်လာခဲ့တဲ့ ရိုးရာလမ်းကြောင်းပေါ်မှာ နောက်ထပ် လမ်းကြောင်းသစ်တခု ထပ်ဖောက်လိုက်သလို ဖြစ်ခဲ့ပါတယ်။ 


စကားနွဲ့စုံ၊ ပြောတော့ယုံမိ
အိပ်မှုန်နိုးလာ၊ ကြားချင်ပါရဲ့
မြေမှာထိုင်ချ၊ မမောကြတမ်း
မိုးစတိမ်လွန်၊ ကဗျာစွန်လွှတ်
အိမ်ပြန်မသွား၊ လမ်းမှာနားတော့
နှုတ်ဖျားချိုမြ၊ ကြင်ယုယမယ်
ဘ၀စေးမျှင်၊ တွယ်လိုက်ချင်သည်။ ။


ဒီကဗျာပိုဒ်ကတော့ ၁၉၅၇ ခုနှစ်မှာရေးခဲ့တဲ့ “မာနကိုတောင်းဆိုခြင်း” ကဗျာထဲက နောက်ဆုံး ကဗျာပိုဒ်ပါ။ ကြည်အေးက အားလုံးသိတဲ့အတိုင်း အချစ်ကဗျာရေး ကောင်းမှကောင်းပါပဲ။ အထူးသဖြင့် အချစ်ကဗျာတွေ ကို သူက အဇတ္တစိတ်နဲ့ရေးတာ၊ အတွင်းနက်နက် နှိုက်ပြီးရေးတာ၊ ပေါ်တင်ရေးတာ၊ ရိုးရာစည်းကို ချိုး ပြီးရေးတာ များပါတယ်။ မြန်မာမိန်းကလေးတွေ အဲဒီအချိန်က မတွေးရဲ မရေးရဲတဲ့ အတွေးနဲ့အရေးကို မိအောင်မီအောင်ရေးတာ အင်မတန်ကောင်းတဲ့ အချစ် ကဗျာတွေ၊ ရင်ခုန်ဖို့ကောင်းတဲ့ကဗျာတွေပါပဲ။ Comfessional ဆန်တဲ့ကဗျာတွေပါပဲ။ ဒီကဗျာပိုဒ်ကြတော့ သူက အတိအလင်းပဲ ဘ၀ဆိုတာလှတယ်။ 

ဘ၀ဟာ တပ်မက်ဖို့ကောင်းတယ်။ ဒါကြောင့်မို့ ဘ၀စေးမျှင် တွယ်လိုက်ချင်လို့ ရေးတယ်။

မြန်မာ့ရိုးရာ မိရိုးဖလာမှာတော့ ဘ၀ဆိုတာ တံလျပ်သာ ဖြစ်တယ်။ ပညတ်သာဖြစ်တယ်။ အရှုံးသာ ဖြစ်တယ်။ အနှုတ်လက္ခဏာဖြစ်တယ်။ ဘာကမှ မတည်မမြဲ။ စုံမက်ခြင်းဟာ မှားတယ်။ ဆုပ်ကိုင်ခြင်းဟာ မှားတယ်။ ဒါကြောင့်မို့ ဘ၀ ကလွတ်မြောက်ရန် ကြိုးစားကြရမယ်။ မလွတ်မမြောက်စေတဲ့ အယူအဆတွေဟာ မှားတယ်။ ဖေါက်ပြန်တယ်။ လောလီခြင်းဖြစ်တယ်။ ကလက်ခြင်းဖြစ်တယ်။ 


ဒီလို မိရိုးဖလာ ဘာသာရေးအယူအဆရောယှက်တဲ့ ဘ၀နေနည်း ထုကြီးထည်ကြီးနဲ့ လွှမ်းမိုးထားတဲ့ အဆောက်အုံတခုအတွင်းမှာ ကြည်အေးက ဘ၀ဆိုတာနေပျော်တယ်။ ချစ်မက်ဖို့ကောင်းတယ်။ တွယ်တာဖို့သင့်တယ်။ ဘ၀တန်ဖိုးက ဒါပဲ။ ဘ၀နေနည်းက ဒါပဲ။ ဘ၀ကို ချစ်လို့ရတဲ့ နှလုံးသားက ဒါပဲ။ ဒီလိုနဲ့ ဘ၀ကို တွယ်တာစုံမက်လိုက်ချင်တယ်လို့ ရေးလိုက်တော့ မိရိုးဖလာရိုးရာ လှောင်အိမ် ထဲက အစဉ်အလာသမားတွေအဖို့ မျက်လုံးထဲ ဆားပက်ထည့်လိုက်သလို ဖြစ်ကုန်စေတော့တာပေါ့။ မိန်းကလေးတန်မဲ့ ဒီလိုရေးသင့်သလား။ မိန်းကလေး ဣနြေ္ဒထိခိုက်တယ်။ ရိုးရာကို မထိန်းသိမ်းတဲ့ ပေါ့ပျက် ကလက်တဲ့ကဗျာ အစရှိသဖြင့် ၀ိုင်းပြောကြတော့တာပေါ့။ ကြည်အေးကတော့ သူ ယုံကြည်ရာလမ်းကို ဆက်လျှောက်ပါတယ်။ ဆက်လျှောက်တာမှ ရဲရဲ ရိုင်းရိုင်းကိုပဲ လျှောက်တာပါ။ အောက်က ကဗျာပိုဒ်ကို ကြည့်ပါ။


ရှေးကဆိုရိုး
ပိုးဖလံမျိုး၊ မ်ီးကိုတိုးသတဲ့
မောက်ဖြိုးရွှေတောင်၊ မြိုက်လောင်ပူနွေး
မီးငွေ့ပေးမှ၊ အသက်ရရှိ
ကျွန်မချစ်မြဲ၊ သံသာဝဲမှ
ခွဲထွက်ချင်ဘူး၊ တပ်မက်ဦးမည်
စိန်ခြူးကြယ်တန်း
လခြမ်း လ၀ိုင်း၊ ညတိုင်းမြင်ချင်
ငွေစင်နေ၀န်း၊ ဆည်းဆာကွန်းမှ
ပေါ်ယွန်းစေ့စေ့၊ နေ့တိုင်းတွေ့ချင်
ထွေးပွေ့လင်သား၊ သမီးသားမြေး
စကားနှစ်သက်၊ မိတ်ဆွေဖက်ဟု
မက်မောဘ၀၊ တခဏလဲ
အလှရှာဖွေ၊ အဖြေတွေ့သော်
မွေ့ပျော်ငြိတွယ်၊ သေမျိုးနွယ်လဲ
ရယ်ရွှင်ဝံ့စား၊ ငါ လူသားဟု
တရားထွန်းသစ်၊ သတ္တိဖြစ်၏။ ။ 


ဒီကဗျာပိုဒ်က ကြည်အေးရဲ့၁၉၇၁ ခုနှစ် “သစ္စာသစ်”ကဗျာမှာ ရေးခဲ့တဲ့ ကဗျာပိုဒ်ပါ။ 


ဒီကဗျာပိုဒ်ကိုဖတ်ရတော့ “ကျုပ်က နှစ်ငါးဆယ်လုံးလုံး နေထွက်တာကို မလွတ်တန်း စောင့်ကြည့်ခဲ့ သူဗျ” လို့ဆိုတဲ့ ဗြိတိသျှ စာရေးဆရာကြီး “ဆမ်းမားဆက်မွန်”ရဲ့စကား၊ ရေထဲအရိပ်ထင်တဲ့ လကိုတောင်မှ စွဲမက်လွန်းအားကြီးလို့ ဆင်းဆယ်ဖို့ကြိုးစားရင်း ရေနစ်ကွယ်လွန်ရတဲ့ တရုတ် ကဗျာဆရာ “ပိုင်ချူယီ” အစရှိတဲ့ သဘာဝကိုချစ်တဲ့ ဘ၀ကို၊ ဘ၀ရသကို အမြင့်မားဆုံး စုံမက်ကြတဲ့ အနုပညာရှင်ကြီးများကို သတိရလိုက်မိတယ်။


ဒီကဗျာပိုဒ်ဟာ အဲဒီခေတ်မှာ ကြီးပြင်းရတဲ့ ကျနော်တို့ကို ခြောက်ခြောက်ခြားခြားဖြစ်ရလောက်အောင် ဆွဲခေါ်သွားခဲ့တယ်။ ရှေးဆိုရိုးက ပိုးဖလံဆိုတာ မိုက်မဲသူဖြစ်တယ်လို့ဆိုပေမယ့် ကြည်အေးကတော့ အဲဒီအပူကိုပင်လျှင် မောက်ဖြိုးရွှေတောင်ဖြစ်တယ်လို့ ယုံကြည်သတဲ့။ အဲဒီမီးအပူဓာတ်က မြိုက်လောင် ပူနွေး၊ မီးငွေ့ပေးမှ၊ အသက်ဓာတ် ရရှိသတဲ့။ 


ပြီးတော့ “လခြမ်း လ၀ိုင်း၊ ညတိုင်းမြင်ချင်”သတဲ့။ “ငွေစင်နေ၀န်း ဆည်းဆာ ကွန်းမှ ပေါ်ယွန်းစေ့စေ့ နေ့ တိုင်းတွေ့ချင်”သတဲ့။ နောက်ဆုံးတော့ ကြည်အေးရဲ့ကျော်ကြားလှတဲ့ စာသား၊ “ကျွန်မချစ်မြဲ သံသာဝဲမှ ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်”ဆိုတဲ့စာသား။

ဒီကဗျာဟာ ကြည်အေးရဲ့ “သစ္စာသစ်” ကဗျာထဲက နောက်ဆုံးကဗျာပုဒ်ပါပဲ။ တနည်းအားဖြင့်ပြောရရင် ကြည်အေးရဲ့ “အနုပညာဆိုင်ရာ ဘ၀အမြင်ဆိုင်ရာ ကြေညာစာတမ်း”ပါပဲ။ 


ကြည်အေးရဲ့အစဉ်အလာက ဖောက်ထွက်ပြီး အများမြင်တဲ့အမြင်နဲ့ ဆန့်ကျင်ဘက် ပြောင်းပြန်ပန်တွေး ပြီးရေးတဲ့ အခြားကဗျာ ရှိပါသေးတယ်။ ဥပမာ “၂၀ ရာစုနှစ် အလွမ်းသစ်” လိုကဗျာမျိုးပါပဲ။

ကျနော်တို့ဟာ ကြည်အေးကို အဲဒီလိုကဗျာတွေ၊ အဲသလိုအယူအဆတွေ၊ အဲသလို တပ်မက် မှုတွေကြောင့် လေးနက်ခဲ့ကြတယ်။ ကြည်အေးဟာ မြန်မာပြည်ရဲ့ ပုဂ္ဂလဓိဋ္ဌာန် အဇတ္ထခံစားမှုကို တရှိုက်မက်မက် ရေးဖွဲ့နိုင်သူ။ မြန်မာပြည်ရဲ့ အစောဆုံးပေါ်ပေါက်လာခဲ့တဲ့ “အတ္တဘ၀အမှန်ဝါဒီ”။ ကြည်အေးဟာ အလှဝါဒီ၊ ဘ၀၀ါဒီ။ ဒီလို ကျနော်တို့ မော့ကြည့်ခဲ့ကြတယ်။ ဒီလိုနဲ့ ကြည်အေး ဟာ မြန်မာကဗျာနယ်ပယ်ထဲက သစ္စာသစ်ကို ရှာဖွေသူ၊ သစ္စာသစ်ကို ဆုပ်ကိုင်ရပ်တည်သူ။ ဒီလိုပဲ ကျနော်တို့ နေရာပေးခဲ့ကြရပါတယ်။



(၃)


၂၀၁၆ ခု၊ ဇွန်လထဲမှာ စန်းစသော်တာ စာပေတိုက်ကနေပြီး ကြည်အေး ရဲ့ “ပွင့်ဒင်္ဂ” ကဗျာစာအုပ် ထွက်လာပါတယ်။ ကြည်အေးရဲ့ကဗျာတွေကို တလုံးတစည်းတည်း မဖတ်ရတာကြာလို့ အပြေး အလွှား သွားဝယ်ပြီး ဖတ်ရပါတယ်။ ကဗျာပုဒ်ရေ ၁၈ ပုဒ်။ 


ပွင့်ဒင်္ဂ ကဗျာစာအုပ်ကို ဖတ်တဲ့အခါ ပထမဆုံး သတိပြုမိတဲ့အချက်က ဘာသာရေးအယူအဆ တချို့ကို ကာရံထည့်ပြီး ကဗျာအဖြစ် ဖော်ပြထားတဲ့ကဗျာစာအုပ်ဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ ကာရံထည့်ထားလို့သာ ကဗျာအဖြစ်ပြောရမလိုဖြစ်ပေမယ့် ကဗျာအငွေ့အသက် ခြောက်သယောင်း လွန်းလို့ စာအုပ်ကိုကိုင်ထားရင်း က တအံ့တသြ ငေးမောတွေးတောမိတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ 


ဒီကနေ့“ကြည်အေး” ဟာ အရင်က“ကြည်အေး” နဲ့ လုံးဝကြီး ခြားနားသွားခဲ့ပြီပဲ။ အထူးသဖြင့် အယူ အဆရေးရာကိစ္စမှာ ယခုကြည်အေးက ယခင်ကြည်အေးကို စွန့်ခွာသွားခဲ့ပြီပဲ။ ပွင့်ဒင်္ဂ ကဗျာ စာအုပ်ထဲက “ဒုတိယသစ္စာ” လို့ခေါင်းစဉ်တပ်ထားတဲ့ကဗျာမှာ ကြည်အေး အခုလိုရေးပါတယ်။


သူ စုံမက်သော ထိုသုခသည်
မမြဲသော တဏှာလောဘ
အားလုံး အားလုံး အနိစ္စ
နောက်ဆုံးဒုက္ခ ဒုက္ခသာ ကျန်ရှိ၏ဟု
ကြည့်တတ်က မြင်သိနိုင်သည်မှာ
ဒုတိယသစ္စာ
သမုဒယသစ္စာ
ကာမတဏှာ
ဘ၀တဏှာ
ဝိဘ၀တဏှာ။ ။


အဲဒါ “ပွင့်ဒင်္ဂ” ကဗျာစာအုပ် စာမျက်နှာ ၁၇ မှာဖော်ပြတဲ့ “ဒုတိယသစ္စာ” ကဗျာရဲ့ နောက်ဆုံး ကဗျာပိုဒ်ပါပဲ။ ဒါဟာ ကြည်အေး နောက်ဆုံးဖွဲ့သီတဲ့ကဗျာစာအုပ်ထဲက ကြည်အေးရဲ့တိမ်းစောင်း ပြောင်းလဲမှုကြီး အပေါ် ခြေရာခံလို့ရတဲ့ ကဗျာပိုဒ်ဖြစ်လာခဲ့ပါတယ်။ ပြီးတော့ နောက်ထပ် ခြေရာတခု။


ပဋိစ္စ သမုပ္ပါဒအရ
ဒုက္ခကြီးစွ
ဘ၀ကုဋေကဋာသည်
ဖြစ်ပျက်ခြင်းသာ
ဆင်းရဲခြင်းသာ ရှိမြဲ
မိုက်မဲစွဲလမ်း
တဏှာအစွမ်းဖြင့်
အ၀ိဇ္ဖာနှင့် လွမ်းသည်ကို
ရှက်ရ ကြောက်ရမှန်းမသိ…….


အခုတော့ ကြည်အေးက ဘ၀ကိုခုံမင်တာ၊ အလှကို စုံမက်တာ၊ သဘာဝကို ချစ်မက်တာတွေဟာ “ရှက်ရ မှန်း ကြောက်ရမှန်းမသိတဲ့အလုပ်တွေ”လို့ ဆိုလိုက်ပါပြီကော။ သူသည် သူ၏ အခြားကဗျာ တပုဒ်ဖြစ်သည့် “ချစ်သူဟူသည်မှာ” ကဗျာထဲ၌ “အချစ်ဖြစ် အချစ်ပျက်ကြ နှစ်သက်ခဲ့သမျှ ပျောက်ပြယ် သဲမှုန်မျှ မခင်တွယ်တော့ဘဲ” ဟုဆိုကာ သူ၏ မူလသစ္စာကို စွန့်ပယ်လိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့ပါပြီ။

ကျနော်ဆိုလိုခြင်း၊ ကျွန်တော်ရည်ညွှန်းပြောဆိုလိုခြင်းမှာ ကဗျာဆရာမကြီး ကြည်အေး ပြောင်းလဲ ကိုင်ဆွဲ သွားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အယူအဆတွေကို မှားသည်မှန်သည် ခွဲခြားပြောဆိုလိုရင်း အလျဉ်း မဟုတ်ပါ။ သူရဲ့ မူလပထမ ကိုင်စွဲယုံကြည်ခဲ့တဲ့ သူကိုယ်တိုင်က အမည်သညာမှည့်ခေါ်ခဲ့တဲ့ “သစ္စာသစ်” ကို လွင့်ပစ် လိုက်ပြီဖြစ်သည်ဆိုတဲ့အချက်ကိုသာ ညွှန်းလိုခြင်းဆိုလိုရင်း ဖြစ်ပါတယ်။ သူ့အနေနဲ့ တခြားမည်သည့် အယူအဆကိုပဲ ပြောင်းလဲကိုင်စွဲသည်ဖြစ်ပစေ ထိုပြောင်းလဲကိုင်စွဲတဲ့ အယူအဆကိစ္စမှာ သူ့ရွေးချယ်မှု သာဖြစ်ပါတယ်။ သူ့ကိစ္စသာဖြစ်ပါတယ်။ 


ထပ်ပြီး ပြောပါရစေ။ ကျနော်သည် ကဗျာဆရာမကြီး ကြည်အေး ပြောင်းလဲကိုင်စွဲသည့် အခြားသော အယူအဆအပေါ် ထင်မြင်ချက်ပေးလိုရင်းမဟုတ်ဘဲ ကဗျာဆရာမကြီး ကြည်အေးအနေနဲ့ ယခင် နှစ်ပေါင်း များစွာ သူကိုင်စွဲထားခဲ့တဲ့ အယူအဆကို စွန့်ပစ်ကာ အယူအဆအသစ်ကိုပြောင်းလဲ ကိုင်စွဲသွား ပြီဖြစ်ကြောင်းကိုသာ ထောက်ပြရည်ညွှန်းလိုပါတယ်။



(၄)


ဒီဆောင်းပါးကို ကဗျာဆရာမကြီး “ကြည်အေး” နဲ့ ခေတ်ပြိုင်လည်းဖြစ် ကြည်အေးနဲ့ မိတ်ဆွေရင်းချာ လည်းဖြစ်သူ ကွယ်လွန်သူကဗျာဆရာကြီး “ဒဂုန်တာရာ” ရဲ့ ကဗျာတပိုဒ်နဲ့ နိဂုံးချုပ်ချင်ပါတယ်။ ဆရာကြီး ဒဂုန်တာရာက သူ့ရဲ့ “ဒိုင်နိုဆော နှင့် ပန်းလိပ်ပြာ” ကဗျာမှာ အခုလို ရေးခဲ့ပါတယ်။


ငါ တမူကား
နေရာမပျက်၊ ယုံကြည်ချက်မပျက်
ငြိမ်းချမ်းရေးဘက်တွင်၊ အစဉ်ရှိလျက်
သမိုင်းသက်သေ၊ ရှာဖွေနိုင်သည်
ငါသည် သစ္စာဖောက်သလော။


ဒါကတော့ ဆရာကြီးဒဂုန်တာရာ ရေးခဲ့တာပါ။ ဆရာကြီးဒဂုန်တာရာ မကွယ်လွန်ခင် နှစ်အနည်းငယ် အတွင်းရေးခဲ့တဲ့ကဗျာပါ။ ဆရာကြီးဒဂုန်တာရာကို ကွယ်လွန်ချိန်အထိ သူ့မူလ အဘိဓမ္မာအပေါ် ခိုင်ခိုင် မာမာ ဆုပ်ကိုင်သွားခဲ့သူအဖြစ် တွေ့ကြရမှာပါ။


ကဗျာဆရာမကြီး ကြည်အေးကတော့ ဆရာကြီးဒဂုန်တာရာလို မဟုတ်ပါ။ ကဗျာဆရာမကြီးကြည်အေးက သူရဲ့ယခင်မူလ ယုံကြည်ထက်သန်ခဲ့ရာအယူအဆကို စွန့်ပစ်ကာ နောက်ထပ် ယုံကြည်ထက်သန်မှုတခု ကို ပြောင်းလဲဆွဲကိုင်သွားခဲ့ပြီဖြစ်ပါတယ်။ အဲသလို ပြောင်းလဲ သွားပြီဖြစ်ကြောင်းကို “ပွင့်ဒင်္ဂ” ကဗျာစာအုပ် က ငြင်းလို့မရနိုင်အောင် အခိုင်အမာသက်သေပြလိုက်ပြီ ဖြစ်ပါကြောင်း။


ငြိမ်းဝေ(ကဗျာ့အိုးဝေ)


စာအုပ်အမည်။ ။ ပွင့်ဒင်္ဂ
စာရေးသူ။ ။ ကြည်အေး
ထုတ်ဝေသူ။ ။ စန်းစသော်တာစာပေတိုက်
ထုတ်ဝေခုနှစ်။ ။ ဇွန်၊ ၂၀၁၆
တန်ဖိုး။ ။ ၂၀၀၀ ကျပ်