သစ်ခက်သံလွင် - ကာတွန်းဝင်းထွန်းရဲ့ ကာတွန်းအကြောင်း တစေ့တစောင်း-၈



ကာတွန်းအကြောင်း တစေ့ တစောင်း ... ၈ 



၈၈ အရေးအခင်းကာလက။ တနေ့ လမ်းလျှောက်ချီတက်ပွဲက အပြန် လမ်းမှာ ကာတွန်း ဆရာကြီးဦးမောင်စိန်နဲ့အတူ စုရပ်ကို ပြန်လာခဲ့တုန်းကပေါ့။ ပြောဖြစ်ခဲ့တာလေး သတိရမိ၏။
(ဆရာရေ ခုလိုသာဆို တနေ့ကျွန်တော်တို့ ဒီမိုရတော့မယ်...လွတ်လွတ်လပ်လပ် ကာတွန်းတွေ ရေးရတော့မယ်နော် ဆရာ) ... ဆိုတော့ ဆရာက (ငါတော့မထင်ဘူးကွ ... ခေတ်ကောင်းသွားရင် ရေးစရာ နည်းမယ်။ ခုနေကမှ မကိုးမကားတွေနဲ့ ရေးလို့ကောင်းပါ့) လို့ ပြန်ဖြေတယ်
 ကာတွန်း ...အိုက်ဒီယာအတွက် ... စိတ်ကူးခြင်းအလုပ်

ကျွန်တော်နဲ့အတူ ကာတွန်းပညာလေ့လာနေတဲ့ လူငယ်တစုနဲ့ နေ့စဉ်တွေ့မေးကြ ... ဖြေကြ ပြောကြနဲ့ သတိထားမိလာတာက ... ကာတွန်းဆရာရဲ့အဓိကအလုပ် ဘာလဲဆိုတာပါပဲ။

တနေ့တနေ့ကာတွန်းသမားတွေဟာ ... ဘာရေးရင်ကောင်းမလဲလို့ ကိုယ့်ဟာကို မေးနေမိကြမှာပါပဲ။ ကျွန်တော့်အတွက်တော့ ရေးမယ်လုပ်တိုင်း ကိုယ့်ဟာကိုယ် ပြန် မေးနေကျဖြစ်၏။

စိတ်ထဲဘာမှ မပေါ်ရင် အရင်က မှတ်ထားဖူးတဲ့ မှတ်စုစာအုပ်ဟောင်း (အခုတော့ စမတ်ဖုန်းလေး ထဲမှာပေါ့လေ ဟေဟေး) ပြန်ကြည့်မိ၏။ တခါခါ မရေးဖြစ်သေးတာ ပြန်တွေ့၏။ ... တခါခါ ဘာမှ မရှိတော့ အကုန်ရေးပြီးနေပြီ ဖြစ်သတည်း ...။

ကဲ ကိုယ်ကလည်း ရေးချိန်တန်ရေးချင် ... ဖတ်နေကျ ပရိသတ်ကလည်း စောင့်နေမယ်ဆိုတာ ကိုယ်လည်း အသိ။ ... အော် ... (အင်းပါကွ .. ငါ သိပါတယ် ..) အဟဲ ..မိန်းမကို လှည့်ပြောနေတာပါ)
အလကားပါ။ နောက်ကနေ မိန်းမက ခါးလာတို့တယ်။ ဆန်းဖိုးရှာဦးတဲ့၊ ညအတွက် ဖယောင်းတိုင် လည်း ဝယ်ရဦးမယ်တဲ့။ ကလေးတွေ ကျောင်းထားရဦးမယ်တဲ့ .... (ဝူး ....) ... ပိုက်ဆံမရတာတွေ ဒီ ဖေ့စ်ဘွတ်မှာ လျှောက်ရေး လျှောက်ပွားမနေနဲ့တဲ့။  ခိ ခိ... ဟုတ်လည်း ဟုတ်တာပဲလေ။

အေးပါ ခနလေးပါ ပွားရင်း ကာတွန်းလည်း ရေးပါမယ်လို့ ကတိပေးလိုက်ရတယ်။ အဟဲ ...
ဘယ်ရောက်သွားလဲမသိ ။ အော ...ကဲ အိမ်ကတွန်း ... ဗိုက်ကတွန်းတော့ .. ရေးစရာအိုက်ဒီယာ အိုက်ဒီယာလို၏။ ရှာရမယ်လေ ...

ဟုတ်တယ် ကျွန်တော်နဲ့ပွားနေကျ လူငယ်ကာတွန်းဆရာလေးတွေကို ပြောပြနေကျ စိတ်ကူး ဘယ်လိုတွေး ဘယ်လိုထုတ်နဲ့ပေါ့။ ကဲ ဒီနေ့ဘယ်လိုရှာမလဲ ပြောပြရဦးမယ်။

အမှန်တော့ မခက်ပါဘူး ။ ကာတွန်းဆိုတာ စိတ်ကူးယဉ်တာတွေကိုပါ ရေးလို့ရတဲ့ ကဗျာ ... ဝတ္တုတွေလိုမှ မဟုတ်တာ။ လူတွေရှိ ကာတွန်းရှိရမှာပေါ့။ သတင်းရှိ ကာတွန်းပဲပေါ့။ အတင်းရှိ ကာတွန်းပဲပေါ့။ ဗိုလ်လို ခပ်တည်တည်နဲ့ညှပ်ပြောရရင် No man is Perfect တဲ့ ....။ ဒါဆို ပြီးနေတာပဲ။ ဘယ်မယ် ရေးစရာရှား လို့လဲ ... ပေါမှပေါ။

အရင်ပြောခဲ့ဖူးပါတယ် ... ၈၈ အရေးအခင်းကာလက။ တနေ့ လမ်းလျှောက်ချီတက်ပွဲက အပြန် လမ်းမှာ ကာတွန်း ဆရာကြီးဦးမောင်စိန်နဲ့အတူ စုရပ်ကို ပြန်လာခဲ့တုန်းကပေါ့။ ပြောဖြစ်ခဲ့တာလေး သတိရမိ၏။

(ဆရာရေ ခုလိုသာဆို တနေ့ကျွန်တော်တို့ ဒီမိုရတော့မယ် ... လွတ်လွတ်လပ်လပ် ကာတွန်းတွေ ရေး ရတော့မယ်နော် ဆရာ) ... ဆိုတော့ ဆရာက (ငါတော့မထင်ဘူးကွ ... ခေတ်ကောင်းသွားရင် ရေးစရာ နည်းမယ်။ ခုနေကမှ မကိုးမကားတွေ နဲ့ ရေးလို့ကောင်းပါ့) လို့ ပြန်ဖြေတယ် ။ ပြီး ဆရာတပည့် ၂ ယောက် တဟားဟားနဲ့ အားရပါးရ ရယ်မိ ခဲ့ကြတယ်။

အင်း...ခု စဉ်းစားကြည့်တော့ ဆရာသာရှိရင် ..မထူးပါဘူး မောင်ဝင်းထွန်းရယ် ..ခုလည်း ဆော်စရာ တွေ အများသား ဟု ပြောလေမလားမသိ။  ခေတ်သာပြောင်းသလိုရှိပေမယ့် လူဟာလူပဲလေ ... ဟေဟေ့

လူငယ်ကာတွန်းဆရာလေးတွေကို ... ကာတွန်းဆရာလုပ်ဖို့ ...
၁။ စာဖတ်ပါဟုဆိုခဲ့သည်။ (အထူးရှင်းပြစရာမလိုပါ ... ကိုယ်လက်လှမ်းမမီသောအရာများအလားလုံး စာအုပ်ထဲတွင်ရှိ၏။)(မဖတ်သင့်သော စာမရှိ ... ဖတ်ပြီး မယူသင့်သော ... မမှတ်သင့်သော စာသာရှိတတ်သည်။)
၂။ လူတွေအကြောင်း ..ရပ်ကွက်ထဲမှာ ..လက်ဖက်ရည်ဆိုင်မှာ ...လေ့လာပါ ... အခုဆို ဖေ့စ်ဘွတ်မှာ ပိုစုံ၏။
၃။ ပြီးရင် စိတ်က ကျိုးကြောင်း ဆင်ခြင်စိတ်နဲ့ရှုမြင်ကြည့်ပါ ... စဉ်းစားတွေးခေါ်ကြည့်ပါ။ အမှားအမှန်ကအစ ကမောက်ကမ အဖြစ်အဆုံး ... (စိတ်ကူးယဉ်တာမပါ ဟေဟေး) (စိတ်ကူးယဉ်တာလည်း တွေးရင် ကာတွန်းပဲလေ)
၎။ သတင်းစာ ... ရေဒီယို ... တီဗွီသတင်းကအစ ဖတ်ပါ လေ့လာပါ နားထောင်ပါ ...

ရေးစရာဟု မြင်လာပါက ချက်ချင်း အလောတကြီးချမရေးစေချင် ... အပြန်အလှန် ... ရှေ့ပြန်နောက်ပြန် လှည့်ပတ်စဉ်းစားပါ . ဘာလို့လဲဆိုတော့ များသောအားဖြင့် မှားတာတခုတွေ့တိုင်း ပြစ်တင်စကားလုံး ချရေးပြီး ရေးရုံနဲ့ ကာတွန်းဆရာ တာဝန်မကျေပါ။ ကာတွန်းမမြောက်ပါ။ လူတိုင်းအပြစ်တင်တတ်သည်။ ဥပမာ ဝန်ကြီးပြောတာ မဟုတ်ရင် လူတိုင်းဆဲတတ်ပါတယ်။ ကာတွန်းက အဲဒီထဲ ပါမသွားသင့် ။ အဲဒါကို ရေးဦးတော့ ကာတွန်းအဆင့်မီမီ ရေးသင့်၏။

ကာတွန်းက ကာတွန်းရသဆိုတာ ပါသင့်တယ် ....။ ကာတွန်းပုံစံ ဝင်သင့်တယ်လေ။ ဟိုက နီတယ်ပြော တာကို မနီဘူးကွ ပြန်ပြောပြီး အရုပ်ထည့်ရုံနဲ့ကာတွန်းမဖြစ်သေး။ လူတွေကတော့ သူတို့မကျေနပ်မှု ကို ရေးပြတဲ့ကာတွန်းအားပေးတာ မဆန်းပါဘူး ... like သန်းနဲ့ချီရနိုင်ပါသည်။ ဒါပေမဲ့ သင့်ဟာ သင် ပြန်စဉ်းစားပါ ။ ငါ ပညာရှင်အဆင့်ရှိသလား ။ လက်တွေ့ပဲ ကြားနေရပါသည်။ လူတွေကြိုက်တဲ့သူကို ကာတွန်းရေးတော့ အဆဲခံရသည်။ သူတို့မုန်းသူရေးရင် အားပေးသည်။ ဒါလူ့သဘာဝပါ။

ဒီတော့ မကျေနပ်တာတခုတည်း ...အမှားမြင်တာတခုတည်းနဲ့ အတင်းရေးဖို့ မကြိုးစားစေချင်ပါ။ မိမိမှာ စေတနာအပြည့်ထားပြီး သုံးသပ်ပါ ။ ကာတွန်းအဖြစ် ဖန်တီးပါ ... တွေးကြည့်ပါဦး …။ ကျွန်တော်တို့ ကာတွန်းတွေဟာ မကောင်းမြင်ယုံသက်သက် မရေးသင့် ... ပြုပြင်စေချင်တဲ့ စေတနာ အပြည့်ပါသင့်၏။ (ပြင်ခြင်း မပြင်ခြင်းက သူတို့အလုပ်ပါ)

၁။ စကားလုံးချရေးကြည့်ပါ ... (ကျွန်တော်ဆို ခဏခဏ ပြန်ရွတ်ဆိုကြည့်ပါတယ်။ ရပ်ကွက်ထဲက လူတွေ ပြောစကားမျိုးဖြစ်အောင် အပြန်အလှန် ရွတ်ဆိုပြီး ချရေးပါတယ်။ ငါ့စကားလုံး သာမန်လူကအစ နားလည်ပါ့မလား .. အမြဲတွေးကြည့်ပါတယ်။ စကားလုံးပါတဲ့ကာတွန်းဟာ တလုံးလို တလုံးမှားရင် ကာတွန်းပျက်တတ်ပါတယ်။
၂။ နောက် ဘယ်လိုပုံဖော်မလဲ ... စဉ်းစားပါတယ်။ နောက်လိုတဲ့ ဇာတ်ကောင်ရွေးပါတယ် ။ မိန်းမ ယောက်ျား အဘိုးကြီး အဘွားကြီး ကလေးလား ... နောက် လူတန်းစား ... ဆင်းရဲချမ်းသာ ပြီးတော့ ... နောက်ခံက ဘာထည့်ရေးမလဲ ... လိုမလို ...။
၃။ နောက်ဆုံး စက္ကူယူ ခဲတန်နဲ့ စာချရေးကြည့်၏ ... ပုံရေးကြည့်၏ ... ပြီးတော့ အဲဒါကို ထိုင်ကြည့်ပြီး ကာတွန်းကို ကိုယ်တိုင်ပရိသတ်အနေနဲ့ ပြန်ဖတ်၏
၎။ ပြီးတော့ လိုသလို အချောရေး၏။
၅။ တခါခါ အနားရှိ တယောက်ယောက်ကို ပြချင် ပြကြည့်လိုက်သေး၏ ...နားလည်ပါ့မလား

ဒါကျွန်တော်လုပ်နေကျလေ ...

နောက်တခုက ... လူငယ်ကာတွန်းသမားအများစုက ... နိုင်ငံရေးကာတွန်းပဲ ရေးချင်နေသလားတော့ မသိပါ ။ တခြားကာတွန်းရေးတာ အလွန်နည်း၏။ ရေးတော့လည်း ဟာသသိပ်မမြောက်။ ရေးနေ ကျ နိုင်ငံရေးသမားတွေကို ဆော်သလိုပဲ ဖြစ်နေ၏။ ထောင့်တောင့်တောင့်ကြီး။ ... တင်းမာနေ၏။ ချစ်စရာမကောင်း ..ရယ်စရာမကောင်း ...ဖတ်ရတာ နင့်နင့်နဲနဲ အောင့်သက်သက်ကြီးဖြစ်နေ သည်။ ရေးစရာအများကြီးရှိသလို ရေးနိုင်အောင် လေ့လာပြီး စုံအောင်ရေးတတ်စေချင်၏။

နောက် နိုင်ငံရေးဖြစ်ရပ်မရှိရင် သူတို့ကာတွန်း သိပ်မတွေ့ရပါ။ သူတို့ကြိုက်တဲ့ ခေါင်းဆောင်နောက် လိုက်ပြီး ရေးမိနေတာတွေ့၏။  အပြတ်ပြောရရင် ဖားသလို ဖြစ်နေသတည်း။ နိုင်ငံရေးသမား ... နိုင်ငံရေးဖြစ်ရပ်အတွက် ကာတွန်းဆရာက ကြိုက်နိုင်သည် လူသားအနေနဲ့အပြင်မှာ ထောက်ခံနိုင် သည်။ ... ကာတွန်းက ထောက်ခံကာတွန်းဖြစ်နေဖို့မသင့်။ ကာတွန်းသဘာဝ ပျက်စီးလေသတည်း။

ကျွန်တော် အခု ပြည်သူရွေးတဲ့အစိုးရသစ်ကို လက်ခံသည်။ ကျေနပ်မှုအတိုင်းအတာတခုအထိ ရှိသည်။ သို့သော် ကျွန်တော့် ကာတွန်းရေးသည့်လက်က သူတို့ကို စောင့်ကြည့်၍ မှားရင် ရေးမည်သာ။ နားမလည်သော သူများ လာဆဲလည်း ကျွန်တော့်အလုပ် ကျွန်တော် လျှော့မည် မဟုတ်ပါ။ (ဝေးနေလို့ပြောခြင်းမဟုတ်ပါ ... အဲဒီမှာရှိလည်း ရေးမည်သာ)

ခုတလော ဒီမှာရေးနေသော ကာတွန်းများသည် ဒီ ဖေ့စ်ဘွတ်က နေ့စဉ်ဖတ် နေ့စဉ်တွေ့နေတာတွေကို ကာတွန်းအဖြစ် ပြန်ဖန်တီနေခြင်းသာ ဖြစ်သည်။  ရေးစရာတွေ တပုံကြီးပါ။ ရေးတတ်ရင် ကာတွန်းဖြစ် မည်ဟု ဆိုလိုက်ချင်ပါသည်။

ဒီမှာ လူတွေ တင်ချင်တာအကုန်တင်၏။ တွေ့တာတွေ ကျွန်တော်စိတ်က လေ့ကျင့်ထာသလို အလိုလို စိတ်ကူးထွက်လာ၏။(ကာတွန်းသမားဆိုတာ ညှစ်ထုတ်နေစရာမလိုပါ။ အလိုလိုစိတ်ထဲ ထွက်လာ သင့်သည်။

(လူငယ်များအနေနဲ့ စိတ်ကူးထုတ်ခြင်းကို လေ့ကျင့်ခန်းယူသလို လေ့ကျင့်စေချင်၏)

ခု ဖေ့စ်ဘွတ်ကရတဲ့ အိုက်ဒီယာတွေကို ဥပမာအဖြစ် ပြောပြချင်ပါတယ် ...

တနေ့ကပဲ ပြည်သူ တင်တဲ့ဝန်ကြီးတပါး မြန်မာပြည်ရဲ့ ကျေးဇူးရှင်လို့တင်စားခဲ့တဲ့ လယ်သမားများကို မကိုးမကား အပြစ်တင် ပြောဆိုနေလေ၏။ ခု လယ်သမားများ မှားယွင်းလုပ်နေမိဦးတော့ ဘာကြောင့် မှားနေကြသနည်း။ ဘယ်လိုကူညီ ဖြေရှင်းမလဲ မပြောဘဲ  အပြစ်တင်တာ လူတိုင်း လုပ်တတ်၏။ ဒါသူ့အဆင့် စကားမဟုတ်။ ဒီတော့ ကာတွန်းရေးရေးမိ၏  ဒါပေမဲ့ သိပ်မကြိုက်လို ... မတင်ဖြစ်ခဲ့ ... (အောက်မှာဖတ်ကြည့်ပါ ... Burmese Speaking Calss လို့ ရေးထားပါတယ်)

တလောက နိုင်ငံရေးခေါင်းဆောင်တယောက်ကို အနုပညာရှင်တချို့ပါပါဝင်ပြီး အလွန်အကျွံ ချီးမြှောက်နေ ၏။ (ကြားထဲက ကာတွန်းဆရာတောင် ဘဝင်မြင့်ချင်လာသည် )။ ခေါင်းဆောင်ဆိုသူလည်း  ပုထုဇဉ်ပေပဲ ... ရင်ထဲတော့ လူမသိသူမသိ ပီတိဖြစ်၏။ ဘဝင်သို့ ကူးပြောင်းက တိုင်းပြည်ပျက်မည်။ တရားခံက အဲဒီခေါင်းဆောင်မဟုတ် ... မြှောက်တဲ့လူတွေဖြစ်၏။ ဒါနဲ့တဖက်လှည့်တွေးပြီး (အတိုင်ပင်ခံရာထူးမပေးလို့ ဆိုတဲ့ ကာတွန်းရေးတင်မိ၏ ။ နည်းနည်းတော့ မျက်စောင့်ထိုးကြမည်ပ။

တလောက လူချစ်များတဲ့သူကို အနုပညာရှင်တော်တော်များများကပါ ဝိုင်းပုံရေး ချီးမြှောက်တာ များနေကြ သည် ။

ခုတလော ... အသည်းကွဲတာတွေ ... စိတ်ညစ်တာတွေ ... တင်သူများလာသဖြင့် နောက်ကာတွန်းတပုဒ်ရေးဖြစ်၏။ ကိုချစ်စရာ စမတ်ဖုန်းက မျက်ရည်တွေကျနေပုံ

မိန်းကလေးတွေ ... မိန်းကလေးသဘာဝ သူတို့အလှတွေ ရိုက်၍ တင်တတ်ကြသည်။  ကျားသတ္တဝါ အားလုံးက မျက်စေ့စားပွဲထိုင်ကြသည်။ နည်းနည်းဝသူလေးတွေလည်း ပါ၏ ... သူတို့ကလည်း လှသမျှ ပြလို၏ ကောင်း၏။ ဖေ့စ်ဘွတ်မှာ လှတာလေးတွေလဲရှိသင့်၏ ... ဟေဟေ့။ ... ဒါပေမဲ့ ကာတွန်း ဆရာပီပီ နောက်ချင်၏။ ဒါနဲ့ (ဝ လို့ ... လှလို့...) ဟု ကာတွန်းရေးတင်လိုက်၏။

တလောက ...ကိုယ်ကတော့ သူများကို လိုက်ဝေဖန်နေကျ ... သူ့ကို တန်ပြန် ... ပြန်ကောသူနဲ့လည်း ကြု့ရော ... ပြန်ကော ဖြေရှင်းချက်ပို့စ်တွေ အများကြီးပြန်တင်တာတွေ့လိုက်၏။ ဒါအတွက် ပညာရှိကာတွန်း (ပြန်ဝေဖန်ကြလို့တဲ့ ...) ကာတွန်းရေးတင်လိုက်၏။

တခါတခါကျတော့ ... သူများတွေကြည့်ပြီး ခုလိုကာတွန်းတွေလိုက်ရေးတင်နဲ့ ကိုယ်ပါ ဓာတ်ကူး ရူးချင်စိတ် ပေါ်လာဖူး၏။ အဲဒီအတွက နောက်ဆုံးကာတွန်းလေးရေးတင်လိုက်သတည်း။ (လောကကြီးမှာဗျာ ... ဟားစရာလူတွေ ချည်းပဲ) တဲ့ ... ကိုယ်လဲအတူတူလေ။

နောက်ဆုံးတခုကတော့ လာဘ်စားတာနဲ့ပတ်သက်လို့ပါ။ လာဘ်စားတာ နိုင်ငံမှာ တာဝန်ရှိသူ အဆင့် အမျိုးမျိုးကပါ။ အထက်ပိုင်းက ပိုချမ်းသာချင်လို့ပါ အောက်ပိုင်းက လစာမလုံးလောက်လို့ပါ။ လုံးဝ ပပျောက်သင့်တာအမှန်ပါ။ ဒါပေမဲ့ သတိထားစရာလေးတခုကို ကျွန်တော် ဒီလိုမြင်ပါတယ်လို့ ကျွန်တော်နဲ့ အတူ ကာတွန်းလေ့လာတဲ့လူငယ်များကို နမူနာအဖြစ် ခံကြမ်းပုံလေးရေးပြခဲ့ပါတယ်။ (ကြည့်ကြည့်ပါ နောက်ဆုံးပုံပါ)

ကျွန်တော်ရေးတဲ့ ကာတွန်းတိုင်း ဒီ ဖဘက ဘယ်လိုရခဲ့ တွေးခဲ့လဲ ပြောပြနေရင် ကုန်မှာ မဟုတ်တော့ဘူး။ ကျွန်တော် တနေ့ကို အနည်းဆုံးတပုံကနေ ၃ ပုံလောက်အထိ ရေးတတ်တယ်။  စိတ်ကူးအားလုံး ဒီ ဖေ့စ်ဘွတ်ကရတာပါ။ ... မြန်မာပြည်မှာပြန်နေရင် ... မျက်မြင်စိတ်ကူး ထပ်ထုတ်မိပါမည်။ ဆိုလိုတာက ကိုယ့်စိတ်ကို ကိုယ်လေ့ကျင့်ပြုပြင်ထားရင် မကိုးမကား မြင်တာတွေ့တာ ကြားတာနဲ့ ချရေးရုံပါပဲလို့ ...ကျွန်တော့် ကာတွန်းဆရာလေးများတို့ကို ပြောပြချင်ပါတယ်။

အားလုံးပျော်ရွှင်ကြပါစေ ...
ကာတွန်းလူငယ်များလည်း တွေးတတ်ပြီး ကာတွန်း အိုက်ဒီယာ ရှာတတ်ပါစေ ...။


 

Comments