သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မြတ်လှိုင်း၊ မင်းငြိမ်းအေး၊ ဇာနည်သွေး(ပလိပ်) တို့၏ကဗျာများ

ငါ မကျက်ဖြစ်ခဲ့တဲ့ ပုစ္ဆာ

improvedandnew.blogspot.com
ထီးတချောင်းကို
ငါ ဘယ်တော့မှဆောင်မထားခဲ့
ငါ့အပေါ်ခဏခဏ မိုးတွေရွာချခဲ့တယ်
လေစိမ်းတွေတိုက်လို့အကြိမ်ကြိမ်ဖျားခဲ့တယ်
ဒါလဲ အရေးမကြီးသေးဘူး။
ကော်ဖီကခါးသီးတယ်
သေရည်တခွက်က ချိုမြနေတယ်
ငါက မီးခိုးငွေ့တွေကိုရှုရှိုက်နေခဲ့တယ်
လူတွေနဲ့ဆန့်ကျင်နေမှုကိုချစ်တတ်တယ်
မိန်းမတယောက်ရဲ့အလှကိုစွဲမက်ခဲ့တယ်
ဒါလည်း အရေးမကြီးသေးဘူး။
အခန်းကျဉ်းလေးထဲမှာနေခဲ့တယ်
ခရီးဝေးထွက်ရမှာပျင်းခဲ့တယ်
ဒါပေမဲ့
ငါ့အတွေးက ကမ္ဘာအနှံ့ရောက်ဖူးခဲ့တယ်
မြစ်တမြစ်မှာ ရေအကြိမ်ကြိမ်ချိုးဖို့
ရေစီးနဲ့အတူလိုက်မျောပါခဲ့ဖူးတယ်
ဒါလည်း အရေးမကြီးသေးဘူး။
ကြီးကြီးကျယ်ကျယ်ပြောမယ်
ကားလ်မတ်ဆီအလည်သွားဖူးတယ်
ပီကာဆိုနဲ့စကားစမြည်ပြောဖူးတယ်
ဗန်ဂိုးရဲ့အာလူးစားသူများကိုလုယူဖူးတယ်
တဂိုးကိုသွားငြင်းဆိုဖူးတယ်
သူတောင်းစားတယောက်ရဲ့ခွက်ထဲကညစာကို
မြိန်မြိန်ယှက်ယှက်စားခဲ့ဖူးတယ်
ဒါလည်း အရေးကြီးတယ်လို့မထင်သေးဘူး။
ဒါဆို
ဘာအရေးကြီးလဲ
လူတွေရဲ့မျက်နှာကိုစေ့စေ့ကြည့်ပြီး
လိုက်မေးတယ်
ဘယ်သူကဘာဆိုတာမဖတ်တတ်ပဲ
ခေါင်းတခြမ်းအမြဲကိုက်နေတာပဲသိနေတဲ့
ငါအရမ်းညံ့လွန်းခဲ့တယ်။
  ။ 

မြတ်လှိုင်း

 
….

အာရပ်နွေဦး
 
abstractartpictureswallpaper.blogspot.com
ကျမ်းစာရွတ်သံတွေနဲ့
ဆက်တန်းရှည်အကူးအပြောင်းများ
လုံခြုံရေးယဉ်တန်းဝင်လာမယ်
စားနပ်ရိက္ခာပြတ်တောက်မယ်
ရေနံတွင်း တတွင်းမှာ
အပြောင်းအလဲကိုလိုလားတဲ့
ဖယောင်းသားတွေမှ
မီးရှို့မပစ်ရင်
ကျုပ်တို့ဘာဆက်လုပ်မှာလဲ
မဒမ်တူးဆော့ရဲ့ဖယောင်းရုပ်တုတွေက
အနုပညာမဟုတ်ဘူး
သက်ရင့်အနည်ကျကျောက်အောက်မှာ
ကိန်းအောင်းနေရတဲ့ရေနဲ့
သေကြေပျက်စီးသွားတဲ့
အနုဇီဝပိုးမွှားတွေပေါင်းစပ်ရုံပဲလား
တွင်းသားတွေရဲ့၊ သလိပ်၊ အညစ်အကြေးနဲ့
ရင်ကပွက်ထလာတဲ့၊ အသေခံဗုံးခွဲသူတွေ
ရက်လွန်သေနတ်တွေရောမပါဘူးလား
မြေအောက်ပိုက်လိုင်းကနေ
မြေပေါ်ထောင်ထွက်လာတဲ့၊ အစိမ်းရောင်စည်တွေ
ဒီနေ့ပေါက်ဈေးက
လူတစ်ရာမှာ၊ ကိုးဆယ့်ကိုးယောက်သေဆုံးတယ်
ကုလသမဂ္ဂရဲ့အလံက
အပြာရောင်လွင့်လွင့်လာတယ်
ရှေးအကျဆုံးသဲနာရီက
သဲမှုန်တွေတစ်မှုန်ချင်းကျနေတုန်း
စွံပလွံတန်းနဲ့
ခရီးသွားကုလားအုပ်တွေ
ခက်ခဲတဲ့ရေအိတ်တွေ
ယဉ်ကျေးမှုဆိုတာ၊ အသွင်ပြောင်းကျောက်လို
ဖိအားနဲ့ဘေးတိုက်ရွေ့လျားမှုလိုသလား
ပိုးသားရင်စည်းဟာ
ဘာကိုမှဖုံးအုပ်မထားဘူး
ဒါပေမဲ့
ဒါဟာ၊ စိတ်ကိုကြွစေနိုင်တယ်။

မင်းငြိမ်းအေး


ရန်သူနံပါတ် တစ်
 
osnatfineart.com
ရန်သူမျိုးငါးပါးရဲ့
ထိပ်စည်းဂဏန်းဟာ
ဖားအော်သံတွေ ညာသံပေးပြီး
ဖရိုဖရဲနဲ့ ချီတက်လာတယ်
ပုရွက်ဆိတ်နဲ့ကြွက်တွေလို
ငါတို့ဟာ
ကြက် ဝက် နွား ဆိတ်တွေနဲ့အတူ
မြေပြင်ရှိရာ အလုအယက်ရွေ့ရ
ငါတို့အဖြစ်ဟာ
ကိုလိုနီခေတ်ကလိုပဲ
မြစ်ကြောက်ရ အင်းလန့်ရနဲ့
အရပ်လေးမျက်နှာကို
ခံစစ်ဖွင့်ထားရသလို
နေ့နေ့ ညည
ကိုယ့်မိသားစုကိုယ် အဆင်သင့်ထုပ်ပိုးရင်း
ကိုယ့်အိမ်နီးနားချင်းတွေရဲ့အသံကို
ခါတိုင်းထက် ပိုနားစွင့်ထားရတယ်
တဖြည်းဖြည်းနဲ့
ရန်သူဟာ မြင့် မြင့်လာသလို
တဖြည်းဖြည်းနဲ့
ငါတို့ခံတပ်ဟာ နိမ့် နိမ့်လာတယ်
တဖြည်းဖြည်းနဲ့
သိပ်မကြာလိုက်ဘူး
မြစ်နဲ့အင်းက ဝမ်းဆက်ဖြစ်သွားတယ်
ငါတို့က သုံ့ပန်းတွေလို
လှုပ် လှုပ် ရွ ရွ ……။ ။

ဇာနည်သွေး ( ပလိပ် )
27. 7. 2016
01:08 AM

Comments