သစ်ခက်သံလွင်ကဗျာစင်မြင့်၊ မင်းနဒီခ၊ ရွက်လှ၊ နွန်လတ်တို့ရဲ့ကဗျာများ

မိသားစုကဗျာ
lovestatues.com
  တနင်္ဂနွေ က
ကားပေါ်က အဆင်း
တနင်္လာ က
လေယာဉ်ပျံကြီးစီးထွက်သွားလည်း
ငေးကြည့်နေရတာပါပဲ။


မိသားစုလေ
တံခါးရွက်များလို
မနက်မိုးလင်းတာနဲ့ တယောက်တနေရာစီ
နေဝင်မိုးချုပ်မှ ပြန်ဆုံကြရတယ်
လွမ်းရေးထက် ဝမ်းရေးခက်နေတဲ့ ဘဝကြီး
နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာကို စွန့်ခွာပြီး
ငါတို့ ဘာတွေ လိုက်ရှာနေရဦးမှာလဲ။


ရှင်သန်မှုက ခက်တယ်
နေထိုင်မှုက ပိုခက်ခဲတယ်
ဒီလိုတွေ ပြောပြီး ငါတို့ ငိုခဲ့
ဒီလိုတွေ ပြောပြီး ငါတို့ ရယ်ခဲ့
ဖယောင်းတိုင်မီးများလို
တယောက်အပူနဲ့ တယောက်တောက်လောင်ပြီး
ငါတို့ ပျော်ကြတယ်။


မိသားစုလေ
ခေတ်ကြီးကို လှလှပပ ခံစားဖို့
လုံလောက်တဲ့ အနုပညာ မရှိလည်း ဖြစ်တယ်
နွေ မိုး ဆောင်း ဘယ်ဥတုဖြစ်ဖြစ်
အကာအကွယ် မရှိလည်း ဖြစ်တယ်
နေ့နဲ့ ညတွေကို အတူတူဖြတ်သန်းဖို့
ဇိမ်ခံပစ္စည်းတွေ မရှိလည်း ဖြစ်တယ်။


မိသားစုလေ
စက်ဝိုင်းလေး တဝိုင်းလို
ဘယ်အနားမှ ပဲ့လို့ မဖြစ်ဘူး
ရေပိုက်လေးတချောင်းလို
ဘယ်နေရာကမှ ပေါက်လို့ မရဘူး။


ရေလိုလည်း
အတူတူ စီးဆင်း
မီးလိုလည်း
အတူတူ တောက်လောင်
တယောက်ရင်ထဲ တယောက်ထည့်ပွေ့လို့
နွေးရတယ်
တယောက်ပင်လယ်ထဲ တယောက်လက်ပစ်လို့
ကူးရတယ်

မိသားစုလေ
ရေအဆုံး မမောတမ်း
မြေအဆုံး မမောတမ်း။

မင်းနဒီခ 


ဟယ်လင်ရဲ့အဝါရောင်ဒိုင်ယာလော့စ်
 
www.simonsgallery.com
 နေရောင်ခြည်ကို
ဇစ်ဆွဲဖွင့်လိုက်တယ်
တယောက်တည်း အပူဒဏ်တွေက
ငါ့စိတ်မှာ လာလာပိနေတယ်။


ဟယ်လင်ရေ...
မိုက်ရိုင်းမှု အားလုံးကို
မင်းအပြုံးနဲ့ ခိုင်းစေလိုက်တယ်နော်။


ငါ့မှာ
လူပြောသူပြောများနေတဲ့
ယဉ်ကျေးမှု စကားလုံးနဲ့
တဝုန်းဝုန်း လဲကျသေဆုံး။


ကျည်ဆံ/ သွေးစ/ ရွှံ့ညွှန် မှာ
မှောက်ခုံလဲနေသော
အလောင်းကောင်များ
တကိုယ်စာ စိုစွတ်မှုကို
လက်ဖမိုးနဲ့သုတ်ခဲ့ရသော
မိုးရေစက်များ
ငါ.....
ဘယ်အသိုင်းဝိုင်းကို သွားဆုတောင်းရမလဲ။


ဟယ်လင်...
ဟယ်လင်ရေ...
နင်ဟာ
နတ်ဘုရားတွေထက်
တစ်ဆင့်မြင့်တဲ့
အတွေး/ အသွေးအသား ဖောက်ထုတ်စားတဲ့ နတ်ဘုရား။


အဝါရောင်နတ်ဆိုးများရဲ့ကျိန်စာ။


ပြောရရင်
ချစ်ခြင်းမေတ္တာအကြောင်း
တချို့လူတွေ
အပို သိပ်လုပ်လွန်းတယ်

ငါ
သေ ဆုံး ပစ် လိုက်ဖို့...။

ရွက်လှ



ပျားရည် 

 
www.pinterest.com

ကာတဲ့ထန်းလက်ဟာ စက်ကွင်းမိသွားတယ်
မီးလောင် ပြာကျ

ညောင်သီးက ညောင်ပင်မှာရှိလို့လား
လေးနဲ့ မြားဟာ အသံမထွက်ပဲ ရင်ကိုဖောက်ဝင်ဖို့ အသင့်ပါတဲ့

ငါတို့ခေတ်မှာ ဓားသွားတွေဟာ ပိုထက်လာပြီး
ပျားရည်ကတော့ ခြောက်ကပ်နေပါပြီ။ ။

နွန်လတ်

Comments