Wednesday, August 31, 2016

k

သစ်ခက်သံလွင် အက်ဆေး၊ နေနေရဲ့ ကျနော့် မှတ်စု



ကျနော့် မှတ်စု
နေနေ
 
genevaanderson.wordpress.com
မြန်မာပြည်မှာ နိုင်ငံရေးသမားတွေ ထပ်မလိုတော့ဘူးဆိုတဲ့ ကိုယ့်အမြင် ကိုလည်း ပြောပြတယ်။ အမျိုးသားကြေးရတတ်တွေ မရှိခင်မှာ အိန္ဒိယလိုခေတ်ပညာတတ်တွေနဲ့ ဂုဏ်သိက္ခာရှိရှိအလုပ်လုပ်တဲ့ မြန်မာပညာရှင်တွေ ကို မွေးထုတ်ပေးဖို့ပိုလိုလားတယ်လို့ ပြောတယ်။ မျက်စိထဲမှာ မျက်တွင်းဟောက်ပက်နဲ့ စက်ရုံ အလုပ်သမလေးတွေရဲ့သွေးဖျောနေတဲ့မျက်နှာကို မြင်တယ်။ 

(၁)

ကမ္ဘာကြီးမှာ အစီအစဉ်တွေရှိနေတယ်၊ အကန့်အသတ်တွေရှိနေတယ်၊ တစ်စက္ကန့်တောင် မယွင်းတဲ့ တိကျမှုမျိုးတွေ။ တစ်လက်မတောင်မယွင်းတဲ့ သေချာမှုတွေရှိနေတယ်၊ နားလည် ရခက်တယ်၊ အတိအကျ လွဲတဲ့အခါ ဘယ်လိုမှညှိလို့မရသလိုပဲ အမြီးအမောက်တည့်သွားပြန်ရင်လည်း ဘာမှမဟုတ်ပြန်ဘူး၊ ဒါကြောင့် အရာရာကို တန်းခိုးရှင်တယောက်ယောက်ဖန်ဆင်းနေတာဆိုရင် ဒီတန်ခိုးရှင်ဟာ သင်္ချာတော်တဲ့ လူ (သို့မဟုတ်) သချာင်္ညံ့လွန်းတဲ့သူပဲဖြစ်ရမယ်လို့ ဆက်စပ်ကြည့်ဖူးတယ်၊ တော်တော်နောက်တဲ့ တန်းခိုး ရှင်ပဲ၊

(၂)

အလွဲထဲမှာ နိုင်ငံရေးစနစ်တခုလွဲပြီးဆိုတာနဲ့ အကုန်လွဲကုန်တော့တာပဲလို့ပြောမိတယ်၊ လိုအပ် ချက်အရ လုပ်နေရတာပါလို့ဆင်ခြေပေးကြတဲ့ခေတ်မှာ လူတိုင်းတခုတည်းနီးပါး လုပ်နေကြ တယ်လို့မြင်တယ်၊ ဘဲအုပ်ထဲကို ခဲပစ်နေကြတယ်လို့ ထင်တယ်၊ ထိသူကောင်း၊ မထိသူ ဂျောင်းပဲ၊ တခါတလေ Presentation ခေတ်ကြီးပါကွာ၊ အလကားတွေပါကွာလို့ စိတ်အချဉ် ပေါက်မိတယ်၊  ကျနော်မှားပြီလို့ရေရွတ်မိတဲ့နေ့က ခင်ဗျားမှားရင် အားလုံးမှားမယ်၊ ခင်ဗျားမှန်ရင်လည်းအားလုံးမှန်တယ်လို့ သူငယ်ချင်းတယောက် က အေးအေးလူလူပြောတယ်၊ ဆရာ နှင်းခါးမိုးရဲ့ “လွမ်းလိုက်တာ စိတ္တရလေခါ” ဆိုတဲ့ကဗျာတပိုဒ်ကို သွားသတိရတယ်၊ အမှန်က ခေတ်Bကီးကိုက ခပ်ဝါးဝါးပဲထင်ပါရဲ့၊

(၃)

ဥသြဆိုတဲ့ငှက်မျိုးဟာ ဥကပေါက်တာနဲ့ သူအနားကအခြားမပေါက်သေးတဲ့ဥတွေကို အသိုက် ပေါ်ကနေ အပြင်ကို တွန်ချဖောက်ခွဲပစ်တယ်လို့ သူငယ်ချင်းတယောက်ကပြောတယ်။ အံသြစရာပဲ၊ အခြားပြိုင် ဖက်တွေမရှိအောင် အပြတ်ရှင်းတဲ့နေရာမှာတော့ သိပ်လျင်တဲ့ငှက်ပဲလို့ သူက မှတ်ချက်ပေးတယ်။ ကိုယ်ကတော့ အတ္တကြီးလိုက်တာလို့ စိတ်ထဲက အပြစ်တင်မိတယ်၊ ဒီလိုမကောင်းမှုတွေကြောင့်ပဲ အသက် အရွယ်ရလာတဲ့ ဥသြတိုင်း အဖော်မဲ့ဖြစ်ကြတာထင်ပါရဲ့၊ ဒီငှက်တွေရဲ့အသံကို ကဗျာဆရာတွေက လွမ်းဆွတ်ဖွယ်တခုအဖြစ် တင်စားတယ်၊ ကိုယ်က တော့ တခြားအဓိပ္ပာယ်တွေ ထပ်ဆင့်တွေးနေမိတယ်။ သူ ဘာကို လွမ်းဆွတ်နေတာလဲပေါ့။ မသိနားမလည်တဲ့အရွယ်မှာ မိုက်မဲခဲ့တာတွေအတွက် နောင်တ ရနေတာများလား…။

(၄)

ကိုယ်တို့ခေတ်ဒီဘက်ခေတ်မှာ ဘုန်းကြီးကျောင်းနဲ့လူငယ်တွေ ကင်းကွာလာလို့ မြန်မာ့တွေရဲ့ချစ် စရာကောင်းတဲ့ ဓလေ့တချို့ ဆုံးရှုံးသွားတယ်လို့ ကိုယ့်အဖေက ခဏခဏ နှမြောတယ်။ “ နင်တို့ကို စာသင်ပေးထားတာ ငါတို့ကို ပြန်ခံပြောဖို့မဟုတ်ဘူး” လို့ အမေကလည်း ပြောတယ်။ မူလတန်းမှာကျောင်းအုပ်ဆရာမလုပ်နေတဲ့ ကိုယ့်အမက အမေ့ကို ခဏခဏ ခံပြောတာကိုး။ ကိုယ်အစ်ကိုကျတော့ တမျိုး၊ အမေ့ကို ရှေ့မှာကပ်ချွဲပြီး ကွယ်ရာမှာ လုပ်ချင်တာလုပ်တယ်။ ပြောရရင် ရုံးရောက်ဂါတ်ရောက်ပဲ။ အမေကတော့ သူ့သားနောက်က တကောက်ကောက်၊ တခါတလေ ငွေကုန် လူပမ်းဖြစ်လာတဲ့ အမေက “ လူတွေက ပညာပိုတတ်လာရင် ပိုမိုက်မဲသွား ကြတယ်၊ နင်တို့ကို ပညာ မသင်ပေးရင် ကောင်းမယ်” လို့ ပြောတယ်။ ပြန်မပြော နားမထောင် ကိုယ်ကျတော့ ဘွဲလည်းရရော အစအန ပျောက်သွားပြန်တယ်။
 အမေကတော့ “ပညာတတ်လေ ပိုမိုက်လေ” ဆိုတဲ့ သူ့အယူအဆကို သေတဲ့အထိ ယုံကြည်သွားတော့ မယ်။

(၅)

ဒီရက်တွေမှာ မလွတ်လပ်ခြင်းဆိုတာကို ပိုမိုခံစားမိလာတယ်။ သေကွဲရှင်ကွဲ ဇနီးမောင်နှံတွေ၊ မိသား စုတွေ၊ သေကွဲ ရှင်ကွဲချစ်သူတွေကို စာနာမိလာတယ်။ တကယ်တော့ ကျနော်တို့ ကိုယ်တိုင်က ကုက္ကိုလ် ပင်တွေ့ရင် ရှောင်ရှောင်ပြေးနေရတဲ့စိတ္တဇရောဂါသည်တွေလေ။ ကလေးဘ၀ ခပ်ငယ်ငယ်က သူငယ်ချင်းတသိုက်နဲ့ လွတ်လွတ်လပ်လပ် ဆော့ကစားရင်းနှီးခဲ့ဖူးတဲ့ ကုက္ကိုလ်ပင်အရိပ်တွေ ကို နောင်နှစ်အနည်းငယ်အကြာမှာ ငွေတောင်းတတ်တဲ့ ရဲစားကျက်အဖြစ် မြင် လာတယ်။ ရဲဝတ်စုံမြင်ရင် လန့်တယ်။ ကုက္ကိုလ်ပင်မြင်ရင် လန့်တယ် ကုက္ကိုလ်ပင်အရိပ်တွေ အရင်လိုအေးချမ်းပေမယ့် ကျနော်တို့ ရင်ထဲမှာ အအေးချမ်းတော့၊ ကြာတော့ စိတ္တဇလိုတောင် ဖြစ်လာတယ်။


(၆)

ကော်ပိုရေးရှင်းတွေမကောင်းဘူးလို့ ဂျွန်ကပြောတယ်။ ငါတို့လို မယဉ်ကျေးတဲ့အစိုးရ အုပ်ချုပ်နေတဲ့နိုင်ငံက လူတွေအတွက်တော့ ကမ္ဘာကြီးပူးနွေးလာတဲ့ကိစ္စကို အခုချိန်မှာ အလေးအနက်မထားမိသေးပါဘူးလို့ ရိုးရိုးသားသား ပြောလိုက်တယ်။  မြန်မာပြည်မှာ နိုင်ငံရေးသမားတွေ ထပ်မလိုတော့ဘူးဆိုတဲ့ ကိုယ့်အမြင် ကိုလည်း ပြောပြတယ်။ အမျိုးသားကြေးရတတ်တွေ မရှိခင်မှာ အိန္ဒိယလိုခေတ်ပညာတတ်တွေနဲ့ ဂုဏ်သိက္ခာရှိရှိအလုပ်လုပ်တဲ့ မြန်မာပညာရှင်တွေ ကို မွေးထုတ်ပေးဖို့ပိုလိုလားတယ်လို့ ပြောတယ်။ မျက်စိထဲမှာ မျက်တွင်းဟောက်ပက်နဲ့ စက်ရုံ အလုပ်သမလေးတွေရဲ့သွေးဖျောနေတဲ့မျက်နှာကို မြင်တယ်။   နေပူထဲမှာ ချွေးသံရွဲရွဲနဲ့ ဆောက် လုပ်ရေးလုပ်သားတွေကို သတိရတယ်။ အဖြေမထွက်ပေမယ့် ရင်းနှီးတဲ့စိတ်နဲ့ပဲ စိတ်အား ထက်သန်စွာငြင်းခုံခဲ့ကြတဲ့ နေပူပူနေ့တနေ့ပါပဲ။ ဒီနေ့ နေ့လည်စာကိုတော့ သက်သက်လွတ် ဆိုင်မှာ ဂျွန်ကပဲ ကျွေးတယ်။

(၇)

အတန်ကြာအဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတယောက် အဝေးမြေက ဖုန်းဆက်လာ တယ်။ တိုင်းပြည်ပြန်လည် တည်ဆောက်ရေးဆိုတဲ့ခေါင်းစဉ်ကိုစကားစပ်မိကြတယ်။ တကယ်တော့ သူက လက်တွေ့သမား။ ကိုယ်က အတွေးသမား၊ မတူပေမယ့်ချစ်တဲ့စိတ်နဲ့ စကားတွေက မြစ်တစင်းလို ညင်ညင် သာသာ၊ ကျနော့်အမှားတွေကိုထောက်ပြပါလို့ သူပြောလာတော့ လော လောဆယ်စကားရှာမရသေး။  ဥပဒေလေ့လာဖို့သူက အကြံပေးတယ်။ တကယ့်တကယ်မှာ တာဝန်ကြီးကြီးမယူနိုင်ပေမယ့် ကိုယ့် ထမင်းကိုယ်စားပြီး တိုင်းပြည်တည်ဆောက်ရေးမှာ တတ်နိုင်သလောက် ၀ိုင်းအကြံပေးချင်တယ် လို့ ပြောတယ်။ တကယ့်အရေးပါတဲ့အလုပ်တွေလုပ်တဲ့ အခါ ကွက်ကွက်ကလေးကိုမြင်တာမဟုတ်ဘဲနဲ့ တစုံလုံးကိုမြင်တတ်ဖို့အတွက်လည်း သူက အကြံပေးတယ်။ အင်္ဂလိပ်စကားကို မိခင်ဘာသာ စကားလိုပြောတဲ့သူက “မြန်မာစကားလုံးတွေ ရှားတယ်ဗျာ၊ ကျနော်အခုမှ မြန်မာစကားလုံးတွေ ပြန်လေ့လာနေတယ်”တဲ့။ ကိုယ်ရယ်နေ လိုက်တယ်၊ ကျနော်တို့မျိုး ဆက်တွေ စာများများဖတ်ဖို့လိုတယ်ဆိုတဲ့ ကိုယ်အမြင်ကို ပြောပြတော့ သူလည်း လက်ခံသွားပါတယ်။            


                                                          (၈)

ခေတ်စမ်းစာပေ(ကဗျာ)ကို အသစ်တီထွင်ခဲ့သူတဦးဖြစ်တဲ့ ဆရာဇော်ဂျီနဲ့ အနှစ်တရာလောက် အသက်ကွာ တဲ့ မျိုးဆက်အသစ်တခုကို ဇော်ဂျီရာပြည့်အခမ်းအနားမှာ ချိတ်ဆက်ပေးကြည့် တယ်၊ နိုင်ငံတိုင်းခေတ်တိုင်း မှာ ယဉ်ကျေးမှုခေါင်းဆောင်နဲ့တော်လှန်ရေးခေါင်းဆောင်ဆိုပြီးရှိကြတယ်လို့ မှတ်သားဖူးတယ်။ မြန်မာပြည် မှာတော့ နိုင်ငံရေးဘက်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ ယဉ်ကျေးမှုဘက်မှာ သခင်ကိုယ်တော်မှိုင်း၊ ဆရာဇော်ဂျီ ကိုလည်း သူတို့ခေတ်ရဲ့ယဉ်ကျေးမှုခေါင်းဆောင်တဦးအဖြစ် စဉ်းစားကြည့်တယ်။ ဆရာဇော်ဂျီကဗျာတွေကို ကျနော် သိပ်မဖတ်ဖူး ဘူးဗျာလို့ ဒီဘက်ခေတ်ရဲ့လူငယ်ကဗျာဆရာယောက်ပြောတာနဲ့ မရှေးမနှောင်းမှာ ပဲ ဇော်ဂျီ့ကဗျာတွေမဖတ်ဘူးဘဲနဲ့ ကဗျာဆရာလုပ်လို့မရဘူးဆိုတဲ့ ၀ါရင့်စာရေးဆရာယောက်ရဲ့အမြင်တခု ကိုဖတ်ရတာ တိုက်ဆိုင်လွန်းတယ်။ စာပေသည် ဘာအတွက်ညာအတွက် ဆိုတာတွေကို ငြင်းခုံရင်း ဇာတ်လမ်းမဆုံးဘဲ ဂိုဏ်းတွေသာ တရုန်းရုန်းပေါ်ခဲ့တာလည်း ကြားဖူတယ်။  ဒါပေမဲ့ တောင်ထိပ်တိုင်းက အလင်းရောင်အားလုံးမှာ အလှတမျိုးစီရှိတာပဲလို့ ခံစားမိတယ်။ စေတနာ အရောင်တွေ အဝေးတောင် ကုန်းတွေဆီကပျံနှံ့လာတယ်။

(၉)

ဒီတလောမှာခံစားမိတာက ကျနော်တို့ဆီမှာ ကျနော်တို့ခေါင်းဆောင်တွေမှာ ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ အရည်အချင်း မရှိဘူးဆိုတာပဲ။ ဒါကြောင့် အားကြီးတဲ့လူတယောက်ဆီ အဆုံးအဖြတ်တွေအားလုံး ပုံရောက်သွားတယ်။ ကြာတော့ လူတော်ကြီးလည်း အာဏာရှင်ဖြစ်ပြီး ကျနော်တို့ဘက် (ဒီမိုကရေစီဘက်) မှာလည်း အာဏာရှင် တယောက်ပြီးတယောက် ပေါ်နေ တာပဲ။ ဒါကြောင့် ကျနော်တို့လူမျိုးတွေ ညှိနှိုင်းဆောင်ရွက်တတ်တဲ့ အကျင့်ကိုမွေးမြူဖို့ လိုနေ တယ်၊ အသေချပြီးသားအစီအစဉ်တွေမှာ တယောက်ယောက်က တမျိုးဝင်ပြောလိုက်ရင် လက်ခံလေ့မရှိဘူး၊ ဖျက်မျဉ်းတခုလို့မြင်တယ်၊ တကယ်တော့ အသေဆုပ်ကိုင်ထားတဲ့အတွက် တိုးသာ ဆုတ်သာမလုပ်နိုင်တဲ့ ပြဿနာဖြစ်တယ်၊

(၁၀)

သားကိုသတိရတယ်လို့ အမေက အဝေးကလှမ်းပြောတယ်။ အားလုံးကျန်းမာပါတယ်၊ မေတ္တာပို့ ဆုတောင်း ပါတယ်လို့ ပြောတယ်။ အဆက်အသွယ်ပြတ်တောက်သွားတဲ့  (၃-၄) နှစ်အတွင်း မှာ အမေ့အသံတွေ အိုစာသွားသလိုပဲ။ ကျနော်သိတဲ့ လူတချို့ကွယ်လွန်ကုန်တာကို ပြောပြ တယ်။ ဆန်ဈေး၊ ဆီဆေး၊ စပါးဈေး၊ ရွှေဈေး၊ အမေက ပိုက်ဆံ အရေအတွက်တွေအကြောင်း ပြောတယ်။ ကျနော်က ငွေကြေးတန်ဖိုးတွေအကြောင်းပြန်ပြောပြတော့ အမေ ငြိမ်ငြိမ်လေး နားထောင်နေတယ်။ ခေတ် ကိုက ဒီလိုပဲ။  နေထိုင်ကောင်းအောင်နေပါအမေ။

(၁၁)

မိတ်ဆွေကြီးတယောက်ဆီက စာလာတယ်။ မိုးဦးကျမှာ ခေါင်မှာမိုးယိုနေတာပြင်ရလို့ စာမရေးအားဘူးလို့ ပြောတယ်။ စိတ်တွေတည်လို့မရဘူးတဲ့၊  ကျနော်မှာတော့ ပြင်စရာခေါင်မိုးလည်း မရှိဘူး၊ အဲ့လိုပဲ လွတ်လပ် တဲ့ခြေထောက်တစုံလည်း မရှိဘူးလို့ စာပြန်လိုက်တယ်။ သူများတကာလို အတောင်တစုံ မတောင့်တပါဘူး၊ မိုးယိုတတ်တဲ့ခေါင်းမိုးတစုံနဲ့၊  လွတ်လပ်တဲ့ ခြေထောက်တစုံကိုပဲ ကိုယ်ပိုင်ဖြစ်ချင်တာပါ။

နေနေ






k

သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မောင်အောင်ပွင့်၊ ရိုးမြေ၊ ခင်လွန်းတို့၏ကဗျာများ

တော ဘောလုံးကွင်း
www.metmuseum.org
ဘောလုံးသမားအားလုံး
တအားကြုံးကြုံးကန်ကြ
ဘောလုံးထက် ရှေ့ကို
လူတွေ လွန်လွန်သွား
ဘောလုံးတခြား လူတခြား
လွဲလွဲသွား
တဂိုးမှ မသွင်းနိုင်ကြသေးဘူး
အခုထိ။ ။

မောင်အောင်ပွင့်
၁၂. ၅. ၁၉၉၅

….

တက်တူး
b1103113haa102.blogspot.com
 ခဲတလုံးထဲနဲ့ငှက်တအုပ်ထပျံသွား
စီးကရက်ငွေ့တွေနဲ့မိုးရေစက်တွေရောထွေး
မီးခိုးတွေကရေမစိုဘူး
တနေရာထဲမှာအရှည်ကြီး
အလွယ်တကူပဲဖြတ်လျှောက်မိတယ်
ဆေးစက်နည်းနည်းသွေးစက်များများ
တပွဲပြီးတပွဲ
အပြင်မှာတော့ခဏလေးပဲ
စစ်ထဲမှာသေတာကလွဲပြီးကျန်တဲ့ဒုက္ခတွေကြာလွန်း
ဟိုတစသည်တစလွတ်ကျသွားတဲ့အား
ညီလာခံတေး
သစ်ပင်ပေါ်မှာငှက်တွေပြန်လာနားချိန်။

ရိုးမြေ
၃၁/၈/၂၀၁၆


ငါ ငှက်လိုပျံပြီး ...
news.artnet.com
ငါ ငှက်လိုပျံပြီး
လေထဲကဗျာရေးလိုက်ရ
ငါ ငှက်လိုပျံသန်း
လေထဲ ဒိုင်ယာ လော့လိုက်ရ ...၊

ပြောမရရင်
ငှက်တွေလို ပျံလာပြီး
သူ့အိမ်ခေါင်ပေါ်တည့်တည့်
ဗုံးကျဲ ဆော်ထည့် ပစ်လိုက်ရ...

ဒါဆို
ငှက်တွေလောက
ငါ အကြမ်းဖက်သမား ဖြစ်သွားမလား .. ။

အရေးကြီးဆုံးက
အမေ့အိမ်အိုလေးဆီ အချိန်မီပြန်နိုင်ဖို့
ငှက်တွေလိုပျံသွား ...
နောက်ဆုံးအဖြစ်
ဇရာအိုဆီခမ်း အမေ့ပါးလေး
နမ်းလိုက်ရ ....။ ။

ခင်လွန်း
၁၀.၂.၂၀၁၅
(မှတ်ချက်- အမေသည် ထိုကဗျာရေးအပြီး တစ်လအကြာတွင် ဆုံးပါသည်။)



Tuesday, August 30, 2016

k

သစ်ခက်သံလွင် ကဗျာရှည်၊ မြတ်လှိုင်း၏ မငြိမ်းချမ်းတဲ့ မိငြိမ်းချမ်းရဲ့နှင်းဆီ

မငြိမ်းချမ်းတဲ့ မိငြိမ်းချမ်းရဲ့နှင်းဆီ
www.fotosearch.com
 ဟောဒီ တောင်တန်းအစွန်အဖျားက
နာဖျားနေတဲ့ နှင်းဆီတစ်ပွင့်
ခပ်ဆွေးဆွေးလေး လွင့်မျောနေတယ်
လေတစ်ချက်အဝေ့မှာ
ကြွေကျသွားရှာတဲ့အလွမ်း
မခမ်းနားတဲ့ အမှောင်ညထဲမှာ
မောင့်အတွက်
မောင်မြင်ပါစေတော့လို့
နှလုံးသားထဲက ဆန္ဒကို
အလင်းမှိန်ပျပျလေး ထွန်းညှိထားတယ် မောင်။
မောင်မြင်ပါတယ်
မောင်ပြန်လာတဲ့လမ်းမှာ
တစ်ခါတုန်းက ချစ်သူ
မဟုတ်ဘူး မဟုတ်ဘူး
မောင့်ရဲ့ထာဝရချစ်သူ
အမြဲဖြူစင် ရိုးသားမှုနဲ့ တောပန်းလေးတစ်ပွင့်
ရင်ထဲနင့်အောင် မြတ်နိုးခဲ့ရတဲ့
မောင်ပြန်အလာကို အမြဲမျှော်နေရှာတဲ့
ငြိမ်းချမ်းတဲ့တေးကို အမြဲဆိုနေရှာတဲ့
မောင့်ရဲ့ မိငြိမ်းချမ်းရေ
မိငြိမ်းချမ်းအနားမှာ မောင်ရောက်နေပြီကွဲ့။
အို
လေအဝေ့မှာ
အလွမ်းတွေမှိန်ပျပျထွန်းညှိထားတဲ့
မိငြိမ်းချမ်းရဲ့တမ်းတသံကို
မောင်ကြားမိပြီထင်ရဲ့
မိုးမြားတံတွေပစ်ခတ်နေတဲ့အမှောင်ကြားထဲက
မောင့်အသံကြားလိုက်တယ်
နှင်းတွေမှောင်ပိန်းနေတဲ့တောလမ်းလေးမှာ
မောင် လျှောက်လှမ်းလာနေတဲ့
မောင့်ခြေသံကို ကြားလိုက်တယ်
မိငြိမ်းချမ်းရဲ့မျှော်လင့်ခြင်းတွေဖြန့်ခင်းထားတဲ့
အမှောင်ထုထဲမှာ
မောင်ရောက်လာသလိုလို။
ရောက်လာသလိုလိုမဟုတ်ဘူးကွဲ့
မောင်တကယ်ရောက်လာခဲ့တာပါ
အလွမ်းတွေနဲ့ထွန်းညှိထားတဲ့
မှိန်ပျပျအလင်းရောင်လေး
ငြိမ်းလိုက်ပါကွဲ့ မိငြိမ်းချမ်းရေ။
မောင်
မောင် တကယ်ရောက်လာတာလား
မိငြိမ်းချမ်းမယုံနိုင်ဘူး မောင်ရယ်။
ယုံကြည်လိုက်စမ်းပါကွယ်
မောင်ဆိုတဲ့ မိငြိမ်းချမ်းအတွက်
မငြိမ်းချမ်းနိုင်တဲ့
ဟောဒီ တောင်တန်းကို ရောက်အောင်ပြန်လာခဲ့တာပါ။
မောင်မရောက်နိုင်တာ
နှစ်ပေါင်းများစွာ ကြာခဲ့ပါတယ်
ကြာလွန်းလှချည်ရဲ့လို့အပြစ်မြင်မယ်ဆိုမြင်လိုက်ပါတော့။
danperezfilms.tumblr.co
 အော် မောင်ရယ်
မောင့်ကိုအပြစ်မမြင်ရက်ပါဘူးကွယ်
အပြစ်လည်း မတင်ရက်ပါဘူးကွယ်
မိငြိမ်းချမ်းဆီခဏဝင်လာပြီး
ဓမ္မတေးတစ်ပုဒ်ကို
မောင်တီးခတ်ပြသွားတဲ့
ဂစ်တာလေးလည်း မိငြိမ်းချမ်းသိမ်းထားတယ်
မောင်ဆိုခဲ့တဲ့မောင့်အသံလေးလည်း သိမ်းထားတယ်
မောင်ချွတ်ထားခဲ့တဲ့ဂျာကင်အင်္ကျီလည်း
မိငြိမ်းချမ်းရင်ထဲမှာနွေးထွေးနေတုန်းပါ
မောင်စီးမသွားတဲ့ တောနင်းဖိနပ်လေးလည်း
မိငြိမ်းချမ်းလျှောက်တဲ့လမ်းကို
ခလုတ်မထိ ဆူးမငြိစေခဲ့ဘူးဆိုတာ
မောင်ခြေရာတွေအထပ်ထပ်နင်းခဲ့တဲ့
လမ်းကလေးက သက်သေပြနေပါလိမ့်မယ်
ခဏလေးဆိုပြီး မောင်ထွက်သွားတဲ့နေ့ဟာ
မိငြိမ်းချမ်းရင်ထဲမှာ ဒီနေ့ပါပဲ မောင်။
ခဏလေးမဟုတ်ခဲ့ဘူး မိငြိမ်းချမ်း
နှစ်တွေအကြာကြီးပါ
နှစ်တွေအရမ်းကြာခဲ့ပါတယ်
မိငြိမ်းချမ်းအတွက် မငြိမ်းချမ်းနိုင်တဲ့ကာလတွေပါ
မိငြိမ်းချမ်းအတွက် ငြိမ်းချမ်းတဲ့တေးကို မဆိုပြနိုင်သေးပါဘူး
မိငြိမ်းချမ်းအတွက် ပျောက်ဆုံးနေတဲ့အဖေနဲ့အမေကိုလည်း
ပြန်ရှာမပေးနိုင်သေးဘူး
မိငြိမ်းချမ်းစာသင်ပေးခဲ့တဲ့ ကလေးတွေကိုလည်း
မိငြိမ်းချမ်းစာသင်ကျောင်းလေးဆီပြန်မပို့ပေးနိုင်ခဲ့ဘူး
မိငြိမ်းချမ်းမြတ်နိုးခဲ့တဲ့စာသင်ကျောင်းပျက်လေးလည်း
ပြန်မဆောက်နိုင်သေးဘူး
မိငြိမ်းချမ်းချစ်တဲ့ရွာလေးလည်း ရွာပျက်ကြီးတွေကြားမှာ
ရွာပျက်လေးတွေဖြစ်ခဲ့ရပြီ
မိငြိမ်းချမ်းရေ
အေးချမ်းတဲ့တောင်တန်းတွေပေါ်မှာ
ယမ်းငွေ့တွေဖုံးလွှမ်းနေတုန်း
သေနတ်သံတွေအဆက်မပြတ်
လူကိုလူချင်းပစ်ခတ်နေတုန်း
ဗုံးတွေ၊ မိုင်းတွေပေါက်ကွဲတဲ့အောက်မှာ
လူသားစစ်စစ်တွေ ခြေပြတ်နေကြ လက်ပြတ်နေကြ
လူသားစစ်အလောင်းတွေထပ်နေကြတုန်း။
အို မောင်ရယ်
မပြောပါနဲ့တော့
မိငြိမ်းချမ်း မကြားပါရစေနဲ့တော့။
မိငြိမ်းချမ်းလေ
ငိုရှိုက်ပရစေ မောင်။
ငိုချင်ငိုလိုက်စမ်းပါ
ဟောဒီတောင်တန်းတလျှောက်မှာ
မိငြိမ်းချမ်းလို
ငိုနေကြတဲ့ မိန်းမပျိုတွေ
ငိုနေကြတဲ့ မုဆိုးမအသစ်စက်စက်တွေ
ငိုနေကြတဲ့ သားပျောက်မိခင်တွေ
ငိုနေကြတဲ့ မိဘမဲ့ကလေးတွေ
ပြောရမယ်ဆိုရင်
ဟောဒီ့တောင်တန်းကြီးတစ်ခုလုံးငိုနေကြတယ်။
မောင်
ကျွန်မ မငိုတော့ဘူး
မောင်တို့ကိုဆွဲခေါ်သွားခဲ့တဲ့
လူကိုလူချင်းသတ်ပစ်နေတဲ့စစ်ကို
ကျွန်မမုန်းတယ်
ကျွန်မတို့တိုင်းရင်းသားတွေအတွက်
လွတ်မြောက်အောင်တိုက်ပေးပါတယ်ဆိုတဲ့စစ်ကိုမုန်းတယ်
လူသတ်လက်နက်တွေဝယ်ဖို့
ဘိန်းခင်းတွေကိုကာကွယ်ဖို့
သယံဇာတတွေအတွက်
ဈေးကွက်လုယူနိုင်ဖို့
သစ်တောတွေခုတ်ပြီး ပြည်ပကိုအပြိုင်အဆိုင်ပို့ဖို့
လူသားတွေကိုတန်ဖိုးမထားဘဲ
လူကုန်ကူးနိုင်ဖို့
တိုင်းပြည်တစ်ပြည်လုံးကို စစ်အာဏာရှင်စနစ်အောက်
ဒူးထောက်ခိုင်းဖို့
စစ်တိုက်နေသူတွေအကုန်လုံးကိုမုန်းတယ်
မုန်းတယ်
မုန်းတယ်
မုန်းတယ်
မုန်းတယ်။
မုန်းပါ မိငြိမ်းချမ်း
မုန်းလိုက်စမ်းပါ
ငြိမ်းချမ်းရေးတဲ့
စစ်မီးနဲ့ပြာပုံပြီးရှို့ခဲ့တဲ့လူမျိုးရေးဝါဒတွေ
စစ်မီးနဲ့မီးလောင်တိုက်သွင်းခဲ့တဲ့အတွေးအခေါ်တွေ
စစ်မီးနဲ့ထတောက်ခဲ့တဲ့ အာဏာလုပွဲတွေ
စစ်မီးနဲ့အချင်းချင်းသတ်ခဲ့ကြတဲ့သူရဲကောင်းတွေ
စစ်မီးနဲ့ပြန်ဖျက်ဆီးပစ်ခဲ့တဲ့လွတ်လပ်ရေးကြေညာစာတမ်း
စစ်မီးနဲ့ပြိုပျက်ခဲ့တဲ့ပင်လုံကျောက်တိုင်
စစ်မီးကိုမငြိမ်းသတ်နိုင်ခဲ့တဲ့ပါလီမန်ခေတ်
စစ်မီးဟာ တစ်ပြည်လုံးကိုတောက်လောင်ခဲ့
စစ်မီးဟာ နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ
ပြာကျနေပြီ မိငြိမ်းချမ်း
မငြိမ်းချမ်းနိုင်သေးတဲ့ မိငြိမ်းချမ်းတွေ
တွေ့လား
တွေ့ရသလား မိငြိမ်းချမ်း။
anthonyfreda.wordpress.com
 မောင်
ပြောပါမိငြိမ်းချမ်း
တွေ့ပါတယ် မောင်
စစ်မီးတွေငြှိမ်းဖို့
စစ်မီးတောက်ကြီးထဲ ခပ်ရဲရဲခုန်ချခဲ့တဲ့
မောင်တို့ရောငြိမ်းချမ်းပါရဲ့လား
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး
ညီညွတ်ရေး
တစ်မျိုးသားလုံးရင်ကြားစေ့ရေး
အရေးပေါင်းများစွာအတွက်
မောင်တို့စွန့်ခွာခဲ့ရတဲ့မြို့ပြကိုမလွမ်းဘူးလား
မောင်တို့ပြန်လာချိန်ကိုမျှော်နေရှာမယ့်
မိဘတွေကိုသတိမရဘူးလား
မောင့်ခွဲခွာပြီးထားပစ်ခဲ့ရတဲ့
အချစ်ဦးနေ့တွေကိုမတမ်းတဘူးလား
မောင်တို့ပျော်ရွှင်ရယ်မောခဲ့ကြတဲ့
တက္ကသိုလ်ကျောင်းတော်ကြီးနဲ့
မောင်ပြောပြောနေတဲ့ စာသင်ခန်းတွေဆီက
ခေါင်းလောင်ထိုးသံကိုပြန်မကြားမိဘူးလား။
မောင်မလွမ်းဘူးလားကွယ်။
မောင်လွမ်းပါတယ် မိငြိမ်းချမ်း
မောင်မြင်ခွင့်မရတော့တဲ့
မောင် နောက်ဆုံးကန်တော့ခွင့်မရဘဲ
မောင့်မိဘတွေမရှိတော့ဘူး တဲ့
ဘဝတပါးကိုတိတ်တိတ်လေးထွက်ခွာသွားခဲ့ပြီ
မောင့်အချစ်ဦးကမွေးတဲ့
သားလေးနာမယ် မှာမောင့်နာမယ်မပါခဲ့ဘူး
မောင်တို့ပျော်ရွှင်ရယ်မောခဲ့ရတဲ
တက္ကသိုလ်ကျောင်းရဲ့အတိတ်ကာလဟာ
လွမ်းမောစရာကောင်းလောက်အောင်
တိတ်ဆိတ်သွားခဲ့တယ်
စာသင်ခန်းတွေလည်း ခြောက်သွေ့နေခဲ့တယ်
မောင်ပြန်ချင်ပါရဲ့
လူကိုလူချင်းသတ်နေတဲ့သေနတ်ကို
ကျောကုန်းမှာ လွယ်မထားချင်တော့ဘူး
ဗုံးတွေကို ခါးပတ်မှာချိတ်မထားချင်တော့ဘူး
တက်လာတဲ့ညီအကိုတွေကိုပစ်ချဖို့
ကတုတ်ကျင်းမှာပုန်းခိုမနေချင်တော့ဘူး
ညီအကိုတွေရဲ့အလောင်းကိုခွနင်းပြီး
အလံတက်စိုက်ရတဲ့တောင်ကုန်းကို
တက်မသိမ်းချင်တော့ဘူး
ပြန်ချင်ပြီကွဲ့
သမဂ္ဂရှေ့မှာခွပ်ဒေါင်းအလံလွှင့်ထူဖို့
သံလွင်ခက်ချီထားတဲ့ချိုးငှက်ကိုပခုံးပေါ်မှာတင်ပြီး
ငြိမ်းချမ်းတဲ့မြန်မာပြည်ကို
မိငြိမ်းချမ်းရဲ့လက်ကိုတွဲပြီး
ပြန်ချင်ပြီကွဲ့။
မောင့်ရင်ထဲက တမ်းတမ်းတတနဲ့
တသသဖြစ်နေတယ်
မှန်းဆလို့မြင်ယောင်နေမိပါရဲ့
ငြိမ်းချမ်းတဲ့ မြန်မာပြည်
ငြိမ်းချမ်းတဲ့မြန်မာပြည်
ငြိမ်းချမ်းတဲ့မြန်မာပြည် ။
အို
မောင့်အသံတိုးတိတ်သွားပါလား
မောင့်အသံပျောက်သွားပါလား
မောင်တမ်းတနေတဲ့မောင်မှန်းဆမြင်ယောင်နေတဲ့
ငြိမ်းချမ်းတဲ့မြန်မာပြည်ကို
မောင်မမြင်ချင်တော့ဘူးလား
မောင်မမြင်နိုင်တော့ဘူးလား
မောင်ရယ်
မငြိမ်းချမ်းတဲ့မိငြိမ်းချမ်းလက်ထဲမှာ
မောင်မြေပုံပေါ်မှာ
တမ်းတစွာချဖို့နှင်းဆီနီတစ်ပွင့်ကို ချလိုက်ပါရစေတော့။
မငြိမ်းချမ်းတဲ့မိငြိမ်းချမ်းလက်ထဲက
အလွမ်းတွေထွန်းညှိထားတဲ့
ဖယောင်းတိုင်လေးကိုင်ပြီး
ထာဝရဘုရားသခင်ထံမှာ ဆုတောင်းလိုက်မိပါရဲ့
မောင်ရေ
မောင် ငြိမ်းချမ်းစွာအိပ်စက်ပါတော့လို့။ ။


မြတ်လှိုင်း

မအူပင် ၂၁ ရာစုပင်လုံညီလာခံကြိုဆိုထောက်ခဲ့ပွဲတွင် ကဗျာဆရာ တွိုက်၊ မိုးတိမ်လွှာတို့ ရွတ်ဆိုခဲ့သည့် ကဗျာရှည်