Sunday, July 31, 2016

k

သစ်ခက်သံလွင် ကဗျာစင်မြင့်(၂)၊ စိုးခိုင်ညိန်း၊ တည်ဘွားဦး၊ ဒိုရာတို့၏ကဗျာများ

ဝမ်းနည်းမှတ်တမ်းတွေ

www.pinterest.com
ခြံဝင်းလေးနဲ့ အိမ်ကလေးတလုံး
မနက်ခင်းက သူမ ဘုရားရှိခိုးသံနဲ့
စပယ်ပင်လေးကို ရေဖြန်းနေတာ
မီးဖိုချောင်ထဲ ချက်ပြုတ်နေတာ
ပြတင်းပေါက်တွေဖွင့်
ကြက်မွှေးနဲ့သန့်ရှင်း
"ဆေးလိပ်ပြာတွေ တွေ့ရာခြွေတာပဲ"
ကြိုးတန်းပေါ်
အ၀တ်တွေက လေတဖျပ်ဖျပ်
သူမ သနပ်ခါးသွေးသံနဲ့
တအိမ်လုံးမွှေးလို့
ဆံနွယ်တွေကို ဖီးချလိုက်တော့
ခေါင်းလျှော်ရည်နံ့တွေ ကျလာတယ်
အကုန်လုံး သူ့ခြေသူ့လက်
ခန်းစီးစတွေ အပြည့်တပ်လို့။

အခု အဲဒီအိမ်ကလေး
ပြတင်းပေါက်တွေ အကုန်ပိတ်
တိတ်ဆိတ် မှောင်မှိုက်
တအိမ်လုံး ဆေးလိပ်တိုတွေပြန့်ကျဲ
စပယ်ပင်လေးလည်း သေဆုံး
တ၀င်းလုံး မြက်ရိုင်းတွေထ
သူမ မရှိတော့တဲ့ ကတည်းက။ ။


စိုးခိုင်ညိန်း


တကိုယ်ရေ နေ့တွေ
www.twocoatsofpaint.com
သြော် … …
သွားရှာပြီ
ရထားကြီး
ရန်ကုန်ကို ။ ။

တည်ဘွားဦး


ဦးခေါင်းခွံအကွဲများ
www.artwithmrsnguyen.com
အလင်းတွေဟာ စကားများတဲ့အမှုန်အမွှားတွေပဲ။
သူ့ကိုယ်သူပျောက်ဆုံးနေတဲ့ အံဝိုက်၊ ရင်ခွဲရုံထဲ
ဟောင်းလောင်းပွင့်နေတဲ့လှိုင်ခေါင်းကပြောတယ်။
ညဟာ မမှောင်ဘူး၊
ကားမီးသီးတွေဆီ ပိုးဖလံတွေ
သူ့ခန္ဓာကိုရိုက်ခွဲလောက်တဲ့အထိ မမှောင်ဘူး။
မှန်တချက်ဟာ အမြဲမှားယွင်းစွာနဲ့ နာရီကိုပြန်းပြောင်
ကြည့်တယ်။
မိမိအတ္တ၊ ထင်ယောင်ထင်မှားပုံရိပ်အစစ်
လူသတ်ကားထဲကချိတ်ကောက်
သော့ခလုတ်ဟာ သူ့ကိုယ်သူပြန်ခပ်ဖို့မကြိုးစားခဲ့လို့
သံချေးကိုက်နေတဲ့ပန်းပွင့်တွေ သေတ္တာထဲမှာ
လောင်ကျွမ်းခဲ့လို့၊
သစ်သားကျည်းဘောင်က
ငှက်တကောင်ဖန်တီးနေတာမဟုတ်ဘူး
အပိုစတွေ ဖဲ့ထုတ်နေလို့
ဇွန်ဘီတကောင်ဟာ သူ့ဆာလှောင်မှုကိုပြန်ဆာနေတာ၊
ဦးနှောက်ကဆာလှောင်မှုကိုရှာဖွေတာ

ဒိုရာ



k

သစ်ခက်သံလွင် တကိုယ်တော်ကဗျာ၊ ကမ်လူဝေးရဲ့ ဆေးရုံကဗျာများ

ကမ်လူဝေးရဲ့ ဆေးရုံကဗျာများ
inkophile.wordpress.com
ဆေးရုံ (၁)
KT#
ဆယ့်ကိုးနှစ်သမီးဟာ
ဆီးစပ်အောင့်တယ်ဆိုပြီး
ဆေးရုံကို ရောက်လာ
ပြီး
ကလေးတယောက်ကိုမွေးချ
အဖေမဖော်ပြနိုင်တဲ့ကလေး။

ဆယ့်ကိုးနှစ်သမီးကမွေးတဲ့ကလေး
မြေး
သွေးကစကားပြောသလား
နားထားလိုက်
ကလေးကို စွန့်ချန်ထား
ထွက်ပြေးဖို့ကြိုးစား
အဘွား။
ကမ္ဘာမီးလောင်ဖို့မလိုဘူး
ငတ်ရုံလေးနဲ့
ကိုယ့်အသားကိုယ်လှီးစားမည့်လူစားတွေ။     ။

….
 ဆေးရုံ(၂)
KT#
အခမဲ့ ဆိုတော့
ငါတို့မော့မကြည့်ရဲဘူး
အဲဒီနားမှာ စောင့်ပါ
ဟိုမှာ မထိုင်ပါနဲ့
အထဲဝင်လို့ မရသေးဘူး
လုပ်ပေးမှာပေါ့
လူနာက ရှင်တို့တဦးတည်း မဟုတ်ဘူး
ဒါလေးဝယ်ပေးပါ
ခင်ဗျာ
မရှိတဲ့ဟာ ဝယ်ပေးရမယ်
သိတတ်မှုဆိုတဲ့ စကားလုံးက
အဓိပ္ပာယ်ကျယ်ပြန့်လွန်းပါတယ်။  ။

….

ဆေးရုံ(၃)
လောဘ ရမ္မက်နဲ့
တလောကလုံးကို
အာဏာ ပါဝါသုံး
အိတ်ထဲထည့် အပိုင်စီးခဲ့တဲ့လူကြီး
အခုတော့
လူတကာ အလကားရတဲ့လေတောင်
ဝအောင်မရှူနိုင်
ဆေးရုံ ခုတင်ပေါ်။  ။


ဆေးရုံ (၄)

ဆရာ
လူနာကို ရောဂါပျောက်အောင် ကုပေးပါ
ငွေကုန်ချင်သလောက်ကုန်ပါစေ
ရွာကခြံတွေလည်း ရောင်းခဲ့ပြီ
တော်ကြာ
သူ့သားသမီးတွေက
သူတို့အဖေကို
မိထွေး ကျမ
ဆေးကုမပေးရကောင်းလားလို့
အပြစ်ဆိုနေပါ့မယ်
လူနာရှင် အဘွားက ပြောတော့
ဘေးနားက
လူနာ အဘိုးပြုံးလို့
တောက်ပတဲ့မျက်ဝန်းအစုံနဲ့။       ။

Description: https://ssl.gstatic.com/ui/v1/icons/mail/images/cleardot.gif

ဆေးရုံ(၅)

( ၁ )

လူငယ်လေး
သွေးတစက်စက်ကျ
လက်တဖက်က ဒဏ်ရာ
ကောင်းတဲ့လက်တဖက်မှာ
ပြတ်နေတဲ့လက်ညှိုးကိုကိုင်ရင်း
အရေးပေါ်အခန်းအတွင်းမှာ
လက်ညှိုးပြန်ဆက်ပေးပါဆရာ
ကျွန်တော်ဆယ်တန်းပါ
လက်ညှိုးပြန်ဆက်ပေးပါဆရာ
ကျွန်တော်ဆယ်တန်းပါ
ကျူရှင်ဖိုးအတွက်
စက်ရုံမှာ အချိန်ပိုင်းဆင်းတုန်း
ဓားစက်ဖြတ်လို့
ပြတ်ခဲ့တာပါ
ကယ်ပါဗျာ
ကယ်ပါဗျာ။

( ၂ )

ဘာဖြစ်တာလဲ
ပြတ်လုတဲတဲ လက်ညှိုးက
မတော်တဆ မိမိဘာသာ
ဓားနဲ့ခုတ်မိတဲ့ဒဏ်ရာ
ကြိုးစားပြီးတော့
ပြန်ဆက်ကြတာပေါ့
ဖြတ်ပေးပါဆရာ
ဖြတ်ပေးပါဆရာ
ကျွန်တော့်လက်ညိုးက
မရှိမှ ဆေးကျမယ်ဆရာ
ဆေးကျမှ ထွက်ခွင့်ရမှာဆရာ
ခင်ဗျာခင်ဗျာ။ ။

k

သစ်ခက်သံလွင် ကဗျာစင်မြင့်(၁)၊ ကိုကျူး၊ မောင်ရဲနွေ ပလိပ်တို့၏ ကဗျာများ

ငြိမ်းချမ်းရေးဟာ ပန်းတွေပွင့်နေတယ်
www.pinterest.com
ပန်းတွေပွင့်တော့ မွှေးရနံ့တွေရတယ်
ပန်းတွေရဲ့ မွှေးပျံ့မှုဟာ ငြိမ်းချမ်းရေးပေါ့၊
ထိလွယ် ရှလွယ်တဲ့ ရုပ်နာမ်တရား
အမှားတွေ များလွန်းတော့
ဘယ်မှာလည်း မေတ္တာတရား
အနားမှာ ငြိမ်းချမ်းရေးမရှိဘူး
တရားထူး တရားမြတ်တွေ ကင်းမဲ့ပုံ၊
အယူဝါဒများ
ဘာသာတရားများ
အတွေးအခေါ်များ
အစွဲအလန်းများ
ကမ္ဘာပေါ် လေလွင့်နေတုန်း၊
လေဟာ တိုက်ခတ်လာပေါ့
လေထဲက ပန်းရနံ့များ
ငြိမ်းချမ်းသော ကမ္ဘာဖြစ်စေသား။ ။

ကိုကျူး
၃ ၁ .၇ .၂ ၀ ၁ ၆

…..

ပင်လုံ 
www.pinterest.com
 သွေးချင်းလက်များ
တွဲထား
မခွဲခြား...။
ညီဖို့
ပီဖို့
တည်ဖို့ ...။ ။

မောင်ရဲနွေ ပလိပ်      
၃၀.၇.၁၆