မိုးမြင့်ယံ - မိုးနေ့ရက်တို့၏ သတင်းခေါင်းစဥ်

 မိုးနေ့ရက်တို့၏ သတင်းခေါင်းစဥ် 
 
(သစ်ခက်သံလွင်) ဇူလိုင် ၄၊ ၂၀၂၃

စိုစိုရွှဲလျက်ပါပဲ
မြို့ပြရဲ့ ကတ္တရာလမ်းတွေပေါ်
မိုးရေစက်တွေနဲ့ အတူ မျောပါခဲ့ရ ဘဝများ ၊

သွေ့ခြောက်ခြင်းကင်းမဲ့
သစ်ရွက်အသေတွေလို
ပလက်ဖောင်းနံဘေး စီးကြောင်းတလျှောက်
မျောလွင့်လွန့်လူးရင်း
ရပ်တန့်ခိုနားရာအခိုက်အတန့် ခဏကိုတောင်မှ
မရရှိနိုင်သေးသော မှိုင်းညို့ဆိုင်းအုံ့နေ့ရက်တချို့ ၊

လျှပ်စီးတန်းတွေရဲ့ အလင်းတစကျဖြာခြင်းမှာမှ
ခဏတဖြုတ် လင်းခွင့်ရတဲ့ ဘဝတွေပါ
ရွှဲစိုခိုက်တုန်နေရင်လည်း
ကိုယ်အပူမီးနဲ့ ကိုယ်သာ
ပြန်ပြန်ပြီး အနွေးဓာတ်ပေးရင်း
မနက်ဖြန်တွေကို ဆွဲဆန့်ထားနေရတုန်းပါပဲ
မေမေ ရယ် ..... ။
မိုးမြင့်ယံ
ချစ်ခြင်းမေတ္တာများဖြင့်
3 . July . 2023

Comments