နိုင်မွန်အောင်သွင် - နံရိုးတွေနဲ့ယက်လုပ်ထားတဲ့ဂျင်းပင်အပြာ

Image Crd- Pinterest
နံရိုးတွေနဲ့ယက်လုပ်ထားတဲ့ဂျင်းပင်အပြာ
နိုင်မွန်အောင်သွင်
(သစ်ခက်သံလွင်)ဧပြီ ၆၊ ၂၀၂၂

နံရိုးတစ်ချောင်းဟာ ဆေးပေးမီးယူဖြစ်လာပြီး
ကျန်တဲ့နံရိုးတွေနဲ့
စံနစ်တကျဖွာလံကျဲစုတ်ဖွာ
ငါ့ကဗျာတွေလိုပဲ ငါယက်လုပ်ခဲ့တယ်။

ငါ့နှလုံးသားကိုလွတ်လပ်ခွင့်နဲ့ဘေးမဲ့ပေး
အမြတ်တနိုးအပြာ။

သူဟာ
မုန်ညှင်းစေ့တစ်စေ့ဖြစ်သလို
စကြ၀ဠာလည်းဖြစ်တယ်။

သူဟာ 
ငါ စာလုံးမပေါင်းတတ်တဲ့တရုတ်တံဆိပ်တွေကနေ
လီဖိုက်စ်ဖိုက်အိုဝမ်းအထိ ဘယ်အမှတ်တံဆိပ်မဆိုဖြစ်နိုင်ပေရဲ့။

ငါ့ရင်ခုန်သံလို
ငါ့အရေပြားလို
အရောင်လွင့်နေခဲ့တယ်။

ဝါရှင်တန်ခြေသလုံးအိမ်တိုင်ကနေ
ပန်းသီးစီအီးအိုအထိ
သက်တောင့်သက်သာဖြစ်ခွင့်ကိုသယ်ဆောင်လာတဲ့နတ်သားတစ်ပါးဖြစ်တယ်။

လက်ဖက်ရည်ဆိုင်
စည်ဘီယာဆိုင်ထိုင်မယ်။
ဘုရားသွားကျောင်းတက်မယ်။
လေယာဉ်ကွင်းဟောင်းတွေမှာ အမြန်ဆုံးကားမောင်းမယ်။
စတိတ်ရှိုးသွားတိုးမယ်။
နိုင်ငံရေးဟောပြောပွဲနားထောင်မယ်။
ဘုရားသခင်ကို စီးကရက်ထုတ်တိုက်မယ်။
ဆင်တူရိုးမှားနေ့ရက်တွေလို ပေါ့ပါးမယ်။
ခင်ဗျား ကင်ဂျုံအန်၊ ပူတင် နဲ့ ဒေါ်နယ်ထရမ့်တို့ကို မေ့ချင်မေ့လို့ရမယ်။

ရေတွေလိုအမြဲစီးနေပြီး
တိမ်တွေလိုအမြဲလွင့်နေတတ်တဲ့
ဟောဒီ ဂျင်းပင်အပြာကိုတော့ ယောင်လို့တောင်မမေ့လိုက်ပါနဲ့။

နိုင်မွန်အောင်သွင်

Comments