ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း

 newshub.co.nz
တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက 
ကိုဗစ်- ၁၉ မှတ်တမ်း
ခင်လေး (Aotearoa) 
(သစ်ခက်သံလွင်) မတ် ၂၈၊ ၂၀၂၀

နေ့စဉ်မှတ်တမ်း

ကိုယ်စာရေးရတာ ကြိုက်ပါတယ်။ ငယ်က တည်းက ကစားဖော်များများမရှိပဲ တစ်ယောက်ထဲ စာအုပ်တွေနဲ့ အနေများတော့ စာအုပ်ထဲက ဇာတ်ကောင်တွေလိုတွေး ဝေဖန်ပိုင်းခြားတွေလုပ်ရင်း စိတ်ကူးထဲမှာ တိုက်အိမ်ဆောက်ရတာအကျင့်ပါလာတယ်။ ဖတ်တဲ့စာတွေက ခင်နှင်းယုတို့ ဂျာနယ်ကျော်တို့ ဒဂုန်တာရာတို့ မစန္ဒာတို့ ဝင်းဦးတို့  မင်းလူတို့ ဆိုတော့ကာ ခွကျကျ ဘုတောတော အူကြောင်ကြောင်တွေ ပြောတတ်တွေးတတ်လာတာပေါ့။ ဒီကြားထဲ စာရေးတဲ့သူက မှားတဲ့ အတွေးအခေါ်တွေ ပေးလို့ စာဖတ်သူ ပေါက်ကရလုပ်ရင် အဲဒီစာရေးတဲ့သူမှာ တာဝန်ရှိတယ်ဆိုတာကို လုံးဝယုံကြည်ထားတော့ သတင်းဘာသာပြန်ထားတာလေးတွေက လွဲရင် ကိုယ့်အတွေးအမြင်တွေကို တစ်ခါမှ ချမရေးဖြစ်ပါဘူး။ အလုပ်မအားတာလဲပါတာပေါ့။

ခုတော့ covid 19 virus ကြောင့် အိမ်ထဲမှာ ရက်သတ္တပတ် ၄ ပတ် နေရမယ်ဆိုတော့ နေ့စဉ်မှတ်တမ်းလေးရေးမယ် စိတ်ကူးတယ်။

အကြိုပြင်ဆင်ရက်တွေ

စနေနေ့နေ့လည် ကိုယ်နဲ့ အဖေနဲ့ (ကိုယ့်ခင်ပွန်းကို အဖေလို့ ခေါ်ပါတယ်။ ကလေးတွေ ငယ်ငယ်တုန်း ခရီးခဏခဏ ထွက်ရလို့ အဖေလို့ ခေါ်တတ်အောင် သင်ပေးရင်းက နှုတ်ကျိုးသွားလို့ပါ။) မြေဆွေးသွားဝယ်တုန်း လမ်းမှာ ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းကို နားထောင်လိုက်ရပါတယ်။ ရောဂါကူးတဲ့သူတွေများလာလို့ ရောဂါပြန့်ပွားမှုကို ကာကွယ်ဖု့ိ အဆင့်တွေချပြီး စနစ်တကျ လုပ်နေကြောင်း၊ အခုရောက်နေတဲ့ အဆင့်မှာ လူတွေ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၂ မီတာအကွာမှာနေဖို့၊ ချောင်းဆိုးရင် နှာချေရင် ပါးစပ်ကို အုပ်ထားဖို့၊ လက်ကို ဆပ်ပြာနဲ့ ရေနွေးနဲ့ သေချာဆေးဖို့၊ ဘယ်အဆင့်ရောက်ရောက် မဖြစ်မနေရှိဖို့လိုတဲ့ အခြေခံလူသုံးကုန် ရောင်းတဲ့ဈေးတွေ ဆေးဆိုင်တွေ ဖွင့်ထားပေးမှာမို့ အလုအယက်ဈေးမဝယ်ကြဖို့ စတဲ့ အိမ်ရှင်မများမှတ်သားစရာလိုတဲ့အချက်တွေကို မှတ်မိလိုက်ပါတယ်။

အိမ်က ကလေးတွေက ပါးစပ်ကိုအုပ်၊ ကွယ်တဲ့ကိစ္စရယ် လက်ဆေးတဲ့ကိစ္စရယ် ငယ်ငယ်လေးထဲက အသား ကျနေအောင်သင်ထားပေးပြီးသားဆိုတော့ မပူရပါဘူး။ သူတို့အဖေကိုပဲ ထပ်သတိပေးရတာ။ ပြဿနာက ၂ မီတာကိစ္စ။ ကျောင်းသွားရင် သူတို့ဘယ်လို ၂ မီတာခြားပြီးနေမလဲ။ ဂွကျတာပဲ။ ကျောင်းပိတ်ရက် ရောက်ဖို့ကလဲ ၃ ပတ်လိုသေးတယ်။ ကိုယ်စာသင်တဲ့ ကျောင်းက ကလေးတွေကိုလဲ ဘယ်လိုခွဲထားရပါ့။ ဦးနှောက်တွေ ခြောက်တာ။ သမီးကို ကျောင်းမသွားနဲ့ မောင်လေးနဲ့ အိမ်မှာနေဆိုတော့လည်း စာတွေ လွတ်ကုန်မှကြောက်လို့တဲ့။ အသက်ထွက်သွားရင် ဘယ်လိုစာသင်မလဲဆိုတော့ ဒီဗိုင်းရပ်စ်ကြောင့် သူတို့အရွယ်တွေက မသေနိုင်ဘူးတဲ့။ မှတ်သားရပါတယ်ပေါ့။

ဒါနဲ့ တနင်္လာနေ့ရောက်တော့ ထမင်းဘူးလေးတွေ တန်းစီထုတ်ပေးပြီး သမီးကို ကျောင်းကားဂိတ်မှာ သားကို သူ့ကျောင်းမှာချခဲ့ပြီး ကိုယ့်ကျောင်း ကိုယ်သွားရတယ်။ ကလေးတွေအတွက်အတန်းမရှိတဲ့နေ့ဆိုတော့ တော်ပါသေးရဲ့။ ကိုယ်အလုပ်လုပ်တဲ့ မူကြိုကျောင်းခန်း အကျယ်ကြီး (မီတာ ၃၀၀ လောက်)မှာ ကိုယ်ရယ် ဆရာမအကူတစ်ယောက်ရယ်ပဲဆိုတော့ နှစ်ယောက်သား ကျယ်ကျယ်ဝန်းဝန်းခွဲနေလို့ ရတယ်။ တစ်ကျောင်းလုံးက ဆရာမတွေ ကျောင်းသားတွေလဲ ဒီလိုပဲ ရသလောက်ဝေးဝေးနေကြတာ တွေ့ရတယ်။ စိတ်မချလို့ အလုပ်လုပ်ရင်း ရေဒီယိုကိုတစ်ချိန်လုံးဖွင့်ထားတာ ထင်တဲ့အတိုင်းပါပဲ ၁ ချက်ခွဲတော့ အဆင့်တွေတက်ပြီး တစ်တိုင်းပြည်လုံး အိမ်ထဲမှာနေဖို့ အင်္ဂါနေ့ကစပြီး ကျောင်းတွေပိတ်ဖို့အမိန့်ထုတ်လိုက်တယ်။ ကလေးတွေအတွက်တော့ စိတ်အေးသွားပြီပေါ့။

ကျောင်းမှာလည်း အိမ်ကနေ အလုပ်လုပ်ဖို့ကိစ္စတွေ ဘယ်သူ ဘယ်စက်ယူ ဘာတွေသိမ်း ဘာတွေလုပ်နဲ့ ရှုပ်ရှက်တွေခပ်တာ ညနေ ၄ နာရီကျော်တော့မှ အေးတော့တယ်။ တချို့လူတွေကတော့ ဈေးတန်းပြေးကြတယ်။ ကိုယ်ကတော့ အလုပ်လုပ်နေတဲ့ အိမ်ရှင်မပီပီ အိမ်မှာ အနဲဆုံး တစ်လစာ ဟင်းရံဆောင်ထားတော့ သိပ်မပူ။ ငါးလေးတွေ ကြက်သားလေးတွေ ဆားဆနွင်းနယ်ပြီး တစ်ခါချက်စာလေးတွေ ရေခဲထား၊ အာလူး ကြက်သွန် တစ်လစာ၊ ဆီက ၅ လီတာပုံး၊ ဆန်ရယ် ဂျုံရယ် အိမ်က ဟင်းသီးဟင်းရွက်ပင်လေးတွေရယ်၊ ဖူလုံပါတယ်။

အင်္ဂါနေ့ကျတော့ အိမ်ကနေ အလုပ်စလုပ်။ သမီးက အိမ်ကနေ စာလုပ်။ သားကတော့ လွတ်လပ်ရေးရ။ သူ့ကို ကျပ်ရတဲ့ အလုပ်က နည်းနည်ခက်တယ်။ ဒီအချိန်ကျောင်းမှာ ဘာလုပ်လဲဆို သချၤာတဲ့။ ခုလုပ်ပါလားဆိုတော့ သူကြိုက်တဲ့ ဘာသာ ရွေးလို့ ရသလားတဲ့။ အေးဆိုတော့ အင်္ဂလိပ်စာရေးလေ့ကျင့်မယ်ဆိုပြီး သူ့ရဲ့ ဇာတ်လမ်းရှည်ကြီးကို ဆက်ရေးတော့တာ။ သူကလည်း စာရေးဝါသနာပါတယ်။ ပျင်းရင် စာရေးတယ်လို့ သူ့ကျောင်းဘလော့ဂ်မှာ ရေးထားတာ ဖတ်ရတယ်။

အွန်လိုင်းအစည်းအဝေးထိုင်ကြတော့ တချို့ဝန်ထမ်းတွေက အလုပ်လုပ်စရာ စက်မရှိလို့ ကျောင်းပြေးပြီး သူတို့လိုတာတွေ ထုတ်ပေးရသေးတယ်။ အပြန်ဈေးဝင်တော့ လူသိပ်မရှိလှပါဘူး။ အသီးတွေက ထုံးစံအတိုင်း၊ ကိုယ်လိုချင်တဲ့ ငှက်ပျောသီးကတော့ ၁ ကီလို ၅ ဒေါ်လာတဲ့။ မတတ်နိုင်။ ဝယ်ပေါ့ကွာ။ ခေါက်ဆွဲထုတ်တွေ လုံးဝမရှိတော့။ ကြက်ဥတွေလည်းပြောင်။ စိတ်ဝင်စားစရာ။

ဗုဒ္ဓဟူးနေ့ သက်သတ်လွတ်၊ ဘယ်ရမလဲ စမူ ဆာလုပ်ကြည့်လိုက်တယ်။ ဖြစ်သဗျား။ သမီးရော သားရော အဖေရော ကြိုက်။ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကြေညာချက်ထုတ်တာ ကြားတယ်။ ညနေဘက် အားလုံးထွက်ပြီး လမ်းလျှောက်ကြတယ်။ လမ်းလျှောက်နေရင်း civil defense က message ဝင်လာတယ်။

ဒီည ၁၁ နာရီ ၅၉ မှာ အမြင့်ဆုံး အဆင့်ကို ဝင်မယ်တဲ့။ ခုစာရေးနေရင်းဝင်ကြည့်တာ အစိုးရ ဝက်ဘ်ဆိုဒ်မှာ မပြောင်းသေးဘူး။ ၁၂ နာရီ ၁၈ မိနစ် ရှိနေပြီ။ ဂွ(ခွ)ကျတဲ့မိန်းမဆိုတော့ lock down ဝင်တာကို မအိပ်ပဲစောင့်ကြည့်တာလေ။ ဘယ်သူမှလုပ်ပုံမပေါ်ပါဘူး။ အဖေက ကိုယ့်ဘေးမှာ အိပ်မောကျလို့………

ခင်လေး (Aotearoa) 
26.03.2020

12:12 a.m
....

ပထမနေ့

ပထမနေ့မနက် အိပ်ရာထတော့ ကားလမ်းမကို အရင် ပြေးကြည့်ရတယ်။ နည်းနည်းတော့ ရှိတာပါပဲ။ ကိုယ်တို့အိမ်ရှေ့ကလမ်းက ပုံမှန်ဆို မိုးလင်းတာနဲ့ ကားတွေနဲ့ ပြည့်နေတော့တာ။ မြို့တောင်ဘက်ပိုင်းက လူတွေ အတော်များများဟာ မြို့ထဲသွားတဲ့အမြန်လမ်းကို ကိုယ်တို့ အိမ်နားက အဝင်ပေါက်ကနေ ဝင်လေ့ ရှိတယ်။ ဒါကြောင့်ကိုယ်အရင်အလုပ်လုပ်တဲ့ မူကြိုကျောင်းကိုသွားရင် ၂၅ မိနစ်စာလမ်းဟာ ယာဉ်ကြောပေါ်မူတည်ပြီး ၁ နာရီလည်းဟုတ်၊၂ နာရီလည်း ဟုတ်။ ညနေအပြန် ကလေးတွေ ကျောင်းကြိုဖို့ကို မီပါ့မလား မီပါ့မလားနဲ့ ဘုရားတ နေရတယ်။ ဒါနဲ့ပဲ အိမ်နားနီးတဲ့ကျောင်းလေးမှာ အလုပ်လျှောက်ဖြစ် လုပ်ဖြစ်သွားတာပါ။ အရင်ကျောင်းလေးက မြန်မာကလေးတွေနဲ့ မိသားစုတွေကိုတော့ ခုချိန်ထိ လွမ်းနေသေးတာ။ ကိုယ်အလုပ်ထွက်တော့ ဆရာမကြီးကစိတ်မကောင်းဖြစ်ပါတယ်။ ကိုယ်တို့နှစ်ယောက်လုံးက သိပ်ဝမ်းနည်းတတ်တာ။ ငိုပွဲပေါ့။

အဲ၊ ဘယ်ရောက်သွားပြီလဲ။ မနက်ခင်း ပြန်စ။
ဘယ်သူမှ အပြင်ထွက်စရာမလိုတော့ မနက်စာလေးလုပ်မယ်ဆို နို့စကျိုလိုက်တာ ဖာလူဒါ အသင့်ထုတ် ထည့်ချင်စိတ်ပေါက်လာလို့ထည့်လိုက်မိတော့ ပူတင်းလေးနဲ့ ကျောက်ကျောလေးပါ ဆက်လုပ်၊ အိမ်က ကတွတ်သီးလေး ထောပတ်လေးနဲ့ ပျားရည်လေးနဲ့ချက်လုပ်လိုက်တာ မနက်စာစားချိန်ကျော်သွားရော၊ ဒီတော့ မနေ့ညကချက်ထားတဲ့ အီတလီခေါက်ဆွဲ(မေမေက စပါဂက်တီကို အီတလီခေါက်ဆွဲလို့ ခေါ် တယ်။ လွန်ခဲ့တဲ့အနှစ်၂၀ လောက်ထဲက ၈ မိုင်က စူပါမားကက်ကနေ ပတ်စတာမျိုးစုံဝယ်စုထားပြီး သက်သတ် လွတ်နေ့ကျ ချက်ချက်ပေးတယ်။ ကျေးဇူးကြီးပေ ဒို့မေမေ ကြော်ငြာ။) နဲ့ သမင်သား ခရမ်းချဉ်သီးချက် အရင်စားပြီးတော့ ဖာလူဒါသောက် blunch လုပ်လိုက်ကြတယ်။
စားပြီးတော့ အလုပ်လုပ်ပေါ့။ ကွန်ပျူတာတစ်လုံးနဲ့ဖြတ်တောက် ရေးချွတ်။ ဇွမ်းကြီးနဲ့လည်း ဗွီဒီယိုမီတင်တွေထိုင်။ ရှုပ်ပါ့။

ညနေကျတော့ တစ်အိမ်လုံး လမ်းလျှောက်။ အားလုံး ကောင်းပါတယ်။ နောက်နေ့အတွက် ခဲထားတဲ့ ငါးလေးတွေ defroze လုပ်ထားလိုက်တယ်။ ရေခဲရာကနေပုံမှန်အတိုင်းပြန်ဖြစ်အောင် စိတ်ရှည်ရှည်ထားပြီး (ထားနိုင်တဲ့အခါပေါ့နော်၊ သတိမရတဲ့အခါလည်း ခဲနေတဲ့အတိုင်း ပစ်ထည့်လိုက်ရတာတွေ အများကြီးရှိပါတယ်။) ရေခဲသေတ္တာ အပေါ်ထပ်ထဲထည့်ထားရင် အရည်တွေ အများကြီးမထွက်ပဲ ရေခဲခန်းထဲမထည့်ခင်ထဲကအတိုင်း ပြန်ရတယ်။ ဒါက စကားချပ်။

ဒုတိယနေ့

ဒီနေ့အဖေ အလုပ်သွားရတယ်။ စောစောထဖြစ်တော့ အလုပ်စလုပ်မယ်စဉ်းစားရင်း အပြင်မှာ ဘာတွေဖြစ်နေလည်းသိရအောင် တီဗွီဖွင့်ထားတယ်။ ဒီနေ့ကTerm 1 ရဲ့ နောက်ဆုံး နေ့လေ။
တီဗွီမှာ မနက်ခင်းသတင်းလာနေတယ်။ ပုံမှန်လုပ်နေကျလူတွေမဟုတ်ဘူးပဲ။ ကြည့်ရတာ ဂျူတီတွေချိန်းထားရတယ်ထင်တယ်။ သတင်းကြေညာပြီး ရာသီဥတုအကြောင်းရောက်လာတော့ ခါတိုင်းပြောနေကျလူမရှိလို့ အစီအစဉ်မှာပါတဲ့သူအားလုံး တစ်ယောက်တစ်မျက်နှာ ပြောကြတယ်။ အားလုံးသုံးယောက်ပေါ့။ သတင်း ပြောတဲ့သူတွေကြီးပဲ။ ကသောင်းကနင်းတွေဖြစ်တော့ အချင်းချင်း နောက်ကြ၊ ကူကြ၊ ငါတို့က သူ့ကိုအလုပ်မပြုတ်စေချင်လို့ တမင်မကောင်းအောင်လုပ်တာဆို ပြောကြ၊ ပျော်စရာ။ မြန်မာပြည်ကတီဗွီမှာ အဲဒီလိုလုပ်လို့ ရပြီလားလို့ စဉ်းစားမိတယ်။ ရရင်ကောင်းမှာနော်။

လူ့ဦးနှောက်တည်ဆောက်ပုံအရ အန္တရာယ်နဲ့ကြုံရင်၊ အန္တရာယ်ရှိပြီလို့ ဦးနှောက်ကသတ်မှတ် လိုက်တာနဲ့ အဲဒီလိုဟာ ဘယ်လိုလွတ်အောင် ပြေးရမလဲ ဘယ်လိုပြန်တိုက်ရမလဲဆိုတာပဲ စဉ်းစားတော့တယ်တဲ့။ ကျန်တဲ့နေရာတွေအား လုံးပိတ်လိုက်တော့တာ။ မှားရင် အလုပ်မပြုတ်ဘူးလို့သိထားတော့ ဘယ်လိုမှန်အောင်ပြင်ပြီး ဆက်လုပ်ရမယ်ဆိုတာ ဦးနှောက်က စဉ်းစားချိန်ရတာပေါ့နော်။ ဒါက ဆရာမတစ်ယောက်ရဲ့ သုံးသပ်ချက်။

တနေ့လုံး အလုပ်ရှုပ်၊ ၁၂ နာရီခွဲလောက် ကျောင်းကိစ္စတွေ ပြီးတော့ ငါးလေးကြော် ကန်စွမ်းရွက် ချဉ်ရည် ချက်၊ သားနဲ့ ထမင်းစား၊ မမ(သမီး)က မနက်က ဖာလူဒါတွေ တစ်ပန်းကန်ကြီးစား ထားလို့ မစားနိုင်။ အလုပ်ဆက်လုပ်။

၄ နာရီခွဲတော့ ရေမိုးချိုး အဖေ့ဆီဖုန်းခေါ်။ ပြန်မလာနိုင်သေး၊ နောက်တစ်နေရာ သွားရမတဲ့။ lockdown မို့ပေလို့ပဲ။ အားကြီးဖမ်းရခက်တယ်။ သူကြိုက်တဲ့ ငါးကြော်နဲ့မျှားပြီး ထမင်းပြန်လာစားဖို့ ခေါ်တာလည်း မအောင် မြင်ပါ။

စာရေးနေရင်းက ပုစွန်အစပ်ကြော်စားချင်စိတ် ပေါက်လာလို့ သွားကြော်ဖြစ်တယ်။ သမီးက ကြက်သွန်နီခွာ သားက ကြက်သွန်ဖြူထု၊ ကိုယ်က ပုစွန်သန့်၊ ငရုပ်သီးခွဲကြမ်း အခြောက်ထည့် မယ့်အစား ငန်ပြာရည်ဖျော် (ကြာနေလို့ ရှင်းချင်လို့) ထည့်လိုက်တာစပ်သွားတော့ ဘာထည့်ရမလဲဘီရိုထဲလိုက်ရှာလိုက်တာ မန်ကျည်းရွက် ပုလင်းထွက်လာတယ်။ ဟန်ကျတာပဲဆိုထည့်၊ မြည်းကြည့်တော့ သမီးက အချဉ်လိုသေးတယ်လို့ပြောတယ်။ ဒါနဲ့မန်ကျည်းရေခဲလေးတွေ ၄ တုံးလောက်ထည့်။ (ကိုယ်က မန်ကျည်း နှစ်ဖျော်ရင် ၅၀၀ ဂရမ်တစ်ထုပ်လုံး ရေနွေးကျက်ကျက်ဆူလောင်းထည့်ပြီး နှပ်ထား၊ ပျော့လာတော့မှ စိတ်ရှည်လက်ရှည် ဇကာလေးနဲ့အနှစ်တိုက်ယူပြီး ရေခဲပုံစံခွက်လေးတွေနဲ့ခဲ၊ ပြီးတော့ ပလပ်စတစ်အိတ် လေးတွေနဲ့ထည့်ပြီး သိမ်းထားတာ။ သုံးချင်ရင် အဆင်သင့်ပေါ့။ (ဒါက (kitchen tip)။ ကျက်တော့ အဖေပြန်ရောက်လာရော။ အဲဒါဘာလဲမသိ။ အဲဒီလို ခဏ ခဏ ဖြစ်တယ်။

သူ့ကို ပိုးသတ်တဲ့ ပုဝါဗူးလေးကမ်းပေးရင်းက ကျောင်းက ကလေးတွေကို ကျေးဇူးတင်ပါတယ်လို့ စိတ်ထဲက ပြောဖြစ်တယ်။ ကိုယ့်ကျောင်းက ကလေးတော်တော်များများဟာ ကျန်းမာရေး ချို့တဲ့ကြတယ်။ နည်းနည်လေးမှားတာနဲ့ ဆေး ရုံတန်းရောက်သွားတာ။ အရွယ်လေးတွေနဲ့မမျှအောင် ခံစားကြရရှာတယ်။ ဒီတော့ သူတို့ ထိတွေ့ကိုင်တွယ်တာတွေအားလုံးကို ပိုးသတ်ထားရတယ်။ ဒီတော့ ကိုယ်ပိုးသတ်တဲ့ပစ္စည်းတွေ အကြောင်းကောင်းကောင်း သိပြီး အိမ်မှာဆောင်ထားနိုင်တာပေါ့။
သားက ငါးကြော်ကိုသိပ်ကြိုက်တာပဲ။ နက်ဖန်ကြော်ပေးပါဦးတဲ့။
နယူးဇီလန်က စူပါမားကတ်ကြီးတခုအဝင်မှာ တန်းစီနေတဲ့ ဈေးဝယ်သူများ www.nzherald.co.nz
တတိယနေ့

မနေ့က ညနေ မိုးရွာနေလို့ လမ်းမလျှောက်ဖြစ်တော့ ဒီနေ့မနက် လမ်းလျှောက်ကြတယ်။ လမ်းမလျှောက်ခင် ကြက်ဥနည်းနေလို့ အိမ်နားကကုန်စုံဆိုင်အသေးလေးဆီသွားမယ်ကြံတာ အဖေက ကမ္ဘောဒီးယားဆိုင် လိုက် ပို့မယ်တဲ့။ အဲဒီဆိုင်လေးက အိမ်ကနေ ၁၀ မိနစ်လောက် မောင်းရတယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က စဖွင့်တာ။ အရှေ့တိုင်းဟင်းချက်စရာတွေ ဟင်းသီးဟင်းရွက်တွေ ဟင်းခပ်အမွှေးအကြိုင်တွေရတယ်။ ဆိုင်ဝန် ထမ်းတွေက ခမာတွေဆိုတော့ အဖေဖနွမ်းပင် ပြန် ရောက်နေသလိုပေါ့။ သူအဲဒီမှာ တော်တော်ကြာကြာ အလုပ်လုပ်ဖူးတယ်။

အဖေ့ကားနဲ့သွားကြတော့ ကားပေါ်မှာတင်ထားတဲ့ သူ့ရဲ့ဖြတ်သန်းသွားလာခွင့် စာရွက်ကို စပ်စပ်စုစုဖတ်ကြည့်သေးတယ်။ သူ့နာမည် သူ့ ရုံးနာမည် အစိုးရရဲ့ခွင့်ပြုချက်ကို စစ်ချင်ရင်ခေါ်ရမယ့် ဖုန်းနံပါတ် စတာတွေ ရေးထားတယ်။

တစ်လမ်းလုံး ကားကိုရှင်းလို့။ လွန်ခဲ့တဲ့ ၁၉ နှစ် ဒီကျွန်းလေးကိုရောက်ခါစ စနေနေ့မနက်ခင်းတွေအတိုင်းပဲ။ အဲဒီတုန်းက လူနည်းနည်း ကားနည်းနည်း ချယ်ရီသီးတွေ ၁ ကီလို ၅ ဒေါ်လာ၊ ခြံကြက်ဥ ၁ ဒါဇင် ၃ ဒေါ်လာခေတ်ပေါ့။ သမီးလေးက ငယ်ငယ်လေး။ ပန်းသီးတစ်လုံးတစ်လုံးက သူ့မျက်နှာလောက်ရှိတယ်။ ပြောင်းဖူးတစ်ဖူးက သူ့လက်တစ်ချောင်းလုံးစာရှိတယ်။ ပန်းသီးတွေ ပြောင်းဖူးတွေကို ချိုးပေးခွဲပေးရင်မကြိုက်။ အလုံးလိုက်အဖူးလိုက် အားရပါးရ ကိုင်စားချင်တာ။ ပြောင်းဖူးတစ်ဖူးပေးထားရင် တစ်နာရီလောက် အလုပ် ရှုပ်နေရော။ သိပ်ချစ်စရာကောင်းတယ်။

ဆိုင်ရောက်တော့ နာရီဝက်လောက်စောနေသေးလို့ ကပ်ထားတဲ့စာတွေ လိုက်ဖတ်ကြည့်ကြတယ်။ တစ်မိသားစုကို တစ်ယောက်ပဲ ဝင်ရမယ်၊ အဝင်မှာ အဖျားတိုင်းမယ်၊ လက်သန့်ဆေးရည်နဲ့သန့်ရမယ်၊ တစ်ဆိုင်လုံးမှာ ၁၀ ယောက်ပဲရှိရမယ်၊ ပစ္စည်းတွေကို ကိုင်လိုက်ချလိုက် မရွေးရဘူးတဲ့။ (ဟီး၊ မေမေဆို ကြိုက်မှာမဟုတ်၊ ဖေဖေက သူဈေးဝယ်ပုံသရုပ်ပြရင် သိပ်ရယ်ရတာ။ နံပါတ် ၁ ကိုကိုင် ၃၆၀ ဒီဂရီ လှည့်ပတ်ကြည့်၊ ပြန်ချ၊ ၂ ၊ ၃ ၊ ၄၊ အဲဒီအတိုင်းလုပ်၊ ပြီးရင် နံပါတ် ၁ ကို တောင်းထဲထည့်တဲ့။ သူ့ကို အဲဒီလိုပြောရင် မေမေကစိတ်တိုမှတို။)

အဲဒီအချိန်မှာ ဆိုင်တံခါးဖွင့်ပြီး ဝန်ထမ်းလေးတွေ ဖွင့်ဖို့ပြင်နေတာတွေ့တယ်။ ဝယ်နေကျ မျက်မှန်းတမ်းမိနေတော့ ကိုယ့်ကိုလက်မထောင်ပြတယ်။ ဒါနဲ့ဈေးဝယ်ဖို့ အိတ်ကလေးယူ လက်အိတ်လေးဝတ်ပြီးကိုယ်ဝင်သွားလိုက်တယ်။ အဝမှာ အဝေးကနေ နဖူးကိုတိုင်းတဲ့ သာမိုမီတာလေးနဲ့ကိုယ့်ကို တိုင်းတယ်။ ညွှန်ကြား ချက်အတိုင်း လူတွေကိုကာကွယ်ဖို့ လုပ်ရတာပါ စိတ်မရှိပါနဲ့လို့ ပြောရှာတယ်။ ရပါတယ်လို့ပြောပြီး ကိုယ်ဝင်သွားတော့ တစ်ဆိုင်လုံးမှာ ကိုယ်တစ်ယောက်ထဲ။ ခေါက်ဆွဲတွေမရှိ၊ ဖက်ထုပ်ရွက်လေးတွေရှိသေးတော့ ယူလိုက်တယ်။ ဖက်ထုပ်လုပ်မယ်ဆိုရင် သားနဲ့သမီးကို အမေ့ကိုကူဖို့ ခေါ်ရလွယ်တယ်လေ။ ဈေးကတော့ပုံမှန်ပါပဲ။ ဖက်ထုပ်အတွက် ကြက်သွန်ဖြူမိတ်ယူ၊ ကြက်ဥယူ၊ ရုံးပတီသီးယူ၊ သစ်တော်သီးယူ ပြီး ပြန်ထွက်လာတယ်။

ကောင်တာရောက်တော့ အရောင်းကောင်တာ ရှေ့မှာ မှန်တစ်ချပ်ခံထားတယ်။ ဝယ်တဲ့သူက ပစ္စည်းကိုကောင်တာပေါ်ချ၊ နောက်ပြန်ဆုတ်၊ တန်းစီတဲ့လိုင်း ရှေ့ဆုံးအမှတ်အသားနေရာမှာ ရပ်နေရတယ်။ ကွန်ပျူတာဖန်သားမျက်နှာပြင်ကို ဈေးဝယ်သူဘက်လှည့်ပေးထားတော့ သူဖတ်သမျှဈေးတွေဝယ်သူက မြင်နေရတာပေါ့။ အဆင်ပြေပါတယ်။ ပေးတော့လည်း ကိုယ်သုံးရတာမကြိုက်တဲ့ paywave နဲ့ဆိုတော့ ခလုပ်တွေ နှိပ်စရာမလိုပဲ ကပ်ပြားလေး စက်မှာကပ်လိုက် ရုံနဲ့ပြီးသွားတာပေါ့။

လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကတည်းက paywave ကို ကိုယ့်အကြွေးဝယ်ကဒ်မှာ ဘဏ်က ထည့်ပေးထားတာ။ ကိုယ်က ကြိုးစားပန်းစားရှာထားရတဲ့ ကိုယ့်ပိုက်ဆံတွေ လွယ်လွယ်နဲ့ထွက်သွားတာမကြိုက်ပါဘူးဆိုတဲ့ ဂွ(ခွ) ကျကျအတွေးနဲ့မသုံးပဲနေနေတာ။ ခုတော့ ဗိုင်းရပ်စ်ဘေးက ပိုကြောက်ရတော့ သုံးဖြစ်သွားတာပေါ့။

အိမ်ရောက်တော့ သိမ်းဆည်းပြီး အိမ်နားက ပန်းခြံထဲလမ်းလျှောက်။ လူသိပ်မရှိပါဘူး။

ဒီနေ့တော့ သိုးမွှေးထိုးစက် ဆင်ဖြစ်မယ်ထင်တယ်။ သမီး လက်အိတ်လေး လက်နဲ့ထိုးနေတာ မပြီးနိုင်လို့။

ခင်လေး (Aotearoa) 
12:18 p.m.
28.03.2020 Saturday



Comments