သစ်ခက်သံလွင်ကဗျာ ၊ ရိုးခက် နှင့် မောင်ထိန်လင်း (မြို့သာတို့၏ကဗျာများ)


Artist Khalid Shahin
အမြစ်က ဆွဲလှန်ခံရတဲ့ သစ်ပင်

ကျပ်စေ့တစ်စေ့
ခေါင်းပန်းလှန်သလို
ငါပြားစေ့လေးလဲ 
ခေါင်းပန်းလှန်လို့ရပါတယ်
အချိန်တွေ 
မျက်ကွယ်ပြုခြင်းခံရတော့
အမှောင့်ပရောဂဟာ 
ခေါင်းထောင်ထ
မှန်ရေကန်ထဲ 
ရောက်ရှိတဲ့ငါးတစ်ကောင်
ကူခပ်နေရတာ
ပင်လယ်ထဲကူခပ်ရတာထက် ခက်တယ်
အရိပ်တွေ ထိုးထွက်ဖို့
အနာဂတ်သင်္ချာနည်း
တွက်တတ်ဖို့လိုတယ်
ရေပေါ်မှာ
ပေါလောပေါ်နေတဲ့ဗေဒါ
မြေနံ့မသင်းတော့
ခရေပန်းကလေးလို့
မမွှေးပေဘူးပေါ့
ခက်တယ်
ငှက်ကလေးတွေ 
အစာကျွေးဖို့
ငါ့မှာ တောင်ပံတွေ ပါမလာခဲ့ဘူး ။ ။

ရိုးခက်
 ….
artist Khalid Shahin
 ရေစီးကြောင်းမှာ မျောနေတဲ့ ကျောက်တုံးလေးတွေ

ဆီလက်ကျန်နည်းနေတဲ့ မီးစာလေး
အကာအကွယ်မဲ့မုန်တိုင်းကြားမှာ
အသက်ဆက်ဖို့ကြိုးစားနေရသလို၊
ဒေါသစိတ်၊ အထင်သေးစိတ်နဲ့
လအရိပ်မှာ
အလှည့်စားခံခဲ့ရတဲ့ စောလူးမင်းလို၊
ငါတို့ဟာ
ရောဂါသည်လို့ သတ်မှတ်မခံရတဲ့
ခွေးရူးတွေပါကွယ်
ရူးတာတောင် လွတ်လွတ်လပ်လပ်ရူးခွင့်မရ၊
ခေါင်းပေါ်ကျလာတဲ့ မြေမှုန့်တွေကို မော့မကြည့်ရဲ
ငတ်မွတ်နေတဲ့ ခွဲတမ်းထမင်းလုတ်ထဲက ခဲသလဲကို ထွေးမထုတ်နိုင်
သက်တမ်းမလွန်ခင် မှိုတက်နေတဲ့ ဘ၀ကို
လောကဓံလို့ တရားချနေရ၊
ငါတို့ဟာ
မြစ်ကြောင်းထဲက လိမ့်ရင်း လုံးလာတဲ့
သဲကျောက်တုံးတွေပါကွာ။

မောင်ထိန်လင်း(မြို့သာ)  
၁၂.၇.၂၀၁၇
မနက် ၇း၅၂

Comments