သစ်ခက်သံလွင်၊ ၂၀၁၆၊ အနောက်မြောက်လွင်ပြင်ကဗျာဆု(မုံရွာ) ရရှိသူ ဆရာ"မိုးဝေး" ကို ဂုဏ်ပြုသောအားဖြင့် ဖော်ပြပါသည်။
၂၀၁၆၊ အနောက်မြောက်လွင်ပြင်ကဗျာဆု(မုံရွာ) ရရှိတဲ့ ကဗျာ
ဘယ်သူတွေများသေသွားမလဲ
Idea magazine ဇွန်လ ၊ ၂၀၁၆ မှပုံကို ယူပါသည် |
အသိသက်သေမရှိဘဲ လူတယောက်ဖြစ်လာတယ်
ညနေတခုကိုလက်ထဲကိုင်ထားရင်း
အမှောင်တွေစွန်းထင်းလာနေတယ်
ဒစ်ဂျစ်တယ်မျက်နှာပြင်သော်လည်း ဆေးသားဟာကွက်မြဲ
ရန်ကုန်မြို့ရဲ့လမ်းတွေပေါ်
တိုးဝှေ့ဖြတ်သန်းနေတဲ့မြောက်ပြန်လေဟာ
တိုက်နံရံတွေပြတင်းပေါက်တွေကြား
သမိုင်းကြောင်းအရကျဉ်းကျပ်လို့
လူတယောက်ပြီးတယောက်
ထိုင်ရာက ထထမြင့်တတ်သွားတာ
ကွက်လပ်ကြီးဖြစ်လို့နေပါပြီ
လမ်းပေါ်မှာပဲ သက်တမ်းတခုနီးပါ
ငူငူငေါင်ငေါင်ကြီး ကြောင်နေကျူးနေ
အလိုမပြည့်ရင်တော့
ကွမ်းတယာ စားချင်စားလိုက်ပါ
ပြီးတာနဲ့သမိုင်းအလိုအရ
ဗျစ်ခနဲ ထွေးပစ်လိုက်ပေါ့
ဒါမှမဟုတ် ဘားလမ်းဘက် ခဏထွက်ခဲ့ပါ
အဲဒီက တဆင့်သွားရင်လည်း လသာစက်မှုဇုန်ဘက်ထွက်မှာပဲ ဒီမှာတော့
လမ်းမပေါ် မေးတင်နေတဲ့ ခေါက်ဆွဲသုပ်
ရေမြောင်းထဲ ကျတော့မယ့်ဆဲဆဲ ရေနွေးကြမ်း
စားပွဲခုံနီနီ ထီးအမိုးစုတ်စုတ်နဲ့ ကွမ်းတံတွေးကွက်များ
သမိုင်းဟာ မှန်ကူကွက်တော့မလိုလို ဘာလိုလို ရဲရဲနီ
မိန်းမများတဟားဟားရယ် ကလေးများစားပွဲထိုး
ကျီးကန်းတွေဟာ ရှစ်ပေခန်းအပျက်ပေနားနေရင်း နှုတ်သီးကိုလေနဲ့သပ်
လမ်းပေါ်မှာကားတွေ မသွားနိုင်အောင်ရပ်နေလည်း
ဖုန်းထဲမှာ လူသားဟာ ပန်းတိုင်ဆီအကြိမ်ကြိမ်ရောက်ခဲ့ပြီ
မိုးလင်းတော့လည်း
တယောက်ယောက်မရှိတော့ဘူဆိုတာ
တယောက်ယောက်ပျောက်ကွယ်သွားပြီဆိုတာ
ဇာတ်ထုပ်တစတပိုင်း လွင့်လာပါလိမ့်မယ်
ဒစ်ဂျစ် ဒစ်ဂျစ် ဒစ်ဂျစ်တယ် မျက်နှာပြင်ပေါ် ။

မိုးဝေး
Idea magazine
ဇွန်လ ၊ ၂၀၁၆
ဇွန်လ ၊ ၂၀၁၆
Comments
Post a Comment