နေလင်း - '' ထောင့်ဖြတ်အသက်ရှူနည်း ''

abstractexpressionism.wordpress.com
သစ်ခက်သံလွင်ကဗျာ
အောက်တိုဘာ ၂၃၊ ၂၀၂၁
'' ထောင့်ဖြတ်အသက်ရှူနည်း ''
နေလင်း

ရှေ့ဆက်ရှင်သန်ဖို့
သူသေကိုယ်သေလမ်းကိုရွေးကြရတဲ့အခါ
ဘယ်ဘဝတွေကနာကြည်းချက်ပိုပိုသာသာနဲ့လဲ
ပြိုင်ပွဲက စကားပြောမယ်။

ထုပ်ပိုးထားတဲ့အသက်
မက်စရာဆိုလို့
မောနေရတဲ့ကံအကျိုးပေးရိုးသားမှုတွေပဲရှိတဲ့
ဘဝခါးခါးဝမ်းရေးမခိုင်တခိုင်လေးသာရှိရဲ့။

ခဏလေးအေးမြလည်းမဆိုးပါဘူးလေလို့
ခေါင်းငုံ့မိသမျှ
တစ်ဘဝလုံးအစဉ်ပူလောင်ရတာပါပဲ။

ဆင်းရဲတွင်းထဲကနေဆက်သနေတဲ့အခွန်တော်ဟာ
သေမိန့်ချတတ်တဲ့အာဏာရှင်ပါးစပ်အတွက်
စားရလေငတ်လေ
ရလေလိုလေတစ္ဆေအိုနဲ့ညမှောင်မှောင်တွေ။

နေလို့မှမထူးတော့တာ
ကြည့်မှန်လိုကျင့်တယ်
ရေလိုမီးလိုနေလိုလလိုကျင့်တယ်
မတော်လှန်ရင်အညွန့်ဆက်ချိုးခံရမယ့်ဘဝတွေ
ခံရမှာအသဲနာတယ် ပြန်ချမယ် ။ ။ 

Comments