Friday, March 31, 2017

k

သစ်ခက်သံလွင် ကဗျာသုံးသပ်ချက်၊ ကိုနိုင်း၏ "ဘဝကိုရေးနေတဲ့ကာရန်များ "

ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၇ )
ဘဝကိုရေးနေတဲ့ကာရန်များ
 ကိုနိုင်း

ကျနော်တို့ကခေတ်ကိုအမီလိုက်နေရသလို၊ တခါတရံမှာတော့ ခေတ်ကိုငေးကြည့်နေရတယ်။ ဒီခေတ်ကြီးထဲမှာ ရှုပ်ထွေးမှုတွေ၊ လုပ်ကြံမှုတွေ၊ မနာလိုမှုတွေ၊ ကိုယ့်ကိုယ်ကိုအထင်ကြီးမှုတွေနဲ့၊ ဒီလိုနဲ့ဘ၀တွေ ရှင်သန်နေကြတယ်။ အချောင်ခိုပြီး နေတတ်အောင် နေနေကြသူတွေလည်းများလွန်းတဲ့ခေတ်က မြို့ပြဟန်ဆောင်လို့ပေါ့။ တကယ်တော့ မြို့ပြဆိုတာကလည်း လိမ်လည်မှုတွေ ကျွမ်းကျင် ယောင် ဆောင်တတ်တယ်။ နောက်တော့လည်း မြို့ပြတွေက ကျေး လက်အယောင်ဆောင်၊ ကျေးလက်တွေက မြို့ပြ အယောင်ဆောင် နေကြတယ်။ ဒီဇာတ်လမ်းထဲမှာ နောက်ဆုံးတော့ ပြီးပါပြီဆိုတဲ့ စာ တမ်းတခုတော့ ထိုးလိုက်မှာပါပဲ။ အခုနေတော့ သူရဲကောင်းတွေ၊ ဗီလိန်တွေ ရောနှောလို့ကောင်းတုန်းပါပဲ။ ဒါကို မိုးမခ မဂ္ဂဇင်းထဲမှာ ကဗျာဆရာနရီမင်းက ဒီဇာတ်ညွှန်းဆိုပြီး ကာရန်ဖွဲ့ပြောလိုက်ပါတယ်

လူ့ဘ၀ဆိုတာ ဇာတ်ခုံတခုလို့
ရှိတ်စပီးယား ပြောတာမျိုးကို
လူတိုင်းနားလည်နိုင်ပါတယ်။

ဒါပေမဲ့
ဇာတ်ညွှန်းတချို့က
အဖြစ်အပျက်တွေ အစီအစဉ်ချထားတာမဟုတ်ပဲ
အဖြစ်အပျက်နဲ့ ရိုက်ခတ်ချက်တွေကို
တွက်ချက်စီစဉ်ထားတာမျိုးဆိုတာ
လူတိုင်းနားမလည်နိုင်ပါဘူး။

လူတိုင်းနားမလည်နိုင်ပါဘူးဆိုတဲ့အတွေးကိုတော့ ပြန်တွေးမိပါလိမ့်မယ်။ လူသားတွေရဲ့ဘဝဖြစ်စဉ်တွေမှာ ကဗျာဆရာကပြောသလို အစီအစဉ်မချထားပေမယ့် အစီအစဉ်ချထားသလိုမျိုး ဖြဖစ်နေတာတွေ ကြုံဖူးပါလိမ့်မယ်။
ဒါကို ကံကြမ္မာက ဖန်တီးတာလို့ ထင်မှတ်ကောင်း ထင်မှတ်ကြပါလိမ့်မယ်။ ဘ၀အမျိုးမျိုး ကြုံတွေ့ရမှာပါ။

ငိုလိုက် ရယ်လိုက် ခံစားနေမှာထက်
ကန့်လန့်ကာနောက်ကိုသွားရမယ်။

ဘာပဲဖြစ်ဖြစ်
ဇာတ်ညွှန်းအတိုင်း
တကယ့်ဘ၀က ဖြစ်ပျက်ပေးနေရတာတွေဟာ
ဘုရားသခင်ရဲ့ရက်စက်မှုလား
ကျီစယ်တာလား
ဒဏ်ခတ်မှုတွေပဲလား။

ဘုရားသခင်ဟာ ပျောက်ဆုံးနေတာမို့
ဒီဇာတ်လမ်းမှာ
သူရဲကောင်းရယ် ဗီလိန်ရယ်ဆိုတာမရှိ
ဓားစာခံတွေသာရှိခဲ့တယ်။

ကဗျာဆရာရဲ့အမြင်အရဆိုရင် ကျနော်တို့တိုင်းပြည်မှာ ဘဝတိုင်းဟာ ဓားစာခံဖြစ်နေကြတယ်။ ဒါကိုလက်ခံတဲ့လူတွေလည်း ရှိမှာပါ။ ကိုယ့်ကိုယ်ကိုယ်သူရဲကောင်းလို့ထင်နေသူတွေလည်း ရှိတယ်ဆိုတာ အားလုံးသိကြပါတယ်။ လောကရဲ့ဒဏ်ခတ်ခံမှုကို ခေါင်းပေါ် အကျမခံပဲ ခေါင်းရှောင်တတ်သူတွေကလည်း သူတို့ကိုယ်သူတို့ သူရဲကောင်းအမည်တပ်ပြီး ဝင့်ကြွားသူတွေရှိတဲ့အကြောင်းကိုကြုံမှ ပြောပြချင်ပါတယ်။
ဒါကို Idea မဂ္ဂဇင်းထဲက နေမျိုး မေးသလို မေးလိုက်ချင်ပါတယ်။ ကဗျာဆရာ နေမျိုးက လူကလေးဖတ်ဖို့ပုံပြင်(၇)တဲ့။

လ ရထားဟာ ညအခါ အိမ်ခေါင် ပေါ်ကနေ
ဖြတ်သန်း ခုတ်မောင်းသွားလိမ့်မယ်
နေ ရထားဟာ နေ့အခါတောအုပ်ထဲကနေ
တရိပ်ရိပ် ခုတ်မောင်းသွားလိမ့်မယ်
အထုပ်အပိုးတွေပြင်ထားပါ လူကလေးရယ်
မင်း ဘယ်ဘူတာအထိလိုက်သွားမယ်။

ကဗျာဆရာမေးတဲ့အမေးကိုလူကလေးကရော ဖြေနိုင်ပါ့မလားဆိုတာ တွေးနေမိတယ်။ အထုပ်အပိုးတွေထဲမှာရော ဘာတွေ ပါသွားရမလဲ။ လူကလေးတွေရောက်သွားမယ့်ဘူတာတွေကိုမသိပဲ ဘာတွေထုပ်ပိုး သွားရမှာလဲဆိုတာလည်း မသိနိုင်ပါဘူး။ ကျနော်တို့အနေနဲ့ရော၊ ထုပ်ပိုးသွားရမှာတွေက ဘာတွေလဲဆိုတာ သိနိုင်ပြီလား။ ဘယ်ဘူတာအထိရောက်မယ်ဆိုတာကိုရော သိပြီလား။ ကျနော်ကတော့ရိုးရိုးလေး ဖြေချင်ပါတယ်။ 

အမေးရှိပေမယ့်အဖြေခက်တဲ့ကာရန်ကို အဖြေမရှာချင်တော့ပါ ဘူး။ လောကမှာဖြေဖို့ခက်တဲ့အမေးတွေများပါတယ်။ ဒါကို လွယ်ပါတယ်  ခေါင်းပေါင်းနဲ့ ဆိုတဲ့ ကဗျာတပုဒ် ကို ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းထဲမှာ ဖတ်လိုက်ရတယ်။ ကဗျာရေးသူက တိုးဝေပါ။

ခက်တယ်ဗျာ
အဲဒီအော်သံတွေကို နားမလည်နိုင်ဘူး
မျက်နှာကျက်မှာ
ပင့်ကူမျှင်တွေရှိတာ
ပင့်ကူတွေ အိမ်ဆောက်လို့ပေါ့၊

အမေးကိုဖြေတတ်ရင် အလွယ်လေးဆိုတာမျိုးပါပဲ။ လူတွေဇာတ်ရှုပ်ခဲ့သမျှ တွေးပြီးဖြေရင် ခက်ပါလိမ့်မယ်။ အလွယ်တကူမစဉ်းစားပဲ ဖြေလိုက်ရင်လည်း အလွယ်လေးပါပဲ။ လောကကြီးရဲ့အော်သံတွေကိုနားမလည်ရင် နားမထောင်နဲ့ပေါ့။ ဆက်ပြီးရေးတာက...

အိုက်စပ်စပ်ရှိနေရင် ယပ်ခတ်နေပါလား
ကမ္ဘာပျက်တဲ့အခါ ရွာပြန်နေလိုက်
လောက်လန်းတွေဆယ်ပစ် ရေဟာ အသန့်ပါပဲကွယ်
တံဆိပ်တုံးဆိုတာ ထုဖို့ထားတာ ထုသာထု၊ ထုသာထု
အဲဒီမောင်းကွဲကြီးရဲ့အသံကလည်း မဆိုးပါဘူး၊ သာယာနာပျော်ဖွယ်ရှိသား
ခက်ပ၊ အလင်းထဲကနေ အမှောင်ကိုကြည့်နေတာကိုး
စိတ်မရှည်နိုင်ကြတော့ဘူးလား၊ စောင့်ပါဦး
တသက်တန်သည် နှစ်သက်တန်သည်
ကော့ကော့မသွားပါနဲ့
ကျောသပ်ပေးတာပါ
တခါတလေတော့ အခန့်
နောက်တခါတော့ အလှန့်
ဒါ ခေတ်ဂီတပါ
အစွယ်ဖွေးဖွေးနဲ့ငြိမ်းချမ်းရေးမှာ
နိုင်ငံတော်ရဲ့ကျေးဇူးတရားကိုသိထားဖို့လိုတယ်
သူတို့ကတော့ လွယ်လွယ်ပဲ
တို့မှာသာ ဒုက္ခတွေရောက် မီးတွေတောက်လို့။

အစပိုင်းမှာပြောလိုက်တာတွေ လွယ်လွယ်လေးပါလို့ ထင်ကြမှာပါ။ တကယ်တော့ ဘဝတွေဟာ မလွယ်ပါ ဘူး။ တကယ့်ဘဝတွေကို ခက်ခက်ခဲခဲဖြတ်သန်းဖူးမှ အင်မတန်ခက်ခဲတယ်ဆိုတာကို သိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးပြီး ခေါင်းပေါင်း ပေါင်းထားသူတွေအတွက် လွယ်လွယ်လေးဖြေနေပေမယ့် ကိုယ့် ဘဝကို ကိုယ်အမှန်အတိုင်းသိနေတဲ့သူတွေအတွက် ဘဝဆိုတာ အင်မတန်ခက်ခဲနေပါလိမ့်မယ်။ ဒီလိုခက်ခဲတဲ့ဘဝတွေကို ဘယ်လိုဖြတ်သန်းခဲ့ရသလဲ။ သံသရာလမ်းကိုဖြောင့်ဖြောင့်တန်းတန်း ဖြတ်သန်းခဲ့ ရသလား။ ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရသလား။ ဒါကိုလည်း ဘယ်သူမှမသိနိုင်ပါဘူး။ အမှန်တကယ်တော့ ဘဝလမ်း၊ သံသရာလမ်းကို ဒယီးဒယိုင်နဲ့ဖြတ်သန်းကျော်လွန်ခဲ့ရတယ်ဆိုတာကို မိုးမခမဂ္ဂဇင်းထဲက ကဗျာ ဆရာကိုပွေးရဲ့ကဗျာကိုဖတ်ကြည့်ရင် သိနိုင်ပါတယ်။

တရားဆိုတာ အထက်ဆုံးဓားပဲ
ရဲရဲခုတ်ထစ် လွှင့်ပစ်လိုက်ပါ
မတွယ်တာသင့်တဲ့ သံယောဇဉ်တွေကို
သိပ်ချစ်တယ် သိပ်ချစ်တယ် ဆိုပြီး
ပြီး မင်းသစ္စာဆိုပါ
မင်းပြုခဲ့သမျှ ကုသိုလ်ပျို အိုတွေကိုခေါ်ပါ
မင်းတတ်နိုင်သလောက်အော်ပြီး
အမျှဝေပါ
မင့်ရှေ့က ရေတခွက်ကို ပေါက်ခွဲပစ်ပါ

တကယ်တော့
ငါတို့ဟာ
လည်ပင်းမှာ ဘုရားပုလည်ဆွဲနဲ့
သိပ်ရက်စက်တဲ့သားသတ်သမားတွေ
သတ်စရာမရှိရင်
ကိုယ့်လည်ပင်းကို ကိုယ်တကိုင်ကိုင်နဲ့
ဒုန်းခနဲ ဒိုင်းခနဲ
ဘဝအဆက်ဆက်ဖြတ်ခဲ့ရပါတယ်
ဟောဒီ တုံးတိတိဓားကြီးလွယ်ပြီး။

ကဲ၊ ဘယ်သူတွေမဖြတ်ခဲ့ပဲ သံသရာလမ်းကိုဖြတ်သန်းခဲ့ပါသလဲ။ အတ္တတွေကပ်ပါလာတာကို ဓားထက် ထက်နဲ့ဖြတ်ခဲ့ဖူးပါသလား။ ကျနော်တို့ဟာ အတ္တတွေနဲ့မာန်တက်နေပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီး မေ့ လျော့နေကြသူတွေဆိုရင် ကျန်တဲ့ဘဝတိုင်းမှာ အရက်စက်ဆုံး သားသတ်သမားတွေဖြစ်နေပါလိမ့်မယ်။ အမေးလွယ်ပေမယ့် အဖြေခက်တဲ့ ဘဝပုစ္ဆာတွေကို ဖြေကြည့်ကြပါ။

ကိုနိုင်း

ထုံကူးခဲ့သောကဗျာများ

၁။ နရီမင်း( ဒီဇာတ်ညွှန်း )၊ မိုးမခမဂ္ဂဇင်း၊ မတ်လ၊၂၀၁၇
၂။ နေမျိုး( လူကလေးဖတ်ဖို့ပုံပြင် ၇ )၊ Ideaမဂ္ဂဇင်း၊ မတ်လ၊၂၀၁၇
၃။ တိုးဝေ( လွယ်ပါတယ် ခေါင်းပေါင်းနဲ့ )၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ မတ်လ၊၂၀၁၇
၎။ ကိုပွေး( ဒယီးဒယိုင် )၊ မိုးမခမဂ္ဂဇင်း၊ မတ်လ၊၂၀၁၇
  
-စာရေးသူခွင့်ပြုချက်အရ ဖော်ပြသည်။ မူရင်း -သူရိယနေဝန်းဂျာနယ် -Vol 1.No 143 .1 April 2017
k

သစ်ခက်သံလွင် အက်ဆေး၊ နေသွင် ၏ " ငန်းတော်ကာျး "



ငန်းတော်ကျား
နေသွင်


 
POS
ကျနော်ငယ်ငယ်က ကြားဖူးတဲ့မြွေပုံပြင်တွေက အတော်များပါတယ်။ အငြှိုးကြီး အဆိပ်ပြင်း တဲ့မြွေတွေအကြောင်းကို ကာလသားကြီးတွေက လသာသာညတွေမှာ ရွာဦးကျောင်း စင်္ကြန် အုတ်ခုံမှာ ပြောလေ့ရှိပါတယ်။
မြွေဟောက်အမေတကောင်က သူ့ဥတွေကို ယူသွားတဲ့ ရွာသားနောက်ကို အနံ့ခံလိုက်ပြီး မိသားစုအားလုံးကို ပေါက်သတ်တဲ့ဇာတ်လမ်းမျိုး။
အဆိပ်ပြင်းတဲ့ မြွေဟောက်မက သူ့ အဖော် မြွေဟောက်ထီးကိုသတ်သွားတဲ့ တံငါသည် တယောက်ရဲ့ခြေရာကိုပါက်လိုက်တာ တံငါ သည်က သူ့ အိမ်မှာပဲ မြွေဆိပ်တက် သေသွားတဲ့ဇာတ်လမ်းမျိုး။
မြွေဖမ်းသမားတယောက်ဟာ
မြွေပွေးမတကောင်ကိုသတ်ပြီး ဂုံနီအိပ်ထဲ ထည့်၊ အိမ်ကို ကျောပိုးပြန် အလာ မှာ မြွေပေါက်ကလေးတွေက အမေ့မြွေပွေးမရဲ့ ဗိုက်ကနေထွက်လာ ပါးစပ်ကနေထွက်လာပြီး မြွေဖမ်း သမားကို နောက်ကျောက တကျစ်ကျစ်ကိုက်။ အဆိပ်တက်လာမှ မြွေဖမ်းသမားလည်း သတိထားမိတော့ အိမ်မရောကခင် လမ်းမှာပဲသသွားတဲ့အကြောင်း အစုံပါပဲ။
မြွေတွေထဲမှာ မွေပွေးက အကောင်လိုက်ပေါက်တယ်လို့  မှတ်သားပါတယ်။ ( မြွေဟောက်နဲ့မြွေပွေး ကျနော် အမှတ်မှားနိုင်ပါတယ်)။ သားပေါက်တွေကို ဥကပေါက်တာမဟုတ်ဘဲ အကောင်လိုက်အန်ထုတ်တဲ့ အဲဒီမြွေပွေးမျိုးဟာ တခါတည်း အကောင် ဒါဇင်ချီမွေးတယ်ပါတယ်။ ဒါပေမဲ့ မွေးပြီးပြီးချင်းမှာပဲ မိခင်မြွေပွး မကြီးက တကောင်ချင်းကို လိုက်စားပါတယ်။ လွတ်သွားတဲ့အကောင်ပေါက်တွေလောက်ပဲ ရှင်တယ်လို့ ဆိုပါတယ်။
ဒီလိုဆိုတော့ ဒါဝင်ရဲ့သီအိုရီအတိုင်းပေါ့။ ရှင်သန်ဖို့ရုန်းကန်ရတာပေါ့လေ။

စစ်တိုက်တော်တဲ့ ရှေးခေတ်စပါတာတွေလို ငယ်ငယ်ကတည်းက အကြမ်းဗရမ်းလေ့ကျင့်တာမျိုးပေါ့။ အခုထိလည်း တချို့လူမျိုးစုတွေက မွေးကင်းစကလေးကို ကျန်းမာအောင်လုပ်တဲ့ ရိုးရာလုပ်နည်းတွေ ရှိပါတယ်။ ဆေးပညာအရ မှားယွင်တာမျိုးလည်း ရှိပါတယ်။
မြွေအကြောင်းဆက်ရရင် မြွေဟောက်က နားထိုင်းတယ်လို့ ဆိုတယ်။ ဒါပေမဲ့ ဒေါသကြီးတတ်တယ်။ ရန်သူနဲ့ရင်ဆိုင်တဲ့အခါ ပါးပျဉ်းထောင်ပြီး တရူးရူး မှုတ်ပါတယ်။ ကြောင်တကောင် အစာနင်နေတဲ့အခါ အာခေါင်ခြစ်တာနဲ့ တူပါတယ်။ နားလေးပေမယ့် မြန်ချက်က ယင်ကောင်တောင် မလွတ်ပါဘူး။
မြွေပွေးကတော့ သွေးအေးပါတယ်။ ပါးပျဉ်းလည်းမထောင်ပါဘူး။ ဒါပေမယ့် အဆိပ်ပြင်းတာကြောင့် ကြောက်စရာကောင်းပါတယ်။
ကြားဖူးနားဝ ပုံပြင်တွေကြောင့် ပိုတောင် ကြောက်စရာကောင်းပါတယ်။

ဒါပေမဲ့ ဒီမြွေတွေ အဆိပ်ပြင်းတယ်ဆိုတာ ငန်းတော်ကျားကို မမီပါဘူး။ ငန်းတော်ကျားဆိုတာ မြွေဘုရင်ပါ။ ကျနော်တို့ကြည်ဖူးတဲ့ဟိန်ဒီရုပ်ရှင်တွေမှာလို မြွေဘုရင်မက လူယောင်ဖန်ဆင်းတတ်သလားလို့ ကျနော်ငယ်ငယ်က တွေးဖူးပါတယ်။
ငန်းတော်ကျားက မြွေသူတော်ကောင်းလို့ ဆိုရပါမယ်။ ဘယ်သူ့ကိုမှ ရန်မူလေ့မရှိပါဘူး။ ဒါပေမဲ့ အခန့် မသင်လို့ပေါက်ရင်လည်း ဆေးမရှိဘူးဆိုကြပါတယ်။
ရောင်စုံအကွက်တွေဖုံးထားတဲ့ ကိုယ်လုံးနဲ့အတော်လှတဲ့မြွေပါ။ ငြိမ်ငြိမ်လေး ခွေနေတတ်ပြီး၊ သွားလာရင်လည်း ဆင်မယဉ်သာ သွားတာတွေ့ ဖူးပါတယ်။
မြွေဟောက်လို ပါးပျဉ်းလည်းမထောင်၊ မြွေဟောက်လို ရန်မူတဲ့ပုံလည်း မပြပါဘူး။ လယ်ထဲမှာ ငန်းတော်ကျားရှိရင် အေးချမ်းတယ်။ တခြား အဆိပ်ပြင်းမြွေတွေမနေတဲ့အတွက် လယ်သမားတွေက ငန်းတော်ကျားကို သတ်ဖို့ဝေးလို့မတော်တဆထိမိတာမျိုးဖြစ်မှာစိုးတဲ့အခါ လေးလေးစားစာပြောပြီး နေရာပြောင်းခိုင်းပါတယ်။
မြွေကလည်း စကားနားလည်တဲ့အလား အသာတကြည်ထွက်သွားတတ်ပါတယ်။

ငန်းတော်ကျားကိုမရိုက်ကြ၊ မသတ်ကြတဲ့အကြောင်းထဲမှာ သူ့ကိုယ်ပေါ်က အပြောက်အကွက်တွေနဲ့ ဆိုင်ပါတယ်။ လူပြောသူပြော ပါးစပ်ပုံပြင်အရ သူ့အကွက်တွေက အဆိုးအကောင်း၊ ဆင်းရဲချမ်းသာ၊ ကျန်းမာခြင်း ရောဂါထူခြင်း စသဖြင့် ရှိတယ်ဆိုပါတယ်။ ကိုယ်ရိုက်မိတဲ့ အကွက်အတိုင်း ကိုယ်ခံရမယ်လို့ ဆိုပါတယ်။ ငန်းတော်ကျားက မြွေသူတော်ကောင်း မြွေဘုရင်ဖြစ်လို့သူက အလိုရှိရင် တခြားမြွေတွက သူ့ အစာအဖြစ် သူ့ပါးစပ်ထဲ အလိုလို အလိုက်တသိ ၀င်ပေးကြတာကို မျက်စိနဲ့ မြင်ဖူးသူလည်းရှိတယ်လို့ ဆိုကြပါတယ်။
ပြန်စဉ်းစားကြည့်တော့ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ စပါးကြီးမြွေတွေက သားကောင်ကို ညှို့တာလည်း ဒီသဘောမျိုး ဖြစ်မှာပါ။ အကောင်အရွယ်အရ စပါးကြီးက အကြီးဆုံးဖြစ်ပေမယ့် သူက ရေမြွေလို အဆိပ် မရှိပါဘူး။ အင်အားကြီးလို့သားကောင်ကို အရိုးတွေချေပြီး မြိုနိုင်တယ်။ နိုင်ငံခြား ရုပ်ရှင်ထဲက မြွေတွေက အသိဉာဏ်လည်းမြင့်၊ အရွယ်ကကြီး အဆိပ်ကပြင်းသေးဆိုတော့ ပိုကြောက်စရာပေါ့။
လောကနီတိမှာ မြွေကို မြေခွေးလို ကောက်ကျစ်တဲ ပုံရိပ်ကို ဖော်ပါတယ်။
' သူက မြွေပဲ ' '
မြွေဟာက်လို မိန်းမ' စသဖြင့်ပြောကြပါတယ်။
ဒါပေမဲ့ ဟိန်ဒီ ရုပ်ရှင်တွေမှာ
မြွေကို ဇာတ်လိုက်ထားကြပါ တယ်။ သူတို့မှာ မြွေဘုရားရှိပါတယ်။ မြန်မာတွေဆီက နဂါးဇာတ်လမ်းတွေမျိုးနဲ့ ဆင်မယ်ထင်ပါတယ်။ မြန်မာတွေရဲ့ နဂါးပုံပြင်တွေက ဘုရား ရာဇ၀င်တွေမှာ တွဲနေတတ်ပါတယ်။ လူယောင်ဖန်ဆင်းတတ်ပါတယ်။ ဇာတ်ပွဲတွေ နတ်ပွဲတွေမှာပဲ မြင်ရပါတယ်။ အပြင်မှာ မြင်ချင်တယ်ဆိုရင် ဘုရားပွဲတွေမှာ နဂါးသိုက်က၀င်ပူးပြီး လူလိမ့်နေတာမျိုးတော့ ရှိပါတယ်။

ကျိုက်ထီးရိုး ဘုရားရာဇ၀င်မှာ နဂါးဥတွေ၊ နဂါးဇာတ်လမ်းတွေ လွမ်းဆွတ်ဖွယ်ပါဝင်ပါတယ်။ အခုခေတ်ကလေးတွေတော့ ဒါတွေ ကြားဖူးဖို့ မလွယ်ပါဘူး။ ယုံမယ်လည်း မထင်ပါဘူး။ ကျနော်တို့ငယ်ငယ်က မြွေပုံပြင်တွေကိုပြောပြရင် အခုခေတ်ကလေးတွေ စောဒကတက်ကြပါလိမ့်မယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ကျိုက်ထီးရိုးဘုရားသွားတဲ့ လမ်းမှာ ' ဤအပင် နတ်ကြီးသည်' လို့ ရေးထာတာတွေ ဖတ်ရပါတယ်။ အခုတော့ သစ်တပင် ထောင် ဘယ်နှယ်နှစ်၊ ဒဏ်ငွေ ဘယ်လောက်ရေးမှ ရတော့တာမျိုးပါ။
ဒီအကြောင်းနဲ့ တဆက်တည်း ငန်တော်ကျားဆိုတဲ့ မြွေနဲ့ပတ်သက်တဲ့ပုံပြင်တွေကို ပြန်သုံးသပ်ကြည့်ပါ တယ်။ ငန်းတော်ကျားဆိုတဲ့မြွေဟာ ကျနော်တို့ကြားဖူးတဲ့ပုံပြင်တွေထဲက အတိုင်းဖြစ်ချင်မှ ဖြစ်မှာပါ။ ရှားပါးတဲ့မြွေဖြစ်ပါလိမ့်မယ်။ နဂိုအနေအေးတဲ့ မြွေမျိုးဖြစ်လို့လူတွေက ရန်မူရင် အလွယ်တကူ မျိုးတုံးသွားနိုင်တဲ့ မြွေမျိုးစိတ်ပါပဲ။ ဒါကြောင့်များ လူကြီးတွေက ပုံပြင်တွေဖန်တီးပြီး မျိုးတုံးမသွားအောင် ထိန်းသိမ်းသလားတွေးမိလာပါတယ်။ အရင်ခေတ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့၊ ရှားပါးမျိုးစိတ်ထိန်းသိမ်းရေးတို့မှ မရှိပဲ။
ငန်းတော်ကျားရှိရင် တခြား
မြွေဆိုးတွေမရှိဘူးဆိုတဲ့ လယ်သမားတွေအတွက် လက်ငင်းအကျိုးရှိချင်လည်း ရှိပါလိမ့်မယ်။

ကျနော်စဉ်းစားကြည်တာက မြွေဆိုတာ ဒေါသကြီးတတ်၊ အငြိုးကြီးတတ်တယ်။ ဒါကြောင့် မြွေဘုရင်ဆိုတာ အဆိပ်ကလည်း အပြင်းဆုံး ဖြစ်ရမယ်။ ဒေါသလည်းကြီးမှ၊ ရက်လည်းရက်စက်တတ်မှ ဖြစ်နိုင်ပါလိမ့်မယ်။ အလောင်းစည်သူမင်းလို လိုအပ်ရင် ဦးပေါင်းကြားနဲ့ မြင်းကျားစီးနိုင်ရမယ်။ ဓားပြဗိုလ် ဗိုလ်အောင်ဒင်လို့ အသတ်အပုတ်ရော သေနတ်ပစ်တော့ တပည့်တွေထက်သာရမယ် မဟုတ်လား။
ဒါပေမဲ့ မြွေပွေး မြွေဟောက်လို ဆတ်ဆတ်အထိမခံ၊ ကျားနာတကောင်လို အငြှိုးတကြီး ပြန်ခံတိုက် ခိုက်လေ့မရှိတဲ့ ငန်တော်ကျားက မြွေဘုရင်ဆိုတော့ တကယ်ကော ဖြစ်ပါ့မလားပေါ့။ အလောင်းစည်သူလို လူဘုရင်တောင် လိုအပ်ရင် လက်ရုံးရည်ပြရတာမို့  အဟိတ်တိရိစာန်မြွေတွေကို အကျင့်သီလ၊ ဉာဏ်ပညာ၊ သစာမေတာနဲ့အုပ်ချုပ်ရလို့ရပါမလား ကျနော်သံသယ၀င်လာပါတယ်။ တောခြင်္သေ့လို ရာဇမာန်မပြတဲ့ သူတော်ကောင်းမြွေဘုရင်ဟာ သိုးတွေလို လယ်သမားတွေက စောင့်ရှောက်မထားရင် အသက်ရှင်ပါ့ မလားလို့ ကျနော် သံသယ၀င်လာတယ်။
အခုခေတ်ကလေးတွေက ငန်းတော်ကျားပုံပြင်တွေအကြောင်း မသိနိုင်တော့ပါဘူး။ ကျနော်တောင် မေ့မေ့ပျောက်ပျောက်ပါပဲလေ။ မြွေဘုရင်တွေ အသက်ရှင်သေးရဲ့လား။ ရွာပြန်ရောက်တော့မှ မြွေဘုရင်တွေကို တွေမိသေးလားလို့ ကျနော်တို့ ရဲ့ ကာလသားခေါင်ကြီးကို မေးကြည့်ရပါအုံးမယ်။

နေသွင်
k

သစ်ခက်သံလွင်၊ ဖြတ်သန်းမှုပုံရိပ်များ- မြတ်လှိုင်း ၏ "စီးဆင်းနေသောမြစ်များနှင့် ပြန်မစီးဆင်းနိုင်တော့သည့်မြစ်များ "



ပြည်သူ့တပ်ဦး အင်န်အယ်လ်ဒီ
အင်န်အယ်လ်ဒီတပ်ဦးက ကဗျာဆရာများ
(စီးဆင်းနေသောမြစ်များနှင့် ပြန်မစီးဆင်းနိုင်တော့သည့်မြစ်များ)
 မြတ်လှိုင်း
 
မူရင်းပိုင်ရှင်ကို credit ပေးပါသည်
 ကဗျာဆရာအောင်ဝေး

အခုဆိုရင် ကိုအောင်ဝေးက အမေရိကန်နိုင်ငံ ကိုနိုင်ငံရေးခိုလှုံခွင့်တောင်းပြီး မြန်မာပြည်ရဲ့ အဝေးတနေရာကို ရောက်ရှိနေပါပြီ။ ကိုအောင်ဝေးနဲ့ကျွန်တော်က ၁၉၈၄ ခုနှစ်မှာ ကတည်းက ခင်မင်ရင်းနှီးခဲ့ရပါတယ်။ ကျွန်တော်နဲ့ကိုအောင်ဝေးကြားမှာ အမှတ်ရ စရာတွေလည်း များစွာရှိခဲ့ပါတယ်။ အခုအချိန်မှာပြန်တွေးမိရင် လွမ်းစရာတွေဖြစ်နေပါပြီ။ ကိုအောင်ဝေးက မြောင်းမြမှာနေထိုင်ခဲ့သလို ကျွန်တော်က မအူပင်မြို့မှာ နေ ထိုင်ခဲ့ကြပါတယ်။ မြစ်ဝကျွန်းပေါ်က ကဗျာဆရနှစ်ဦးပါ။ 

ငှက်ရိုင်းတကောင်က မြောင်းမြကိုပျံသန်းပြီးခရီးနှင်ခဲ့သလို၊ ကိုအောင်ဝေးနဲ့အတူ ပင်မရစီးထဲက ကိုမြေနု၊ ကိုစိုးအိမ်၊ ကိုထွန်းဝေ(မောင်စိုးသစ်)၊ ကိုထူးရွှေမောင် (အလင်းသစ်)၊ မောင်လွင်ပြင်၊ ကောင်းလွန်း၊ ကိုဒေါင်း(မောင်ဒေါင်း) တို့နဲ့အတူ ကူးခပ်ခဲ့တဲ့ အချိန်တွေပါ။ အဲဒီလိုပဲ မြင်းရိုင်းတကောင်ဒုန်းစိုင်းသလို ကိုအောင်ဝေးကလည်း မအူပင်ကိုဒုန်းစိုင်းပြီး အပြင်းနှင်ခဲ့ပါတယ်။ နှစ်ယောက်အတူ ရန်ကုန်စာပေလောက ထဲကိုလည်း ခြေဆန့်ခဲ့ကြပါတယ်။ အမှတ်တရအနေနဲ့ ပြောရမယ်ဆိုရင် ကိုအောင်ဝေးရဲ့မဒီ ခင်ဆွေရီနဲ့ ရန်ဖြစ်ပြီး မြောင်းမြကထွက်လာတဲ့အချိန်ပါ၊ မအူပင်ကိုဝင်ပြီး ရန်ကုန်ကိုဆက်သွားခဲ့ပါတယ် 

မြောင်းမြကထွက်လာကတည်းက ကဗျာရှည်တပုဒ်ကို စရေးလာခဲ့ပါတယ်။ ရန်ကုန်ရောက်တဲ့အချိန်မှာ ပြီးဆုံးသွားခဲ့ပါတယ်။ ၃၃လမ်း၊ ပေဖူးလွှာမဂ္ဂဇင်းက နောင်တော်ကဗျာဆရာ အကိုကြီးဖြစ်တဲ့ ဖျာပုံနီလုံဦးက ချက်ချင်း ပေဖူးလွှာမဂ္ဂဇင်းထဲ ထည့်လိုက်ပါတယ်။ အဲဒီကဗျာရှည်က ယာမာဂူချီခင်ဆွေရီအဖြစ် လူကြိုက် များခဲ့ပါတယ်။ နောက်အမှတ်တရတခုက ကိုအောင်ဝေးဆေးရုံတက်ပြီးတဲ့အချိန် ကျွန်တော်နဲ့ရန်ကုန်ကဗျာ ဆရာများဖြစ်တဲ့ မြင့်ဦးဦးမြင့်၊ မင်းနွယ်စိုး၊ ချစ်ဝင်းမောင်၊ ချစ်ဝင်းလှိုင်တို့သွားရောက်ပြီး အားပေးခဲ့တဲ့အချိန် ပါ။ ရန်ကုန်စာပေလောကမှာ ကဗျာဆရာတွေကို ကျွန်တော်ဦးဆောင်ပြီး တောခိုသွားကြတယ်ဆိုပြီး သတင်းဖြစ်ခဲ့ပါတယ်။ ဒီသတင်းကို ချယ်ရီမဂ္ဂဇင်းက တာဝန်ခံအယ်ဒီတာ ဆရာအောင်ပြည့်ဆီက သတင်း     ရောက်လာခဲ့တာပါ။ ရန်ကုန်က ကဗျာဆရာတွေရဲ့မိသားစုတွေဟာ ဆရာအောင်ပြည့်ဆီကို ရောက်လာ ပြီး မေးကြ၊ စမ်းကြ၊ ငိုယိုကြနဲ့။ စိတ်ပူနေကြလို့ မြောင်းမြကနေ ပုသိမ်က ကိုအောင်ပွင့်၊ ကိုတိုးဝေတို့ဆီ ခရီးဆက်မယ့်အစီအစဉ်ကိုဖျက်ပြီး ရန်ကုန်ကိုပြန်ခဲ့ရတာကလည်း အမှတ်ရစရာပါပဲ။ မြစ်ဝကျွန်းပေါ်   ပြန် တောခိုသူပုန်ကဗျာဆရာများပေါ့။
 
(အဲဒီခေတ်အဲဒီအချိန်ကမပြောရဲဘူးလေ) ဒီအကြောင်းကို ကိုအောင်ဝေးကလည်း မဟေသီမဂ္ဂဇင်းမှာ သူချစ်တဲ့သူနှစ်ဦး (ကျွန်တော်နဲ့ ထူးအိမ်သင်) အတွက် တသသဆိုပြီး ရေးခဲ့ပါတယ်။

အခုကျွန်တော်ပြောချင်တဲ့ကာလကို ရောက်ပါပြီ။

ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှာ မြန်မာနိုင်ငံ တိုက်ပွဲဝင် ကဗျာဆရာသမဂ္ဂမှာ ကိုအောင်ဝေးဟာ ရှေ့တန်းတိုက်စစ်မှူး တယောက်အနေနဲ့ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့သူပါ။ ကျွန်တော်တို့မအူပင်ကိုလည်း အကိုမင်းသစ်နဲ့အတူ လာရောက် ပြီး အာဏာရှင်ဆန့်ကျင်ရေးကို နိုးဆော်ပေးခဲ့ပါတယ်။
          စစ်တပ်ကတိုင်းပြည်တပြည်လုံးကို အာဏာသိမ်းယူ လိုက်တဲ့ကာလမှာ ကျွန်တော့်အနေနဲ့ မအူပင်မြို့က တိုးမြစ်ထဲမှာ သမ္ဘာန်တစင်းနဲ့ထွက်ခွာသွားပြီး၊ ငါးထပ်ကြီးဘုရား တန်ဆောင်း ထဲမှာခိုလှုံနေတုန်း ကိုအောင်ဝေးက လှမ်းခေါ်လိုက်ပါတယ်။
မြတ်လှိုင်းရေ ငါတို့အောင်စုတင်ဖွဲ့မယ့်ပါတီမှာ ဆက်လျှောက် ရမယ်။ ဆရာဦးဝင်းခက်က ခေါ်ခိုင်းတယ်ဆိုတော့ ကျွန်တော်နဲ့ ၇၄ ကျောင်းသားဟောင်း ကိုသောင်းအေးတို့နှစ်ယောက် ငါးထပ် ကြီးဘုရားကနေ တက္ကသိုလ်ရိပ်သာလမ်းကို ခြေလျင်လျှောက် သွားခဲ့တယ်။ ကျွန်တော်တို့ တက္ကသိုလ်ရိပ်သာလမ်းရောက်တဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆို တဲ့အမည်မဖြစ်သေးပါဘူး။ အောင်စုတင်ပါတီဆိုပြီး ခေါင်းဆောင်တွေဟာ အစည်းအဝေးလုပ်နေကြ တုန်းပါ။ 
နောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်လာပြီး ကျွန်တော်နဲ့ကိုအောင်ဝေးဟာ ကိုယ့်တိုင်းကို စည်း ရုံး   ရေး ပြန်ဆင်းရပါတယ်။ ဧရာဝတီတိုင်းမှာလည်း အဲဒီအချိန်က နာမည်ကြီးစစ်အာဏာရှင် ဗိုလ်ချုပ်မင့်   အောင် အစွမ်းပြနေတဲ့ကာလပါ။ ဧရာဝတီတိုင်းကို စည်းရုံးရေးဆင်းဖို့ ကျွန်တော့်ကို သံဈေးမှာ ပင်နီ ကြမ်းတိုက်ပုံတထည်နဲ့ ကျောပိုးအိတ်တလုံး ကိုအောင်ဝေးက ဝယ်ပေးခဲ့တယ်။ သူနေတဲ့ အင်းလျား ကန်ဘောင်ရှေ့ကန်လမ်းအဆောင်ကိုခေါ်သွားပြီး မင်းနဲ့ငါ့အတွက် ကတုတ်ကျင်းပေါ့ကွာလို့ ပြောလိုက် တယ်။ နောက် ကိုအောင်ဝေးက ဓနုဖြူ၊ ညောင်တုန်းဖက်ကိုဆင်းသွားပြီး ကျွန်တော်က ဒေးဒရဲ၊ ကျိုက် လတ်၊ ဖျာပုံ၊ ဘိုကလေးဖက်ကို ဆင်းခဲ့ရပါတယ်။ အဲဒီစည်းရုံးရေးဆင်းပြီးအပြန်မှာ ဧရာဝတီတိုင်း စည်းရုံး   ရေးတာဝန်ခံ ဒေါက်တာသက်မင်းနဲ့ ဗိုလ်မှူးကြီးဟောင်းအောင်ဘွင့်တို့ ဆင်းသွားတဲ့ ပုသိမ်မြို့ကို လိုက် သွားခဲ့ရပါတယ်။ ပုသိမ်မြို့၊ တိုင်းရုံးမှာဧရာဝတီတိုင်းစည်းရုံးရေးအဖွဲ့ကို ဖွဲ့လိုက်တယ်။
 
ကိုအောင်ဝေးနဲ့ ကျွန်တော်က ဧရာဝတီတိုင်းအရှေ့ခြမ်းစည်းရုံးရေး တွဲဘက်တာဝန်ခံအဖြစ် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၄၄ က ဌာနချုပ်မှာ နေရပါတယ်။ အမှတ်၄၄၊ တက္ကသိုလ် ရိပ်သာ လမ်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်ကို တင် လိုက်တဲ့အချိန်ပေါ့။ ဒီအချိန်မှာပဲ ၃၃ လမ်းက စာပေလောကမှာ ကျွန်တော်နဲ့ကိုအောင်ဝေးကို အမိုးအကာအောက် ရောက်သွားတဲ့ ကဗျာ ဆရာ နှစ်ယောက် ဆိုပြီး၊ အမည်တပ်ခဲ့သံတွေ ပေါ်ထွက် လာတော့တယ်။
 
ကျွန်တော်တို့ကလည်း ဒီတိုက်ပွဲကို အဆုံးထိတိုက်မယ်ဆိုတဲ့ ခံယူချက်ထားခဲ့ပါတယ်။ စစ်အာဏာရှင် စနစ်တော်လှန်ရေး အတွက် အင်အယ်ဒီဆိုတဲ့ ပြည်သူ့တပ်ဦးကရပ်တည်ပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲ ဝင်ခဲ့ပါတယ်။ ပြည်သူ့ တပ်ဦးကနေရပ်တည်ခဲ့ထဲမှာ စာပေသမားတွေပါဝင်ခဲ့ကြတယ်ဆိုတာ၊ အင်အယ်ဒီသမိုင်းကို ပြန်လှန် ကြည့်ရင် သိနိုင်ပါတယ်။ ဟံသာဝတီဦးဝင်းတင်၊ ဦးဝင်းခက်၊ ဦးကိုယု (မောင်သစ်) ဦးမိုးသူ၊ ဦးဘသော် (မောင်သော်က) ဦးဘဂျမ်း(တင်မိုး) ဦးတင်ရွှေ(မုံရွာတင်ရွှေ) ဦးစိုးသိမ်း(မောင်ဝံသ) ၊ ဒေါ်စမ်းစမ်းနွဲ့ (စမ်းစမ်းနွဲ့-သာယာဝတီ) ဦးစိန်လှဦး၊ ဦးအုန်းကြိုင် စသည်ဖြင့်ပေါ့။ 

အင်အယ်ဒီဌာနချုပ်ရဲ့အနောက်ဖက်မှာ တဲတန်းရှည်ထိုးပြီး ကျွန်တော်တို့ ဧရာဝတီတိုင်း အရှေ့ခြမ်းစည်း ရုံးရေးအဖွဲ့နဲ့ ရုံးအဖွဲ့ထိုင်တယ်။ စည်းရုံးရေးအဖွဲ့ကို ကိုအောင်ဝေးနဲ့ကျွန်တော်တို့ နှစ်ယောက်ကဦးစီးပြီး မအူပင်ခရိုင်၊ ဖျာပုံခရ်ုင်တို့ကတက်လာတဲ့ပြဿနာတွေကို ဖြေရှင်းရတယ်။ ရုံးအဖွဲ့မှာ မသက်ဆွေ (ကျောင်း ကုန်း) က ရုံးအဖွဲ့မှူး၊ မသန္တာ(အခု အိမ်မဲမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်) တို့က တာဝန်ယူရ တယ်။ နောက်ပုသိမ်မြို့ကရောက်လာတဲ့ ကဗျာဆရာ မောင်အောင်ပွင့်က ရုံးအဖွဲ့ကို ကူညီပေးတယ်။ ကျွန်တော်တို့ ညနေရောက်ရင် ၃၃ လမ်းက စာပေလောကကိုရောက်တယ်။ ကဗျာဆရာအောင်ချိမ့် အမြဲ ထိုင်တတ်တဲ့ ဆူးလေလမ်းမပေါ်က လက်ရွေးစဉ်လက်ဖက်ရည်ဆိုင်ကိုလည်း ရောက်တယ်။  

အဲဒီအချိန်က ကိုအောင်ချိမ့်က စစ်အာဏာရှင် အစိုးရကို ဆန္ဒပြတဲ့အနေနဲ့ ကဗျာမရေးကြနဲ့လို့ စည်းရုံးခဲ့ တယ်။

တနေ့ ကိုအောင်ချိမ့်ဆီကထွက်လာပြီး လမ်းမှာ ကိုအောင်ဝေးက လက်တမ်းကဗျာစပ်တယ်။

ဓားအိမ်ထဲက ဓားမထုတ်ကြနဲ့လို့
သူကပြောတယ်
သူကိုယ်တိုင်က ဓားသွေးကျောက်

ကျွန်တော်တို့လည်း ကဗျာတွေ သိပ်မရေးဖြစ်တဲ့ကာလတွေပါပဲ။
သိပ်မကြာပါဘူး။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်းစည်းရုံးရေး ခရီးထွက်တယ်။ ဒီခရီးစဉ်အတွက် ကိုအောင်ဝေးနဲ့ ကျွန်တော်တို့နှစ်ယောက်က ခရီးစဉ် ရေးဆွဲရေး တာဝန်ယူရတယ်။ ဆရာဦးဝင်းတင်၊ ဆရာဦးဝင်းခက်တို့နဲ့ ဆွေးနွေးတိုင်ပင်ညှိနှိုင်းရတယ်။

မြတ်မေတ္တာနှစ်ထပ်သဘောင်္ကြီးနဲ့ ဧရာဝတီတိုင်းခရီးစဉ်ကိုထွက်လာတော့ မအူပင်မြို့ကစပြီး သေနတ်တွေ ပစ်ဖောက် ပြည်သူတွေကြောက်အောင်လှန့်တဲ့ ခရီးစဉ်တခုပါပဲ။ ဧရာဝတီတိုင်းက စည်းရုံးရေးခရီးစဉ်မှာ ပါတဲ့မြို့နယ်တိုင်းက မြို့နယ်အင်အယ်ဒီစည်းရုံးရေးခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချလိုက် တယ်။ ပုသိမ်မြို့ကိုရောက်တော့ လမ်းမတွေပေါ်မှာ ဘယ်သူမှ မထွက်ရ အမိန့်ထုတ်ထားလိုက်တယ်။ မြို့ပျက်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ချောက်ချားဖွယ် ကြိုဆိုနေခဲ့တယ်။ လမ်းမပေါ်လူမထွက်ရဆိုတဲ့အမိန့်ကို ဒေါ်အောင်ဆန်းစုကြည်က စက်ဘီးစီးပြီး ဆန့်ကျင်ပြလိုက်တော့  ပုသိမ်မြို့ကြီး လူအုပ်ကြီးလွှမ်းသွားတော့တယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ငပုတောဖက်ဆင်းတုန်း ပုသိမ်တိုင်းရုံးမှာကျန်ခဲ့တဲ့ ကိုအောင်ဝေး အပါ အဝင် တိုင်းစည်းရုံးရေးမှူးတွေကို ဖမ်းလိုက်တယ်။ ကျွန်တော်က ကံကောင်းထောက်မစွာနဲ့ နာမည်မှားပြီး အဖမ်းမခံခဲ့ရပါဘူး။ ကျွန်တော်တို့ပုသိမ်ကနေဆက်ပြီးခရီးထွက်တော့ ကဗျာဆရာ ကိုအောင်ဝေးဟာ ပုသိမ်ထောင်ထဲမှာကျန်ခဲ့ရပါတယ်။ ကျွန်တော်တို့ အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်နဲ့ ဧရာဝတီတိုင်းထဲက လပွတ္တာ၊ ကျောင်းကုန်း၊ မြန်အောင်၊ ဟင်္သာတ၊ ကြံခင်း စတဲ့မြို့နယ်တွေကို စည်းရုံးရေးခရီးစဉ်ဆက်ထွက်လာခဲ့ပြီး၊ ပဲခူးတိုင်း ပြည်မြို့မှ ရန်ကုန်ပြန်ရောက်လာခဲ့ပါတယ်။
ရန်ကုန်ကိုရောက်တော့ အင်းလျားကန်ဘောင်ရှေ့၊ ကန်လမ်းက အဆောင်လေးကို ပြန်ရောက်လာခဲ့ပါ တယ်။ ခရီးမထွက်ခင်က ဒီအဆောင်လေးထဲမှာ ကိုအောင်ဝေးနဲ့အတူတူနေခဲ့ပြီး အခုပြန်ရောက်လာတော့ ကိုအောင်ဝေးက ပုသိမ်ထောင်ထဲမှာကျန်ခဲ့ရပြီ။

ကျွန်တော်စဉ်းစားလိုက်မိခဲ့ပါတယ်။ အင်အယ်ဒီအမာခံတွေဟာ အခုစစဖွဲ့ချင်းမှာ အဖမ်းခံရတာ မနည်းပါ ဘူး။ နောက်ဆို ဘယ်လောက်များ စစ်အာဏာရှင်တွေရဲ့အဖမ်းဆီးခံ၊ အသေခံပြီး ဆန့်ကျင်နေရဦးမယ် မပြောနိုင်တော့ပါဘူး။
ကျွန်တော် ဂုဏ်ယူမိတာက ပြည်သူ့တပ်ဦး အင်အယ်ဒီကနေ ကဗျာဆရာတယောက်အနေနဲ့ ရပ်တည်ပြီး စစ်အာဏာရှင်တွေကို တိုက်ပွဲဝင်နေရတာကိုပါ။ကျွန်တော့်ရှေ့က ရဲရဲကြီးတိုက်ပွဲဝင်သွားခဲ့တဲ့ ကဗျာဆရာ   အောင်ဝေးကို ဂုဏ်ပြုလိုက်ပါတယ်။
ကဗျာဆရာအောင်ဝေးဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာရှေ့တန်းကပါဝင်ခဲ့တာကြောင့် ကျွန်တော် တို့ မြန်မာပြည်က ရှောင်တိမ်းပြီး တိုင်းတပါးကို ထွက်ခွာသွားခဲ့ရတယ်။

ကဗျာဆရာတယောက်အနေနဲ့ စစ်အာဏာရှင်စနစ်ကိုရောက်တဲ့နေရာကနေ တွန်းလှန်နေခဲ့တယ်။
ကဗျာဆရာအောင်ဝေးဟာ ရှင်သန်စီးဆင်းနေတဲ့ မြစ်တစ်စင်းပါ။
မြန်မာပြည်ကိုပြန်လာနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

မြတ်လှိုင်း
-စာရေးသူ၏ ခွင့်ပြုချက်အရ တင်သည်။
မူရင်း- ရန်ကုန်တိုင်းဂျာနယ် အတွဲ၁၃၊ အမှတ် ၁၃၊ မတ်လ ၂၀၁၇