Tuesday, January 31, 2017

k

သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ကေဇော်မိုး၊ ကျော်ကျော်မြရည်စမ်း တို့၏ ကဗျာများ


ပါဝါဒိန်းဂျား
Wallpapers
ပါဝါဒိန်းဂျား
ပါဝါဒိန်းဂျားတွေလာပြီ
မြို့လယ်ထဲသံခမောက်ဆောင်းထွက်လာတဲ့ ပါဝါဒိန်းဂျား
အသင့်ဆောင်ဓားတချောင်းနဲ့ပါဝါဒိ
န်းဂျား
စတစ်ကာရုပ်အမျိုးမျိုးနဲ့ ပါဝါဒိန်းဂျား
ဦးသူဆော်စတမ်း ပါဝါဒိန်းဂျား
ချက်ကျလက်ကျ လော်တွေနဲ့ ပါဝါဒိန်းဂျား
ဆိုရှယ်နက်ဝပ်ပေါ်က ပါဝါဒိန်းဂျား
စာရွက်ကြီးတထပ်နဲ့ ပါဝါဒိန်းဂျား
" ဇ  "လက်မှတ်ရ ပါဝါဒိန်းဂျား
ရှင်ကြီးဝမ်းမှာရှင်ငယ်မွေးတဲ့ ပါဝါဒိန်းဂျား
အမြီးကျက်ဦးနှောက်စား ပါဝါဒိန်းဂျား
စိတ်ကစဥ့်ကလျား ပါဝါဒိန်းဂျား
အသိမှတ်ဉာဏ်မြင့် ပါဝါဒိန်းဂျား
သတိလစ်သွားတာနဲ့ ဆွဲစားနေကျ ပါဝါဒိန်းဂျား
သွေးသံတရဲရဲ ပါဝါဒိန်းဂျား
အခု....
ခင်ဗျားဆီမှာ
ကျုပ်ဆီမှာ
အားလုံးဆီမှာ 
ပါ  ဝါ  ဒိန်း  ဂျား ။ ။

ကေဇော်မိုး
...
မတူညီ​သော ဒက်​ဆီဗယ်​များ
Art Blart
သက်​တမ်းကုန်ကာနီး​နေတဲ့ရုပ်​သံလိုင်းက
ဂျင်း​ဖောကြီးရဲ့သီချင်းသံသဲ့သဲ့ကြားရတယ်
အကျယ်​ကြီးမဟုတ်​​ပေမယ့်​ ဖူးငုံလှိုင်​လို့​ပြောကြတဲ့
မိုးလုံးမှိုင်း
ငါကြိုက်​တဲ့သီချင်း​လေး ငါသိတာ​ပေါ့ ။

ဆောင်းကုန်​ ​နွေကူးစ ကတ္တရာလမ်းမ​ပေါ်မှာ
ပါဏာတိပါတကံ ကျူးလွန်​ဖို့ 
အမှိုက်​များလမ်း​လျောက်​ဟစ်​​ကြွေး​နေကြတယ်
ကြွက်​​ချေးထဲဆွမ်းဆန်​ခုန်​ချ
လိုက်​သလို
ဝေဝါးတဲ့အနာဂတ်​​ကြောင့်​လတ်​တ​လော
ထမင်းဖြူဖြူ​ဖွေးကို ​မျှော်​လင့်​သူ တချို့ လည်းပါ​လေရဲ့။

နှင်းစက်​နဲ့လမ်းဟာ
ဘယ်​​တော့​အေးချမ်းမှာလဲ
အိပ်​မက်​မှနှင်းဆီကို အရင်​အသံနဲ့ ကြားချင်​ပါရဲ့
ငြိမ်းချမ်းဖို့ကိစ္စဆိုတာ ၈/၈၂အင်းလျား ကို တည​နေ
တဒင်္ဂတနဲ့ ​မှော်​​အောင်​သလို ဖြစ်​ခဲ့ရင်​လည်း
အ​ကောင်းသား။

တကယ်​​တော့ သူ့အသက်​သတ်​ခြင်းဆိုတာ အနုပညာကိစ္စတခုမှ
မဟုတ်​တာပဲ​လေ။

ဆံ​တော်​​ရှင်​​ခြေရင်းက ကတ္တရာလမ်းမကြီးဟာ
နာကျင်​စွာ ဟစ်​​အော်​​နေတယ်​။   ။

ကျော်​​ကျော်မြရည်​စမ်း


Thursday, January 26, 2017

k

သစ်ခက်သံလွင် ကဗျာစင်မြင့်၊ အေးမင်းစော ၏ "ရွေးကောက်ပွဲပြီးတဲ့အခါ "

ရွေးကောက်ပွဲပြီးတဲ့အခါ 
Art Canyon

ရွေးကောက်ပွဲပြီးတဲ့အခါ
နွေဦးရာသီကိုရောက်တယ်
မက်မွန်ပွင့်တွေလည်း စပွင့်တယ်
အိမ်ရှေ့လမ်းပေါ်မှာ နေရောင်ခြည်ဟာ
အိမ်ပြင်ကိုပြေးထွက်လာတဲ့
ကလေးငယ်တယောက်လိုခုန်ပေါက်လို့
ငါတို့ဟာ အိမ်စာတပုဒ်ပြီးသွားသလို
စိတ်လက်ပေါ့ပါးလို့
ရပ်ကွက်ပန်းခြံထဲမှာ ခြေညောင်းလက်ဆန့်
လည်ပင်းမှာ ကြိုးကိုယ်စီနဲ့အိမ်မွေးခွေးတွေဟာ
ပြေးလွှားရင်း လေထဲက လိပ်ပြာတွေကိုဖမ်းလို့

ရွေးကောက်ပွဲပြီးသွားတဲ့အခါ
လမ်းထောင့်အမှိုက်ပုံဟာ
ခွေးဝဲစားတွေကြွက်တွေနဲ့
အရင်လိုပဲ အမှိုက်ကားတွေပုံမှန်မလာတော့ဘူး
အရက်ဆိုင်ထဲမှာ ခေါင်းငိုက်စိုက်ကျနေတဲ့
အရက်သမားတသိုက်က
အားတိုင်း နိုင်ငံတော်ကို ထထဆဲကြတယ်
ရွေးကောက်ပွဲပြီးတဲ့
နေ့နေ့ညညအူသံတွေ ပိုကြားလာရတယ်
ရွေးကောက်ပွဲပြီးတော့
သူရဲကောင်းတွေပျောက်သွားတယ်
သူရဲကောင်းတွေ ထပ်ပေါ်လာတယ်

ရွေးကောက်ပွဲပြီးတဲ့အခါ
မြို့ထဲကလမ်းတွေပေါ်
ပြည့်တန်ဆာတွေပြန်ရောက်လာတယ်
မာဖီးယားတွေနဲ့လောင်းကစားသမားတွေ
နေရာပြန်ယူတယ်

ရွေးကောက်ပွဲပြီးတော့ ငါ့အဘိုးက
သူ့အင်္ကျီရင်ဘတ်ပေါ်က စစ်ပြန်ဆုတံဆိပ်တွေပြန်သိမ်းရင်းနဲ့
“ငါလည်း သေချင်ပါပြီကွာ” လို့ ညည်းတယ်
အဲဒီ့အချိန်မှာပဲ
စီးပွားရေးသမားတွေရဲ့ကားတန်းရှည်ကြီးက
အစိုးရရုံးထဲအရှိန်နဲ့မောင်းဝင်သွားတာ ငါမြင်လိုက်တယ်

ရွေးကောက်ပွဲပြီးတော့
ငါတို့ဟာ ဝတ်ခဲ့တဲ့အင်္ကျီတွေကိုပြန်ခေါက်သိမ်း
လေထဲမြှောက်တင်ထားတဲ့လက်တွေပြန်သိမ်း
အော်ဟစ်ရလို့ကွဲရှနေတဲ့ လည်ချောင်းတွေကို
ယမကာခပ်ပြင်းပြင်းနဲ့ကုစားလို့

ရွေးကောက်ပွဲပြီးတဲ့အခါ
ဒဏ်ရာရသူရ သေသူကြေသူနဲ့
အိမ်နောက်ဖက်ကတောင်တန်းကြီးတွေကတော့
အရင်အတိုင်းပြာမှိုင်းနေဆဲ

ရွေးကောက်ပွဲပြီးတဲ့အခါ
ငါတို့ဟာ တံစဉ်တွေ ဓားတွေကိုပြန်သွေးကြတယ်
ပေါက်ပြားတွေကိုပြန်သပြီး အရိုးသစ်တပ်တယ်
တောစီးဖိနပ်ကိုဖာပြီး ယာထဲကိုပြန်ဆင်းတယ်
ကြက်သွေးရောင်မြေသားအောက်မှာ
ငါတို့စိုက်ပျိုးထားတဲ့အာလူးတွေက
ကြီးချင်တိုင်းကြီးလို့
ဖရုံသီးတွေဟာ နေလောင်အက်ကွဲလို့
အိမ်မွေးခွေးတွေကတော့
ပြေးလွှားဆော့ကစားရင်း
လိပ်ပြာတွေကိုဖမ်းမြဲဖမ်းလျက်
လေညင်းနဲ့နေရောင်ဟာလည်း
ငါတို့နဲ့ငယ်မွေးခြံပေါက်လို အရင်အတိုင်း
အချိန်အားရင် ငါတို့ဟာ ပေါက်ပြဲနေတဲ့
အဝတ်အစားတွေကို
လာမယ့်ဆောင်းရာသီအတွက်ဖာထေးတယ်
တောထဲက ထင်းတွေစုတယ်
အသားတွေကိုအခြောက်လှမ်းတယ်

ဒီလိုနဲ့  ရွေးကောက်ပွဲပြီးတဲ့အခါ
အိမ်ရှေ့မြက်ခင်းဟာ
မီးလောင်ပြင်တခုလို
ပြန်လည်ခြောက်သွေ့ညိုမွဲလို့
ဟိုအဝေးကတောင်ကြောပေါ်မှာ
ထုံးစံအတိုင်း တောမီးတွေလောင်လို့
ညနေဆို
အနောက်တောင်တန်းတွေက နေ့တွေကို
အလျင်အမြန်ဆွဲချခေါ်ဆောင်သွားတော့မယ်

ရွေးကောက်ပွဲပြီးတဲ့အခါ

သြော် ရွေးကောက်ပွဲပြီးတဲ့အခါ…။ ။


အေးမင်းစော
8 Sept 2016 (Thur)
22း26 pm
k

သစ်ခက်သံလွင် ဂုဏ်ပြုသတင်း-ကမ္ဘာ့ရုပ်ရှင်ပွဲတော်မှာ မနက်ဖန်ပြသတော့မယ့် ငြိမ်းချမ်းရေးလူထုကဗျာဆရာမောင်အောင်ပွင့်ရဲ့ကဗျာနဲ့ရေးတဲ့ရုပ်ပုံလွှာ



ငြိမ်းချမ်းရေးလူထုကဗျာဆရာမောင်အောင်ပွင့်ရဲ့ကဗျာနဲ့ရေးတဲ့ရုပ်ပုံလွှာ



ငြိမ်ချမ်းရေးအတွက် ဘဝကိုပေးဆက်စွန့်လွှတ်ရာမှာ ခိုင်းနှိုင်းရမဲ့ကဗျာဆရာဆရာလို့တောင်ဆိုနိုင်တဲ့ ကဗျာဆရာမောင်အောင်ပွင့်အကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ...
Burma Storybook မှတ်တမ်းရုပ်ရှင် ကားသစ် (သို့မဟုတ်) ကဗျာတွေနဲ့ ပြောပြထား တဲ့ ခေတ်သစ်မြန်မာ့ယဉ်ကျေးမှု..
-

၂၀၀၁ ခုနှစ်မှာ (အရင်က ဗမာပြည်လို့ခေါ်တဲ့)မြန်မာပြည်ဟာ နှစ်(၅၀)ကြာ အာဏာရှင် အုပ်စိုးမှုအောက် က ရုန်းကန် ထွက်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည်က သူ့ဒဏ်ရာတွေကို နောက် (၅)နှစ် ကြာ တဲ့အထိ ကုစားနေရတုန်း။ (Burma Storybook) ဆိုတဲ့ဒီမှတ်တမ်းရုပ်ရှင်က အာဏာရှင်ခေတ်လွန် မြန်မာပြည်ရဲ့ သမိုင်းကို ဒီနိုင်ငံမှာ လူကြိုက်အများဆုံး အနုပညာပုံစံဖြစ်တဲ့ ဗမာကဗျာတွေနဲ့ ပုံဖော်ထားတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ ဘဝတလျှောက်လုံး အကျဉ်းထောင်ထဲမှာပဲ နှစ်ရှည်လများ ကုန်လွန်ခဲ့ရ တဲ့ တက်ကြွလှုပ်ရှားသူတယောက်လည်းဖြစ်၊ ကဗျာဆရာတယောက်လည်းဖြစ်တဲ့ ကဗျာ ဆရာမောင်အောင်ပွင့်ရဲ့စာပေလက်ရာတွေအကြောင်းပါ။ ဒါရိုက်တာ ပက်ထ်လုမ် (Petr Lom ) က ပုန်းရှောင်နေရတဲ့ဘဝကနေ သားနဲ့ပြန်လည်ဆုံစည်းရတဲ့အချိန်ထိ မောင်အောင်ပွင့်ရဲ့ဘဝ ဇာတ်လမ်း ကိုပြောပြထားသလို၊ အတိတ်ကချန်ထားခဲ့တဲ့ မတရားမှု အမွေအနှစ်တွေ ဆက်ခံထားရတဲ့ ကမ္ဘာသစ်တခု၊ တိုင်းပြည်တခုရဲ့အကူးအပြောင်းပုံရိပ်ကိုပါ တပါတည်း ချိတ်ဆက် ဖမ်းဆုပ်တင်ပြ ထားပါတယ်။ မနက်ဖန်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၊ နယ်သာလန်နိုင်ငံ၊ ရိုတာဒန်မြို့မှာကျင်းပမယ့်၊ ၄၅ ကြိမ်မြောက်၊ နိုင်ငံ တကာ ရုပ်ရှင်ပွဲတော်မှာ တင်ဆက်ပြသပါမယ်။

ဒါရိုက်တာလုမ်ဟာ အရင်က ရသမှတ်တမ်းရှည် ကား(၄)ကား ရိုက်ဖူးတယ်။ အဲဒါတွေကတော့ ... တရုတ်ပြည်မြောက်ပိုင်းမှာနေတဲ့ ဝေဂါမူဆလင်လူမျိုးတွေအကြောင်းတင်ပြထားတဲ့ (On a Tightrope) ။ အီရန်သမ္မတ Mahmoud Ahmadinejad နဲ့သူ့ပြည်သူတွေ ဆက်ဆံရေးအကြောင်း ရိုက်ပြထားတဲ့ (Letters to the President)။ အီဂျစ်က Tahrir ရင်ပြင် ဆန္ဒပြပွဲအပြီး ၁နှစ်အကြာ၊ အီဂျစ်ပြည်ရဲ့ အခြေအနေကို ရိုက်ကူးတင်ပြထားတဲ့ (Back to the Square)။ အီဂျစ်အမျိုးသမီးငယ် ၄ ဦး အကြောင်းဖော် ကျူးထားတဲ့ (Ana Ana) စတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။

နမူနာကို ကြည့်နိုင်ဖို့.. ....ကလစ်လိုက်ပါဗျား။

Tuesday, January 24, 2017

k

သစ်ခက်သံလွင် ကဗျာစင်မြင့် (၂)၊ ဇန်နဝါရီ ၂၅၊ ၂၀၁၇၊ ရန်နည်(ဘုတလင်)၊ ကိုပွေး နှင့် ထက်လူအောင်

ဘေးကျပ် နံကျပ်
AliExpress.com
ဗွေကြန်လက္ခဏာ မကောင်းတဲ့ ကုန်ဈေးနှုန်းနဲ့
အတိုင်အလှည့်ညီအောင် ထမ်းပိုးမရုန်းနိုင်တော့
ကျွဲပခုံးထတာပဲ အဖတ်တင်ရဲ့ ။
ကုန်ဈေးနှုန်းကျဆင်းရေးဆိုတာကလည်း
အရောင်းမြှင့်တင်ရေး ကံစမ်းမဲလို
Thank You နဲ့ပဲ ပြီးနေတာဆိုတော့
အစစအရာရာ မပြည့်စုံမှုကသာ
အိမ်ဦးခန်းမှာ အမြိုင့်သားထိုင်လို့ ။

ရန်နည် (ဘုတလင်)

... 
မသိကျိုးကျွန် 
artist Khalid Shahin
သူနစ်တဲ့မြစ်မှာပဲ 
သူရေဆင်းချိုးပြန်တယ် 
အသက်ဟာ 
မသေကောင်းမပျောက်ကောင်းဆိုပြီး 
သူ့အချစ်က ပိုးဖလံလို 
မီးကိုတိုးတယ်
နှင်းတွေ တံစက်မြိတ်က တပေါက်ပေါက် ကျသလို 
သူမျက်ရည်ကျပြတယ် 
သူ့အတွက် 
နံနက်စောစောဆိုပေမယ့် 
သူ့အချစ်က နေဝင်ခဲ့ပါပြီ 
ဒီရှုခင်း ဒီသီချင်းမျိုး မနှစ်မျို့ပေမယ့် 
ပင့်ကူအိမ်ထဲက ခြင်ကောင်လေးကို 
လက်နဲ့သွားတို့လိုက်ရမလားလို့ စဉ်းစားမိတဲ့အခါ 
တဖက်ကအစာ တဖက်က အသက် 
ကျနော် အသာလှည့်ထွက်ခဲ့ရတယ် ။ ။

ကိုပွေး
....
ဘယ်ကိုသွားမလဲ အိမ်ရဲ့အဝေး
Tate
အကြော်တဲလေးရဲ့မီးဖိုက အလင်းရောင်ကြောင့်
မြေသားလမ်း အမှောင်ရိပ်အောက်

ရပ်နေသူလူငယ်တယောက်ကို
နေရောင်မကျရောက်ခင် ကောင်းမွန်စွာငါမြင်ခဲ့တယ်
အိမ်ပြေးသူလူငယ်လေး
မွန်းကျပ်မှုတွေ စည်းကမ်းတွေ
ကျောပိုးအိတ်ထဲ အပြည့်ထည့်လို့
ဘယ်လိုအရပ်မှာ သွားစွန့်ပစ်မလဲ
နှင်းတွေကျနေတဲ့ကြားထဲ
ပူပူလောင်လောင် ငါတွေးတယ်။
သူ့ကို မတားဆီးခဲ့ဘူး
ဒီလိုမနက်ခင်း
အိမ်လေးတအိမ်က လူငယ်တယောက်
လူတွေလမ်းပေါ်မှာအမြဲရှိတဲ့
အိမ်အကြီးကြီးတလုံးဆီထွက်ပြေး
ခဲ့
ငါ့ လက်ဖျံပေါ်က ခေတ်ကထိုးပေးတဲ့
မင်ကြောင်ရုပ်ကို ငါဂုဏ်ယူတယ်
ငါ့ကျောပြင်က တက်နင်းခံရလို့ရတဲ့ အမာရွတ်တွေ
ပြန်ပြန်စမ်းရင်း အိုမင်းမစွမ်းချိန်မှာ
ငါပျော်ရွှင်ရတယ်
တိမ်တွေ တနေ့တော့အိမ်ပြန်လာစမြဲ
ဖွင့်ထားတဲ့အိမ်တံခါးမှာ ဘယ်သူငေးနေမလဲ
အိမ်ပြေးသူတွေသာ တွေးတတ်တဲ့အရာတခု
သူရဖို့သာ အရေးကြီးတယ်
အိမ်ပြေးတွေ
သံသရာထဲ တအိမ်ပြီးတအိမ်ကူးနေကြပေါ့ ။
                            
ထက်လူအောင်

k

သစ်ခက်သံလွင် ကဗျာစင်မြင့်(၁)၊ ဇန်နဝါရီ ၂၅၊ ၂၀၁၇၊ ကောင်းကင်ကိုကို ၏ "ဗုံးကြဲလေယာဉ်"

ဗုံးကြဲလေယာဉ်
 maga phelan- WordPress.com
ပြည်သူ့အခွန်တွေ အဝစားထားတဲ့
သေမင်းတမန်ငှက်
လေညင်းခံထွက်တာ
ကျောင်းတကျောင်းပါသွားတယ်။
အိမ်ဆယ်အိမ် ပါသွားတယ်။
ကလေးတချို့ ပါသွားတယ်။

ဗုံးကြဲလေယာဉ်မှာ
ရေဒါပါလာပေမဲ့ နှလုံးသားပါမလာဘူး။
အမိန့်နာခံမယ့် နား ပါလာပေမဲ့
လူတွေငိုသံပြန်ကြားမယ့် နား ပါမလာဘူး။

ဗုံးကြဲလေယာဉ်ကို ပုတ်ပြတ်ငှား
ဆေးရုံတခုဆီသွားချင်တယ်။
ခြေထောက်ဆုံးရှုံးခဲ့သူတွေအတွက် ခြေထောက်တွေကြဲချ
လက်ဆုံးရှုံးခဲ့သူတွေအတွက် လက်တွေကြဲချ

ဗုံးကြဲလေယာဉ်ကို ပုတ်ပြတ်ငှား
ဒုက္ခသည်စခန်းတခုဆီသွားချင်တယ်။
အဖေအမေ ဆုံးရှုံးခဲ့သူတွေအတွက် အဖေအမေတွေ ကြဲချ
ကစားဖော်ဆုံးရှုံးခဲ့သူတွေအတွက် ကစားဖော်လေးတွေကြဲချ

နောက်ဆုံးအစီအစဉ်အရ
ဗုံးကြဲလေယာဉ်ကိုပုတ်ပြတ်ငှား
တရားလွန်စစ်စခန်းတွေဆီ သွားမယ်။
ပြီးရင် သူတို့ဆီမှာ မျိုးတုံးလောက်အောင် ရှားပါးနေဆဲ
နောင်တတရားတွေ ကြဲချလိုက်မယ်။


ကောင်းကင်ကို

Saturday, January 21, 2017

Mimi Thaw

သစ်ခက်သံလွင်ကဗျာစင်မြင့်၊ အောင်မော်ဦး၊ တေဇလင်း...နှင့် မိုးအိမ်တို့၏ကဗျာများ

"အစီရင်ခံစာ"
Melt, JOAN-MIRO-WOMAN-AND-BIRD-IN-THE-NIGHT-FEMME-ET-OISEAU-DANS-LA-NUIT
ယာဉ်ရထားအတွက်
ဗျာများရတဲ့ ရက်တွေလည်း
လွန်ပါစေ

သားအမိကြား
စကားမှားခဲ့ရင်လည်း
ခွင့်လွှတ်နိုင်ပါစေ

ဒီလိုပါ ခင်ဗျာ
"နားလေးတဲ့သူတွေ တင်မက
မေ့တတ်သူတွေလည်း တွေ့ရတယ် မေမေ”

အောင်မော်ဦး
၁၇၊ ဇန်နဝါရီ၊ ၂၀၁၇

ဒုတိယမြို့ရိုးအဖွင့်
cópias de pinturas na WahooArt, Jackson-Pollock-Black-Pouring-over-Color
ခပ်ထုတ်ပစ်လိုက်တဲ့အနည်တွေထဲက
အနစ်မပါဖို့ အရေးကို
ဆွေးနွေးနေကြရတာလည်းသိတယ်
သွေးထားတဲ့အရေးမှန်သမျှဟာ
ကိုယ့်တံတွေးကိုယ်မြိုချ
နှစ်သိမ့်ဆုချခံထားရတာလည်းသိတယ်
ဘာပဲလုပ်လုပ်
အမြတ်ထုတ်သွားခဲ့ကြတဲ့
မာတိကာအဟောင်းတွေကြောင့်
တမြို့လုံးမပျောက်အောင်
စောင့်သင့်သလောက်စောင့်နိုင်ရင်
ရောက်သင့်သလောက်ရောက်မှာမြင်ရ
ရှေးမြို့ရိုးတို့သဘာဝက
တုတ်မိုးရုံနဲ့ ကျိုးချင်ကြ
အုပ်စိုးရုံနဲ့ ရိုးချင်ကြ … … … ။။

တေဇလင်း နည်းပညာတက္ကသိုလ်

ဆည်းဆာ
Chippewa Native American artist, 8c8e26654aa205a271aa3ae5139f9102
ဖြတ်စီးနေတဲ့မြစ်ထဲ
ဖြန့်ထိုးထားတဲ့နေရောင်
ပြန့်ပြောတဲ့ကောင်းကင်ထဲ
ပျံထွက်သွားတဲ့ ငှက်အုပ်
ကြည်နူးဖွယ်မြင်ကွင်းဟာ
ကြေကွဲစွာ ပျောက်ကွယ်
ကမ္ဘာထံနောက်တဖန် မရောက်ခင်ထိ။ ။


မိုးအိမ်


Mimi Thaw

သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မောင်ရဲနွေ ပလိပ် ၏ "ဇန်နဝါရီ ၂၀"

"ဇန်နဝါရီ ၂၀"
 
သူတို့ ဒီနေ့ ချီတက်ခဲ့ကြတယ်
မန္တလေးက စပြီး  လက်ပံတန်းမှာ ဆုံးခဲ့တယ်...။

ပြီးဆုံးပြီးလား
မပြီးဆုံးသေးဘူးလား...။

အောင်မြင်မှုလား
ရှုံးနိမ့်မှုလား...။

အနာတရတွေနဲ့ ခြေလှမ်း
လမ်းမထက်က သွေးစက်များ...။

ရဲတဲ့သွေး
နီတဲ့သွေး...။

ရဲနေဦးမယ်
နီနေဦးမယ်...။

သူတို့
မန္တလေးကနေ ရန်ကုန်ကို
ချီတက်ခဲ့ကြတယ်လေ...။ ။


မောင်ရဲနွေ ပလိပ်
၁၉.၁.၁၇

မှတ်ချက်- ကွန်ပြူတာ ချို့ယွင်းသွားတဲ့အတွက် ကဗျာဖော်ပြမှုနောက်ကျသွားခြင်းအပေါ် ကဗျာဆရာမောင်ရဲနွေနှင့် ကဗျာချစ်သူများအပေါ် တောင်းပန်အပ်ပါတယ်။
သစ်ခက်သံလွင်
k

သစ်ခက်သံလွင်၊ အောက်မေ့ဂါရဝပြု ခြင်း-"ဘဝထဲက ကဗျာရှင် သို့မဟုတ် ဆရာကြီး(ဦး)တင်မိုး လွမ်းချင်း"

"ဘဝထဲက ကဗျာရှင် သို့မဟုတ် ဆရာကြီး(ဦး)တင်မိုး လွမ်းချင်း"
 ခင်လွန်း
Photo- KL , June 2006

တနေ့မှာ ဆရာနဲ့အမှတ်မထင် ဆုံပြန်ပါတယ်။ မယ်ပဆိုတဲ့ နယ်စပ်မြို့လေးရဲ့အစွန်တနေရာပေါ့။ ဆရာက ကျနော့်ကိုလည်း အမှတ်မထင်ထားဘဲ ဗြုန်းခနဲမြင်လိုက်တော့ အံ့အားသင့်နေပါသေးတယ်။ ဒီနေရာက သူပုန်တွေလို့ခေါ်ရမယ့် လူတွေ အခြေချရာနေရာ စခန်းသာမဟုတ်လား။ အဲဒီမှာ စကားစမြည်ပြောကြရင်း “မင်းဆိုးကို မိုးကြိုးပစ်မယ်” ဆိုတဲ့ကြွေးကြော်သံနဲ့ ထုတ်ဝေနေတဲ့ မိုးကြိုးဆိုတဲ့သတင်းစာမှာ အယ်ဒီတာ လုပ်နေတဲ့ ကျနော့်ကို ဆရာပြောခဲ့တာက “ အင်း ..ဗမာပြည်မှာတုန်းက ဖူးခဲ့တဲ့အိပ်မက်က ဒီရောက်တော့ ပွင့်ပြီပေါ့ ” တဲ့။

“ တကယ်ကြတော့ ကဗျာဆရာဆိုတာ ပညာရှိ မဟုတ်ပါဘူး၊ ခံစားသူ သက်သက်ပါပဲ ” ဆိုတဲ့ ဆရာ (ဦး) တင်မိုး ပြောခဲ့တဲ့စကားကို တနေ့ကဆုံရတဲ့အကြောင်းကိစ္စတခုနဲ့ယှက်နွယ်ပြီး နားနဲ့ဆတ်ဆတ်ပြန် ကြားနေရသလိုခံစားမိရင်း ဆရာ့ကိုသတိရနေမိပါတယ်။ ဒီနေ့ဆိုရင်ပဲ ဆရာလွန်ခဲ့သည်မှာ ၈ နှစ်ရှိပြီပဲ။
အကြောင်းကိစ္စတခုဆိုတာက ကဗျာစိတ် စာစိတ်အပေါ် မြတ်နိုးစွာဘဝလုပ်ပြီးနေခဲ့တဲ့ ကျနော့်လို ပညာရေး နဖူးစာမှင်ရည်ကျဲပါးလှသူကို စာမတတ်ရကောင်းလား ဘွဲ့မရတန်ကောင်းလားဆို ပြီး မေးလေးငေါ့ကာ ခပ်နှိမ်နှိမ်လေးပြောလာသူတွေအပေါ် ကျနော်က.. သြော် အမိုက်မဲလေးတွေရယ် လို့ ပြန်မြင်မိပြန်ပြီး သူတို့လေးတွေခမျာ ကဗျာဆရာဆိုတာအပေါ် ဆရာမြင်တဲ့သဘောထားမျိုး ဘယ်လိုထားနိုင်ကြရှာမလဲပေါ့။ (ခက်တာက ကိုယ့်ကိုယ်ကို ကဗျာလူသားထင်တာလည်းပါရဲ့) ဒါနဲ့ပဲ ဆရာ့ကိုမြင်ယောင် သတိရနေမိတာ ပါ။
...

ပုံ-၁
ဒါကိုဆက်စပ်ပြရရင် ၁၉၇၀ နှောင်းပိုင်း ကာလများထဲက တရက်သားညနေခင်းလေး တခုမှာ ယနေ့ စာပေဟောပြောပွဲ မင်းသားကြီး အဖြစ် ထင်ပေါ်ကျော်ကြားလှတဲ့ ဆရာကြီး ဂျက်(ကွမ်းခြံကုန်း) ခေါ် မြန်မာစာ ပါမောက္ခ ကြီး မောင်သာချိုရယ်၊ ကဗျာအကျော်များဖြစ်ကြတဲ့ ဆရာနေစိမ်နဲ့ လှိုင်းသစ်အယ်ဒီတာ ဆရာ ယမုံ ရယ်၊ ပြီးတော့ ကျနော်ရယ်တို့လေးဦးသားဟာ ဆရာ့နေထိုင်ရာ အင်းစိန် မင်းကြီးညို လမ်း မကြီးဘေး ရိပ်ဆာယာကောင်းလှတဲ့ ကုက္ကိုပင်ကြီးများအောက်က ဗိသုကာလက်ရာမြောက်လှရာနေအိမ်ဆီကို ချီတက်ခဲ့ကြပါတယ်။
ကျနော်တို့လက်ထဲမှာ ကဗျာစာမူဖိုင်တတွဲနဲ့ပေါ့။ ကျနော်တို့ ကဗျာသမား သူငယ်ချင်း ၅ ယောက်အစုလေး ကဗျာလုံးချင်းတအုပ် စိုင်းပြင်းနေကြရာမှာ အဖွင့်အမှာအဖြစ် ဆရာ့မိတ်ဆက်စကားလေး ထည့်ချင်ကြတာ ကိုး။ 

ပုံ-၂

တကယ်တော့ဆရာဟာ ကျနော်တို့အားလုံးထဲ က မောင်သာချိုနဲ့မှ ရင်းချာတာပါ။ မောင်သာချို က မြန်မာစာ အဓိကကျောင်းသားဆိုတော့ ဆရာ ရင်း တပည့်ရင်းတွေကိုး။ ပြီးတော့ အဲဒိ့ကတည်း က မောင်သာချို ဆိုတာက စာပေလောကမှာ လမ်းလေးတော်တော်ပေါက်ထားနှင့်ပြီ။ မြဝတီ တိုက်ထုတ် ဒို့ကျောင်းသားစာစောင်က အစ ငွေတာရီမှာ၊ ရှုမဝမှာ၊ စစ်ပြန်မှာ… စသဖြင့်။ ကျန်ကျနော်တို့က ကျောင်းလောကထဲက မဟုတ် ကြတော့။ 


ဒါပေမဲ့လည်း ဆရာက ကျနော်တို့အားလုံးကို စိတ်ဝင်တစားရှိရုံမျှမက ရင်းနှီးနွေးထွေးစွာနဲ့ မိတ်ဆက် စကားပြောပါတယ်။ ကျောင်းသားမဟုတ်တော့လည်း ဘဝသမားပေါ့ဗျာတဲ့။ ဘဝထဲမှာ ကဗျာက ရှိတာပါတဲ့။ ကျနော့်ကိုလည်း ကလောင်အမည်ပေးထားတဲ့အတိုင်း ကိုခင်လွန်း ကိုခင်လွန်းပဲ ခေါ်ဝေါ်ပါတယ်။ (ကျနော် ကဗျာစရေးခါစက ကိုခင်လွန်းဆိုပီး “ကို” တလုံးရှေ့က ပါပါတယ်)/ ဆရာအဲဒီ့လို ကိုထည့်ခေါ်တာကို ကျနော်ခံစားရသလိုပြောရရင် အင်မတန်မှ သိမ်ငယ်သလိုလို ရှက်ရွံ့သလိုလို ခံစားမိပါတယ်။ ဆိုတော့ နောက်ပိုင်း မိုးဝေမဂ္ဂဇင်းမျိုး မှာ ရေးဖြစ်တော့ ရှေ့က “ကို” တလုံးကို ဖြုတ်ပစ်လိုက်ပါတော့တယ်။ ဆရာသမားတွေက "ကို" ကြီး ထည့်ထည့်ခေါ်နေတော့ ကျနော်အနေကြပ်လှတာကိုး။ ကိုယ်က ဘာမှ လည်း မဟုတ်ဖဲနဲ့များပေါ့။
...

ပုံ-၃

ဒီ့နောက်ပိုင်းမှာတော့ “ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ” ဆိုတဲ့ ဆရာရဲ့စာတွေကို စာပေစင်မြင့်တွေမှာ မကြာမကြာ ဖတ်ခဲ့ရပါတယ်။ ဘဝထဲမှာ ကဗျာဆိုခဲ့တာကိုး။
မောင်သာချိုနဲ့တကွ အစောကပြောခဲ့တဲ့ ကျနော်တို့သူငယ်ချင်းတွေ အိပ်မက်ဖူးဆိုတဲ့ စာပေအနုပညာ မဂ္ဂဇင်းတခု တည်ထောင် ထုတ်ဝေဖြစ်တဲ့အခါမှာလည်း ဆရာနဲ့မကြာခဏ ဆုံဖြစ်ကြပါတယ်။ ဆရာ့ဆီက ကျနော်တို့အိပ်မက်ဖူးမှာဖော်ပြချင်လို့ ကဗျာတပုဒ် ချီးမြှင့်ပေးဖို့ သွားပူစာကြတဲ့အခါ ဆရာမေးခွန်း ထုတ်ခဲ့တာလေးကိုလည်း ခုထိ မှတ်မိနေပါသေး တယ်။ အိပ်မက်ဖူးဆိုတော့ အိပ်မက် မက်ဖူးတာကို ပြောတာလား….အိပ်မက်ရဲ့အဖူးလေးတွေကို ပြောတာ လားတဲ့။ မပွင့်သေးတဲ့ အဖူးလေးဘဝလားပေါ့။
ကျနော်တို့က လူတွေမက်နေကြတဲ့ အိပ်မက်တွေ ဖူးတော့ ဖူးဝေနေပြီလို့ ယူထားတာပါဆရာဆိုတော့ သူ ကြိုက်သတဲ့။ ဖူးပြီး ပွင့်ရမှာပေါ့တဲ့။


ဒီလိုနဲ့ မှတ်မှတ်ရရ ကျနော်တို့အိပ်မက်ဖူးမဂ္ဂဇင်း အမှတ် (၁)မှာ ဆရာရဲ့ မဂ္ဂဇင်းကဗျာရှည်တပုဒ် ပါဝင် ပါတယ်။ ဒါ ပထမဆုံးမဂ္ဂဇင်း ကဗျာရှည် တပုဒ် ဖြစ်သလို နောက်ဆုံး ကဗျာရှည်တပုဒ် လည်း ဖြစ်နိုင်ပါ တယ်။ ကျနော်မှတ်မိသလောက် မဂ္ဂဇင်းကဗျာရှည်ကို အဲဒီ့တပုဒ်ပဲ ဆရာရေးခဲ့တယ် ထင်မိလို့ပါ။ (ဆရာကြီးမောင်စွမ်းရည်ရဲ့စာတပုဒ်မှာတော့ ဆရာ့ကိုကဗျာရှည် မရေးခဲ့ဖူးဘူးလို့ဆိုထားတာ ဖတ်ဖူးပါ တယ်။ သေချာအောင် ပြည်တွင်းက အိပ်မက်အတူ ဖူးခဲ့ကြသူများကိုလှမ်းမေးပြီး ကဗျာအမည်နဲ့တကွ အတည်ပြု ရပါအုံးမယ်)


၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကျနော်ထိုင်းဘက်ကမ်းကိုလွှင့်ထွက်လာတော့ တနေ့မှာ ဆရာနဲ့အမှတ်မထင် ဆုံပြန်ပါတယ်။ မယ်ပဆိုတဲ့ နယ်စပ်မြို့လေးရဲ့ အစွန်တနေရာပေါ့။ ဆရာက ကျနော့်ကိုလည်း အမှတ် မထင်ထား ဘဲ ဗြုန်းခနဲမြင်လိုက်တော့ အံ့အားသင့်နေပါသေးတယ်။ ဒီနေရာက သူပုန်တွေလို့ခေါ်ရမယ့် လူတွေ အခြေချရာနေရာ စခန်းသာမဟုတ်လား။ အဲဒီမှာ စကားစမြည်ပြောကြရင်း “မင်းဆိုးကို မိုးကြိုးပစ်မယ်” ဆိုတဲ့ကြွေးကြော်သံနဲ့ ထုတ်ဝေနေတဲ့ မိုးကြိုးဆိုတဲ့သတင်းစာမှာ အယ်ဒီတာလုပ်နေတဲ့ ကျနော့်ကို ဆရာပြောခဲ့တာက “ အင်း ..ဗမာပြည်မှာတုန်းက ဖူးခဲ့တဲ့အိပ်မက်က ဒီရောက်တော့ ပွင့်ပြီပေါ့ ” တဲ့။
...

ပုံ-၎

၂၀၀၆-မှာ အမေရိကားမှာနေနေရတဲ့ဆရာ သားတပည့်တွေရှိရာ ထိုင်းနယ်စပ်ကိုရောက်ပြန်တော့ ကျနော်တို့ ဆုံကြပြန်ပါတယ်။ လူငယ်တွေမျိုးဆက်သစ်တွေများလှတဲ့ ကျနော်တို့ရဲ့ သတင်းစာတိုက် (မြန်မာနိုင်ငံလွတ်လပ်သည့် သတင်းအေဂျင်စီတိုက်) မှာ ဆရာ့ကို သြဝါဒအနေနဲ့ စာပေအနုပညာဆိုင်ရာ စကားတွေချီးမြှင့်ပေးဖို့ကျနော်က ဖိတ်ခေါ်တဲ့အခါ ဆရာက လက်ခံပြီး ဟောပြောပါတယ်။ ကျနော်တို့သတင်းစာတိုက်သာမက ထိုင်းနယ်စပ်မြို့လေးမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားစာပေသမားတွေ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အင်အားစုတွေ တက်ရောက် နားထောင်ကြ ပါတယ်။ အဲဒီ့နေ့ (၇၊ ၆၊၂၀၀၆) ဆရာပြောခဲ့တဲ့အထဲမှာ ကျနော်အဖွင့်မှာပြောခဲ့သလို … “ တကယ်ကြတော့ ကဗျာဆရာဆိုတာ ပညာရှိ မဟုတ်ပါဘူး၊ ခံစားသူ သက်သက်ပါပဲ ” စကားကိုပြောခဲ့တာပါ။
ကျနော်တို့လို ပညာရေးမှာ ခမ်းနားကြီးကျယ်မှုမရှိခဲ့တဲ့လူတွေအတွက် ဆရာ့အဆိုဟာ ဆွဲယူပြီး ကာဗာလုပ်စရာဖြစ်တော့တာပါပဲ။ ပညာရှိနဲ့ အတန်းပညာကိုတောင် ကျနော်တို့ဖြင့် မခွဲခြားတတ်တော့ ပါဘူး။ ပညာတွေတတ်မှ ကဗျာရေးရပါသလားလို့ ပညာတတ်များလည်း ဆင်ခြင်ပေးကြပါကုန်။
...

ပုံ-၅
၂၀၀၇ မှာ ဆရာဆုံးပါတယ်။ ထိုင်းနယ်စပ် တောတောင်ထူထပ်လှတဲ့ ဒုက္ခသည်စခန်းတနေရမှာ အဲဒီ့ သတင်းကိုကြားကြရတော့ ဆရာ့သားသမီးတပည့်တပန်းတွေဟာ ဆရာ့ကိုလွမ်းဆွတ်တသမှုနဲ့အတူ ကုသိုလ်ကောင်းမှုပြုပွဲနဲ့ အောက်မေ့ပွဲလေးလုပ်ကြပါတယ်။ ဆရာ့ကဗျာတွေ ရွတ်ကြ ဖတ်ကြ မျက်ရည်ကျ ခဲ့ကြပါတယ်။ 

နောက်တနှစ် ၂၀၀၈ ဇန်နဝါရီရောက်တော့ မြန်မာပြည်ကနေ နယ်စပ်ကိုရောက်လာတဲ့ ကဗျာ ဆရာအောင်ဝေးအပါအ၀င် နယ်စပ် အခြေစိုက် စာပေသမားတွေကို ဖိတ်ခေါ်ပြီး ကျနော်တို့ခေတ္တ နားခိုရာ ဒုက္ခသည်စခန်းလေးမှာ စာပေဟောပြောပွဲတခု လုပ်ပါတယ်။ 


အဲဒီနေ့က ဇန်နဝါရီ ၂၂ ။ မြန်မာလို က ပြာသိုလပြည့်နေ့။ တခါ ဆရာဆုံးတာ တနှစ်ပြည့်မြောက်တဲ့နေ့။
ဟောပြောခဲ့တဲ့ဆရာများက နယ်စပ်ကို မကြာခင်ကမှရောက်လာတဲ့ ခရမ်းပြာမြင်းရိုင်းကြီး အောင်ဝေးနဲ့ နယ်စပ်အခြေစိုက် တော်လှန်ရေး စာရေးဆရာ ကျွန်းပြန်ကြီး ရဲဘော်ရှောင်း၊ ကဗျာအိုးဝေဆရာအကျော် ငြိမ်းဝေနဲ့ ဆရာမခိုင်မာကျော်ဇောတို့ပါ။ စာပေဟောပြောပွဲကို ကျနော်က “လမင်းငါးစင်း လင်းတဲ့ ည” လို့ အမည်ပေးပါတယ်။ 


ဟောပြောတဲ့ဆရာများရယ် ပြာသိုလပြည့်ညကြီးရယ် တောမြိုင်ကြီးထဲက လျပ်စစ်မီးကင်းမဲ့တဲ့ ဒုက္ခသည် စခန်းထဲမှာ အပြိုင်လင်းနေကြတယ်လို့ ဆိုလိုတာပေါ့ခင်ဗျာ။
..
အဲဒီ့နေ့ဟာ ကျနော်စောစောကပြောသလို ဆရာ့ကွယ်လွန်ခြင်းနှစ်ပတ် လည်နေ့လည်းဖြစ်နေ၊ စာပေ ကဗျာတွေနဲ့ ဖုံးလွှမ်းနေမယ့် ညလည်းဖြစ်နေမှာမို့ ဟောပြောပွဲစင်မြင့်ရဲ့တနေရာမှာ အမှတ်တရ သင်္ကေတ အဖြစ် ကျနော်ဟာ ဖန်မီးအိမ်လေးတလုံးကို ထွန်းညှိထားခဲ့ပါတယ်။ မှတ်မှတ်ရရ အဲဒီ့ဖန်မီးအိမ်လေးက ကဗျာဆရာ ခင်ရင်မောင် (နိုင်ငံရေး အကျဉ်းသားဟောင်း စက်မှုကျောင်းသား ကိုစောမင်းထိုက်ကျော်) တို့ မောင်နှံရဲ့ မင်္ဂလာဦးလက်ဆောင် ဖန်မီးအိမ်လေးပါ။
..
အခုတော့ ကျနော်ဟာလည်း ပင်လယ်အတန်တန် မြစ်ယံအသွယ်သွယ်ခြားရာ ကမ္ဘာမှာ ရောက်နေပြီ။ ဆရာ့ကိုလွမ်းဆွတ်လှသော်လည်း ကျနော့် အလွမ်းကို ဝေမျှခံစားမယ့် လူက မရှိသလောက်။
ပင်လယ်ထဲ ရေငတ် ဆိုတဲ့စကားမှန်လွန်းပါဘိတောင်းဆရာရယ်…
ဆရာကွယ်လွန်ခြင်း ၈ နှစ်မြောက် နေ့မှာတော့ ဒီစာနဲ့ ကျနော့်ရင်ထဲ ဖန်မီးအိမ်လေးထွန်းညှိလျက်သာ ကန်တော့လိုက်ပါတယ်ဆရာ။

.......
ဓာတ်ပုံများ။ ။ 
၁ -ဆရာနဲ့ မှင်စာလေးလိုမဲမဲသဲသဲဖြစ်နေတဲ့ကျနော်။ ၂။ မိုးကြိုးသတင်းစာတိုက် စာပေစကားဝင်းအပြီး မိုးကြိုးအဖွဲ့သားများနဲ့ အမှတ်တရ။ ၃။ နို့ဖိုးဒုက္ခသည်စခန်းမှာလုပ်တဲ့ စာပေဟောပြောပွဲကြော်ငြာ၊ ၄။ စာပေဟောပြောရင်း လွှမ်းမိုးသီချင်းနဲ့ အမှတ်ပြည့်ရသွားတဲ့ ကဗျာဆရာမ ခိုင်မာကျော်ဇော။ ၅။ လွမ်းမိတဲ့တရား ဆိုပြီး ဒုက္ခသည်တွေကြား လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တဲ့ ဆရာအောင်ဝေး။
- မှတ်ချက်- ဆရာငြိမ်းဝေ(ကဗျာအိုးဝေ) ဓာတ်ပုံကို အလွယ်တကူရှာမရတဲ့အတွက် ထည့်မပေးလိုက်နိုင်တဲ့အပေါ် တောင်းပန်အပ်ပါတယ်။
....
-ယခုအမှတ်တရ စာကိုမိုးမခမှာ တင်ပြီးဖြစ်ပါတယ်။

Tuesday, January 10, 2017

k

သစ်ခက်သံလွင် ကဗျာစင်မြင့်၊ နရီမင်း၊ မင်းလွင်နှင့် သင်းရည်လွင်တို့၏ကဗျာများ

တတိယကမ္ဘာ၏ထွက်ကုန်များ
KT#
ကဗျာဆရာ၊ဖာသည်နဲ့ အရူးအမျိုးမျိုးကပဲ
ငါတို့တတိယကမ္ဘာရဲ့ထွက်ကုန်တွေလား။
သေချာတာက
အဆင်​​ပြေနေသူတွေဟာ ကဗျာမရေးဘူး၊
ဖာခံမစားဘူး၊ရူးမသွားဘူးဆိုတာပဲ။
``အဆင်မပြေမှုတွေ အစီအစဉ်​ကျနလွန်းတဲ့´´လို့
ရေးခဲ့တဲ့ မောင်ချောနွယ်ဟာ အဆင်မပြေခဲ့ဘူး။
ငါတို့ညီမတွေ ဖာခံစားနေရပြီး
ငါတို့ညီ​လေးတွေ ရူးသွားကြတယ်။
မတူပါဘူး သူငယ်​ချင်း
မင်း ကဗျာရေးတယ်ဆိုတာ
ပိုပြီးအဆင်ပြေအောင် လော်ဘီလုပ်ဖို့။
မင်းမိန်းမ သူများနဲ့ သွားအိပ်တာနဲ့
မင်းသားလေး ဆေးစွဲပြီး ရူးသွားတာတွေက
သူတို့ကို အချိန်မပေးနိုင်လောက်အောင်
မင်းက အဆင်​​ပြေလွန်းနေလို့ပါ။
ကဗျာဆရာအတု၊ ဖာသည်အတုနဲ့
အရူးအတုတွေပေါ့ကွာ။
အစစ်တွေအားလုံးဟာ
ဘဝနဲ့ ရင်းခဲ့ရသူချည်းပါ။
အဆင်​​ပြေနေသူတွေနဲ့ အဆင်မပြေသူတွေ
သူတို့အကြားက တိုက်ပွဲကပဲ
ဒီကနေ့ခေတ်ရဲ့ လူတန်းစားတိုက်ပွဲပေါ့။
ဘာပဲဖြစ်​ဖြစ်
ပထမကမ္ဘာကလူတွေဟာ
တတိယကမ္ဘာကလူတွေအပေါ်
အမြင်အတုတွေနဲ့ ကြည့်မြဲပါ။
အစစ်မှန်သမျှ ဘဝနဲ့ရင်းရတယ်ဆိုတာ
ငါတို့ ယုံကြည်ထားဆဲအရာပါ။

နရီမင်း
၁၀- ၁- ၂၀၁၇
..
စီတန်းလှည့်လည်ပွဲ
KT#
ငါ ဈေးဝယ်စင်တာကအထွက်
စီတန်းလှည့်လည်သူတွေနဲ့ဆုံခဲ့
ငါ့ မျက်လုံးက နည်းနည်းမှုန်တော့
သူတို့အလံတွေ တံဆိတ်တွေ
ဗီနိုင်းစာသားတွေ မသဲကွဲဘူးပေါ့
ဒါပေမဲ့ ငါခံစားမိ
ဆောင်းညနေခင်း နေရောင်ဟာ
လမ်းမပေါ်က ရုတ်တရက်ပျောက်သွား
တလမ်းလုံး သုဿန်တစပြင်ပမာ
အသံချဲ့စက်က အသံတွေဟာ 
လမ်းပေါ်ဖိတ်လျှံကျ အညှီအဟောက်များဖြစ်
အော်ဂလီဆန်စရာ အနံ့ထောင်းထောင်းထလို့
ညစ်ပုတ်ပုတ် အကွက်တွေပေကျံခဲ့တယ်
အဲဒါ ဇွမ်ဘီတွေလေ စီတန်းလှည့်လည်နေတာ
တက္ကစီသမားက နှာခေါင်းပိတ်ပြီးပြောတယ်
သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို မိစ္ဆာကြီးဆီ
ယဇ်ပူဇော်ပြီး ဇွမ်ဘီဖြစ်လာသူတွေတဲ့
ဒီကမ္ဘာမှာ ကောင်းမြတ်ခြင်းတရားတွေ
မရှိတော့ဘူးလို့ ငါခံစားမိတဲ့အထိပဲ
တလမ်းလုံးဟာ အမှောင်နက်ထဲရောက်လို့
ကျက်သရေမင်္ဂလာဆိုတဲ့ စကားလုံးကို
မှတ်ဉာဏ်ထဲ ပျောက်မသွားအောင် 
ငါအကြိမ်ကြိမ်အခါခါ ရွတ်မိရဲ့
နောက်တလမ်းက မောင်းဗျာလို့
တက္ကစီသမားကို ပြောလိုက်တယ်
နောက်ဆုံးအနေနဲ့ ဇွမ်ဘီတကောင်
သူ့ရဲ့ မဲညစ်ညစ် နှလုံးကို လက်ကကိုင်ပြီး
တရားသော မိစ္ဆာကြီးသို့လို့ အော်နေတာ တွေ့ရတယ်။

မင်းလွင်
လူသတ်သမား
KT#
 ဇာတ်လမ်းက အပျက်ပျက်ပဲ
သူက
အလောင်းကို စနစ်တကျဝှက်ခဲ့မှာဆိုကြ ။
လေ့ကျင့်ထားတဲ့တရားခံလို
လက်ဗွေရာ သိမ်းဆည်းမထားဘူး ။
သတင်းလိုက်ခွေးတွေ
ရာဇဝင်လူဆိုးတွေ
မြို့အဝင် အထွက်တွေ
စောင့်ကြည့် ကင်မရာတွေ
သည်ကြားထဲ ကင်းလိပ်ရှောလို
သွက်သွက်လက်လက် ။
ခုလောက်ဆို
တခြားတနေရာမျှားနေတော့မယ်
သူဟာ အသံတိတ်သေနတ်
တိုက်ချွတ်နေရော့မယ်
သတင်းထဲ
တပတ်လောက်ကြေညာနေအုံးမယ်
ပြီးတော့ သစ်တုံးတတုံးလို
သူရပ်နေအုံးမယ်
ပါးစပ်တွေလည်း ငြိမ်သက်နေတော့မယ် ။

သင်းရည်လွင်