Saturday, December 31, 2016

k

သစ်ခက်သံလွင် ကဗျာစင်မြင့် ၂၀၁၇၊ နရီမင်း၊ အောင်မော်ဦး နှင့် ကေဇော်မိုးတို့၏ ကဗျာများ

ဘူနှစ် သို့မဟုတ် ၂၀၁၇  
Absolutearts.com
 နှစ်ဟောင်းက
ဖောက်ထွင်းဝိဇ္ဇာတယောက်လို
ငါတို့ ပိုင်သမျှအရာရာကို ခိုးယူပြီး
တိတ်တဆိတ် ထွက်ခွာသွားတယ်။ 

ဘိုးစဉ်ဘောင်ဆက်အမွေဖြစ်တဲ့
ရှိစုမဲ့စု ဂုဏ်သိက္ခာလေးတောင်
မကျန်ဘူး။

အခု နှစ်သစ်ဟာ
လူသတ်သမားရဲ့ခြေလှမ်းတွေနဲ့
ချဉ်းကပ်လာနေပြီ။ 

ကိုယ့်အသက်ကိုယ်
ဖက်နဲ့ထုပ်ထားရတဲ့အခါ
ဘယ်သူ့အတွက်မှ
စဉ်းစားချိန်မရှိဘူး။ 

ဂုဏ်သိက္ခာနဲ့ လဲလှယ်ခဲ့ရတဲ့ အသက်က
မတရားတန်ဖိုးကြီးတယ်။ 

``အသက်မသေချင်ရင်
ခင်ဗျားတို့ပါးစပ်တွေ
ပိတ်ထားကြ´´

နရီမင်း
၁- ၁- ၂၀၁၇
လက်ဆုပ်လက်ကိုင် အရှိတရား
Laura Gomez
အဲလ်ဗစ် ပရက်စ်လေတို့လိုပေါ့
ဦးသိန်းတန်လည်း နှစ်သက်သလို ဆင်ယင်ထုံးဖွဲ့ပါစေ
မျက်ရည်ပေါက်ကြီးငယ်ကျရတဲ့
စစ်ပွဲကြီးငယ်တွေ ဆင်နွှဲနေတာမှမဟုတ်တာပဲ
ကွန်ဂရက်ကျူလေးရှင်းပါ အန်ကယ်
ကျနော်တို့ကတော့ မ (No) ရက်ပါဘူး။

ဘယ်သူ့ဘယ်သူမှ ဂိုးမသွင်းနိုင်သေးခင်လေးမှာပဲ 
လက်ပွေ့သတင်းစာသည်က အော်တယ်
“Sanction တွေ ရုပ်ပြီ၊ သိမ်းပြီ
ခရိုနီတွေအတွက် ရေကြည်တွေထွက်နေပြီ” တဲ့
ခမျာများ ပြောပါတယ်
ဒင်းတို့ဆင်းသွားတာပဲကောင်းတယ်ဆိုတဲ့ နင်းပြားတွေ
ဂိုးပေါင်းလည်း မထိ၊ Focus လည်း မမိနဲ့ 
နောက်ဆုံးတော့လည်း အသင်းကြီးပဲ စားသွားတာပါပဲ။

ကျွဲပခုံးထနေသူတွေက ပြောတယ်
“ကျုပ်တို့ကတော့ ထမ်းတင်ပေးလိုက်ကြတာပဲ”တဲ့
ထာဝရဘုရားသခင်
ထွန်ယက်စိုက်ပျိုးရာမြေကြီးအား
စေတန်တို့ရန်မှ ကာကွယ်ပေးတော်မူပါ
ကျောတခင်းစာ အခန်းကျဉ်းငယ်အား
ဘူဒိုဇာလက်မှလွတ်ကင်းအောင် ဆောင်ကြဉ်းတော်မူပါ
ဤအိမ်ပေါ်၌ ကောင်းချီးမင်္ဂလာရောက်စေသောဝ်၊ အာမင်။

ဆယ်တန်းကျောင်းသားများစကားနဲ့ဆိုရင်တော့ မေးခွန်းသတ်တာပေါ့
အစိုးရကိုရော မပြောတော့ဘူးလားတဲ့
နေပြည်တော်နောက်ခံနဲ့ဆွဲထားတဲ့ရှုခင်းပဲ
အစိမ်းတော့ နည်းနည်းကဲပေမပေါ့
ငြိမ်းချမ်းရေးလည်း ဆွေးနွေးတာ ဆွေးနွေးပါ
တိုင်းရင်းသားအရေးလည်း ဆွေးနွေးတာ ဆွေးနွေးပါ
ဘာပဲဖြစ်ဖြစ်
နှစ်သစ်မှာ စစ်မဖြစ်ရင်ကိုပဲ တော်လှပါပြီ။

မပြောမဆိုနဲ့ တောခိုသွားခဲ့ကြသလိုမျိုး
ပြန်လာတော့လည်း တိတ်တိတ်ဆိတ်ဆိတ်ပါပဲလား သားရယ်တဲ့
ဟုတ်တယ်အမေ
ကောင်းကင်မှာ ပန်းဝင်ခွင့်မရတဲ့ အမြင့်ပျံငှက်တွေပါ
ကိုယ့်အိမ်ကိုယ် တစိမ်းတရံဆန်ဆန် ပြန်ခဲ့ကြတယ် 
နှစ်ဆယ့်ရှစ်နှစ်စာ အိပ်မက်တွေအတွက်
နှစ်ဆယ့်ရှစ်ရက်စာ ဗီဇာတရွက်က
ကျနော်တို့ ရရမယ့် ဆုတဲ့လား
အိပ်မက်တွေ လက်ဖဝါးထဲ တင်းတင်းဆုပ်ထားလျက်ပေါ့ ။ ။

အောင်မော်ဦး
၃၁၊ ဒီဇင်ဘာ၊ ၂၀၁၆။
လမ်း
mulpix.com
အဝေးကြီးက
လာခဲ့မိသလိုပဲ
အားတွေလျော့ပြီးမောလာတယ်
တလွှာချင်းပြန်ရေတွက်ကြည့်တော့
ဖုန်းသံလေးတွေ
တတီတီမြည်လာတယ်
ဘဝတဲ့......
သုညလက်ဖဝါးမှာ
ဝလုံးလေးရေးမိတဲ့ ပုံပြင် ။  ။

ကေဇော်မိုး

k

သစ်ခက်သံလွင် ကဗျာစင်မြင့် ၂၀၁၇ ၊ မောင်ရဲနွေ-ပလိပ်၊ မင်းလွင်နှင့် မြတ်လှိုင်းတို့၏ကဗျာများ

၂၀၁၇  
Pinterest
 သေနတ်သံတွေ ချုပ်ငြိမ်းပါစေ
ငြိမ်းချမ်းရေးတံခါး ပွင့် ပါစေ
ရေကြည်တပေါက် သောက်ပါရစေ…။ ။

မောင်ရဲနွေ-ပလိပ်
၁.၁.၂၀၁၇
….
၂၀၁၇ ပထမနေ့ 
Arshile Gorky
အားလုံးဟာ အရင်နေ့တွေက အတိုင်း
ဘယ်မှာရွာရမှန်းမသိသေးတဲ့တိမ်တွေ
ကောင်းကင်မှာ လက်လျားလက်လျားလုပ်နေ
Happy New Year 2017 လို့ မီးသွေးနဲ့ မသေမသပ်
ရေးထားတဲ့ အုတ်ခုံပေါ် ခွေးတကောင်အိပ်နေ
ချောင်းရေထဲအမှိုက်တွေ တရွေ့ရွေ့မျောနေ
၂၀၁၇ ဆီငါတို့ ရောက်သွားတာလား
ငါတို့ဆီ ၂၀၁၇ ရောက်လာတာလား
ဘယ်တုန်းကမှမရှိခဲ့တဲ့အချိန်ဟာ 
၂၀၁၇ ဝတ်ရုံကိုခြုံပြီး သေတ္တာတလုံးနဲ့ပေါ်လာ
အထဲမှာ ပြဿနာအသစ်တွေ ငြင်းခုန်မှုအသစ်တွေ
စစ်ပွဲအသစ်တွေ ပျင်းရိငြီးငွေ့မှုအသစ်တွေနဲ့အတူ
ပျော်ရွှင်မှုအသစ် မျှော်လင့်ချက်အသစ်လည်း ပါကောင်းရဲ့။

မင်းလွင်
မပြောင်းလဲတဲ့ လောက
PTG Arshile Gorky on Pinterest
 ငါတို့ပြောခဲ့ကြတယ်
ပြောနေသံတွေလည်း အမြဲကြားနေရတယ်
လောကဆိုတာအသစ်တဲ့
လောကဆိုတာအဟောင်းတဲ့
လောကကြီးပြောင်းလဲသွားပြီတဲ့
ဥခွံကျဉ်းကျဉ်းလေးထဲမှာ
ချောင်နေတဲ့ဦးနှောက်တွေ
အချိန်ရဲ့တိုက်စားခံနေရတယ်
ခေတ်ဆိုတာမြစ်လိုပါပဲ
ရေစီးကြောင်းထဲမှာ
ဝဲဂယက်နဲ့တွေ့ရင် လည်သွားတယ်
စနစ်ဆိုတာလည်း လူတွေလဲဝတ်တဲ့အင်္ကျီလိုပဲ
ဘုရင်လိုဝတ်ပြတော့ သက်ဦးဆံပိုင်စနစ်ဖြစ်တယ်
စစ်အင်္ကျီဝတ်တော့ စစ်အာဏာရှင်စနစ်ဖြစ်တယ်
ဟိုမရောက်ဒီမကျဝတ်ပြတော့
ဒီတွေကြိုသလိုလို ဒီတွေပြိုသလိုလို
ဖားတပိုင်းငါးတပိုင်းစနစ်ဖြစ်တယ်။
ဆွံ့အနားမကြားတဲ့လောကနံရံကြီးအပေါ်မှာ
စာရေးဆရာတွေတက်ရေးနေကြ
ပန်းချီဆရာတွေတက်ပြီးဆေးနဲ့ပက်လိုက်ကြ
သိုင်းဆရာတွေတက်ပြီး ဓားသိုင်းအကနဲ့ ခုတ်ထစ်လိုက်ကြ
စစ်တိုက်တမ်းကစားချင်သူတွေက လူလူချင်းပစ်ခတ်လိုက်ကြ
ဘဝဆိုတာကို လောကကြီးနဲ့ကိုင်ပေါက်ပစ်ကြ
ပြန်ဆင်းသွားတဲ့ခြေရာတွေ
အထင်းသားကျန်ခဲ့တာက အတ္တတွေပါပဲ။
နောက်ဆုံးတော့
လောကကြီးဟာ ဘာမှမပြောင်းလဲဘူး။  ။

မြတ်လှိုင်း


Thursday, December 22, 2016

k

သစ်ခက်သံလွင် ခဏနားမယ် (၂၃-၁၂-၂၀၁၆ မှ ၁ -၀၁- ၂၀၁၇) ထိ


သစ်ခက်သံလွင် 
ခဏနားပါ့မယ်

စာပေချစ်မြတ်နိုးသူများအားလုံးကို
နှုတ်ခွန်းဆက်ပါတယ်

သစ်ခက်သံလွင် 
ခဏနားပါ့မယ်
၂၀၁၇ နှစ်ဆန်းပိုင်းမှာ
ပြန်ဆုံမယ်
အရာရာလှပတဲ့ နှစ်သစ်ကူးမင်္ဂလာအခါသမယဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်

သစ်ခက်သံလွင်



k

သစ်ခက်သံလွင် ကဗျာစင်မြင့်၊ နွန်လတ် ရဲ့ " ကြက်ဥမှ အကောင်ဖောက်နည်း ကျမ်း "

ကြက်ဥမှ အကောင်ဖောက်နည်း ကျမ်း

Pinterest
ပေါက်ပေါက်ဖောက်သလို ကားဘီးပေါက်သလိုပါပဲ

လွယ်သလားခက်သလား ရာမနဲ့
နွေမိုးဆောင်း နေ့ညများ

အရူးဟာလှေဦးမှာ အမူးဟာမြစ်ထဲမှာ
ရေပြီးသား မဲ လည်း လက်ချိုးရေရတယ်
စုထားတဲ့ လူလည်း လက်ချိုးရေရတယ်
ရယ်ရတယ်

အသက်ကို ဖက်နဲ့ထုတ်ထား နားရွက်ကို ပင်အပ်နဲ့ချိတ်ထား
ညောင်သီးလည်းစား ညောင်ပင်လည်း လှဲ
ညောင်ကိုင်းလည်း မီးရှို့

မျက်မှန်အမည်းကြီးနဲ့ တကိုယ်လုံးခြုံတိုက်ပုံနဲ့
လူမျိုး တရာ့နှစ်ပါးနဲ့
လေတိုက်တိုင်းလွင့်နေတဲ့ မသူတော်အလံတော်နဲ့

ရေနဲ့ပြုတ်ရင် ရေလုံပြုတ်ပဲ
ဆီပူနဲ့ကြော်ရင် ဟပ်ဖရိုက်

တကယ်တော့ ဒီအကောင်ပေါက်ကလေးတွေဟာ
မိုးပေါ်ထောင်ဖောက်ထားတာ။     ။

နွန်လတ်