Friday, September 30, 2016

k

သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မင်းလွင်၊ တေဇလင်း-နည်းပညာတက္ကသိုလ်၊ ဟာရှိန်း(မင်းတပ်)နှင့် ဆောင်းယွန်းလတို့၏ကဗျာများ

စက်တင်ဘာ
POS
ဗွက်အိုင်ထဲဖြတ်နင်းသွားတဲ့ စစ်ဖိနပ်သံတွေ
သြဂတ်စ်ညတွေနဲ့အတူ တဖြည်းဖြည်းဝေးသွား

ငါတို့နဲ့မဟာအောက်တိုဘာ သားလျှောခြင်းကြား
ပလက်စတစ်အကြည်စ တချပ်သာခြား

သမိုင်းအမှိုက်ပုံပေါ်က ယင်ကောင်တွေ
မနက်ခင်းလက်ဖက်ရည်ခွက်ထဲ ခုန်ဆင်းသေကြ

အတိတ်မိုးစက်များအောက်က စက်တင်ဘာ။

မင်းလွင်
….
ဆောင်းနရီ
americanveterancoalition.org
မာကျူရီတွေဟာ …
ညနေခင်းတိုင်းအလင်းတွေညွှတ်ကိုင်းလာတယ်
ဥတုရာသီတခုရဲ့သမိုင်းမှာ …
စိတ်ထင်တိုင်းခရီးမပေါက်တော့တဲ့နေ့တွေတိုးဝင်
အလင်းနဲ့ပြတင်းဟာ …
အံဝင်ခွင်ကျမူချင်းကင်းကွာကျလာ
ဥပမာ …
ဆောင်းဟာတရွေ့ရွေ့တိုးဝှေ့
မီးခိုးတန်းတွေ …
တိမ်တွေဆီပြန်ခေါ်သွားတာမြင်ရ
တစုံတရာ …
ညင်ညင်သာသာကလေးပြိုဆင်းကျလာပုံ
အမိုးချွန်များ …
အိပ်တန်းပြန်ငှက်တွေနားနေ
မိုးကြိုးတန်းများ …
အလင်းဝါးဝါးတွေပျော်ဝင်
ဘယ်သို့မျှော်၍ရော်ရပ …
ဘဝဘဝတွေမြင်လိုက်ကွယ်လိုက်
မီးထွန်းချိန်အိမ်အပြန် …
မြို့ပြရဲ့နံရံတွေပေါ်မှာအလျားလိုက်ဘေးတိုက် ။။

ကိုတေဇလင်း  နည်းပညာတက္ကသိုလ်
လွမ်းဖွယ်
melissamckinnon.wordpress.com
အတိတ်ရဲ့ရနံ့တွေသင်းကြည်နေတဲ့ ညနေခင်းထဲ
ညှင်းသွဲ့သွဲ့တယောသံတေးသွားလို သစ်ရွက်ကလေးတွေ
ပြုတ်ကျလာပုံကလွမ်းဖွယ်။
မေ့ပစ်လိုက်ချင်ပါပြီဆိုမှ
သတိတရစိတ်ကို မုန့်လုံးစက္ကူကပ်မိတဲ့အဖြစ်။
အပြာရောင်နောက်ခံထားတဲ့
ဖျော့တော့တော့ ပုစွန်ဆီရောင်ညနေမှာ
ယိုဖိတ်စင်လာတဲ့ တိမ်မျှင်တွေကြား
(အချစ်)
မင်းကိုငါ ပြန်ကောက်ရခဲ့။
ငိုနေတဲ့စိတ်နဲ့
လက်ဗလာအိမ်အပြန်လမ်းတွေ စိုးရွံ့နေကြပုံများ
ဆိုနေမိတဲ့ သီချင်းက သီချင်းက အလန့်တကြားထအော်တယ်
ချစ်သူ့လမ်းကြားတဲ့။

ဟာရှိန်း(မင်းတပ်)
၃၀ ၉ ၂၀၁၆
သောကြာ
နိုင်ငံမပိုင်သူ ကမ္ဘာသူ/သားများနဲ့ အမေးအဖြေ
totallyhistory.com
 တချို့က
 သူတို့ ပိုင်ဆိုင်မှုအကြောင်း
 သေနတ်မောင်းတင်ပြီး ပြောနေကြချိန်မှာ
 ငါတို့က
 ငါတို့ဆုံးရှုံးမှုအကြောင်းကို
 သွေးအိုင်ထဲက
 ဖိနပ်ပြတ်အဟောင်းလေးကိုင်ပြီး ပြောနေခဲ့ရတယ်။

 ငါတို့ပြောချင်တဲ့
 ပိုင်ဆိုင်မှုအကြောင်းကိုပြောရရင်
 ငါတို့ချစ်တဲ့ကမ္ဘာကို ငါတို့ ပိုင်ခဲ့ပါတယ်။

 အဖိုးမဖြတ်နိုင်တဲ့
 ငါတို့နှလုံးသားကိုယ်စီနဲ့ရင်းလို့။

 ငါတို့မပြောချင်တဲ့
 ဆုံးရှုံးမှုအကြောင်းကိုပြောရရင်
 ငါတို့မျှော်လင့်ချက်တွေအားလုံး ဆုံးရှုံးခဲ့ရဖူးတယ်။

 ငါတို့ချစ်တဲ့တိုင်းပြည်တပြည်လုံးနဲ့ ရင်းလို့ပေါ့…။

ဆောင်းယွန်းလ
အောက်တိုဘာ ၁ရက်၊ ၂၀၁၆

k

သစ်ခက်သံလွင် အက်ဆေး၊ ခင်ဇော်မိုး၏ လောင်းရိပ်အောက်က သစ်တပင်



လောင်းရိပ်အောက်က သစ်တပင်

wallpaperfolder.com
ကျွန်မအပါအ၀င် အိမ်တွင်မွေးမြူခံရသော ငှက်ကလေးတကောင်သည်လည်း အဆစ်ပါခဲ့ သည်။ ကျွန်မသည် အမေ့လက်တွင်းက နယ်ရုပ်ကလေးတရုပ်ဆိုရင်လည်း မှားမည်မဟုတ်သလို အမေ့မေတ္တာရိပ်က လင်းသင့်သစ်တပင်ဆိုရင်လည်း...
တရိပ်ရိပ်ရွေ့နေသည့် တိမ်မျှင်တိမ်ဆိုင်တွေက ညနေခင်း နေ၀င်ဆည်းဆာနှင့် ပနာရလှပနေ သည်။ အနောက်ဆီက ရေလှိုင်းသဏ္ဍန်တွန့်နေသော တောင်တန်းညှို့ညှို့ကြီးမှငှက်တွေ ပျံသန်း လာကြသလို တချို့ငှက်တွေကလည်း ထိုတောင်ညှို့ညှို့သို့ ပျံသန်းသွားကြသည်။ အုပ်စုဖွဲ့၍ ပျံသန်းကြသလို တကောင်စ နှစ်ကောင်စ စသဖြင့် ကူးလူးပျံသန်းနေကြသည်။ 

သို့သော် လှောင်အိမ်ထဲမှငှက်ကလေးများတွင်မူ ငှက်တကောင်ဖြစ်ပါလျက်၊ အတောင်တစုံပါရှိလျက်၊ အားအင်တွေရှိပါလျက် ပျံသန်းခွင့်တွေနှင့် ကွေကွင်းကြရသည်။
ကျွန်မတို့အိမ်တွင် အလှမွှေး ငှက်ကလေးတကောင်ရှိပါသည်။ ထိုငှက်ကလေး၏ပိုင်ရှင်မှာ ကျွန်မ အမေပင်။ ထိုငှက်ကလေးနည်းတူ ပျံသန်းခွင့်တွေနှင့် ကွေကွင်းသောငှက်ကလေးတွေ မည်မျှ ရှိမည်မသိ။ ကျွန်မအမေနည်းတူ လှောင်အိမ်ထဲတွင်အလှကြည့်ကာ မွေးမြူချစ်ကြသောသူများ သည်လည်း များစွာရှိပေလိမ့်မည်သာ။

ထိုငှက်ကလေးများသည် သူတို့ကျင်လည်နေထိုင်ရသော အိမ်၊ ပတ်ဝန်းကျင်ကိုသာ ခံစားခွင့် ရှိကြ သည်။ လောကကြီးအလှကိုမူ ခံစားတွေ့မြင်ခွင့်မရှိပေ။ အတောင်တစုံပါလင့်မူ အသုံးမ၀င်။ ကျွန်မသည်လည်း ထိုငှက်ကလေးများနည်းတူ အမေ့၏အချစ်တော်ခံ။ ထိုကြောင့် ကျင်လည်ရာ ပတ်ဝန်းကျင်လောက်ကိုသာ ကျွန်မခံစားတွေ့မြင်ရပါသည်။ လောကအလှကို ခံစားရှုမြင်ခွင့်မရသော ငှက်ပမာ။ အနိမ့်အမြင့်နှင့် ခရီးမည်မျှအထိ ပျံသန်းနိုင်စွမ်းကိုမသိသော ငှက်ပမာ။ ကျွန်မသည်လည်း အမေ့၏အလှမွေးသတ္တ၀ါတစ်ကောင်သာ။
ကြီးမာသည့်လောင်းရိပ်ပင်အောက်က သစ်ပင်ကလေးများသဖွယ်။  အမေ့မေတ္တာရိပ်အောက်မှ ရုန်း မထွက်နိုင်ပေ။ အခက်အလက်၊ အညွန့်အတက်မထွက်နိုင်သည့်လောင်းရိပ်မိသော သစ်တပင်နှယ်။ လူအများစုသည် အရိပ်အာဝါသကောင်းတွေပေးနိုင်သည့် သစ်ပင်ကြီးများကိုသာ ချီးမွမ်းပြောဆိုကြသည်။ ထိုသစ်ပင်ကြီးများကြောင့် မရှင်သန် မကြီးထွားနိုင်သည့် သစ်ပင်ငယ်များစွာ ရှိသည်ကိုမူ မမြင်ကြ။ ထို့အတူ ကြီးမားသောမိခင်မေတ္တာရိပ်မှ ကျွန်မသည်လည်း အေးမြမှုကလွဲ၍ မည်သည့်အရာမျှ ခံစားခွင့်မရခဲ့ပါ။
ဘုရင်သမီးနှင့် စောင်းအိုလုလင်အဖြစ်ကဲသို့ ခွဲခွာကြရသည့် အချစ်ဇာတ်လမ်းများသည် ယခုထိပင် ရှိသလို ကုဋေရှစ်ဆယ်ကြွယ်သော သူဌေးသားကဲသို့ ဖြစ်ပျက်သွားသော ဇာတ်လမ်းသစ်များမှာလည်း ဒုနှင့်ဒေးရှိဆဲ။ သားသမီးများပေါ်တွင် အချစ်ကိုအထားအသိုမှားသော မေတ္တာရှင်များစွာ ရှိပါသည်။ 

ထိုအထဲတွင် ကျွန်မအပါအ၀င် အိမ်တွင်မွေးမြူခံရသော ငှက်ကလေးတကောင်သည်လည်း အဆစ်ပါခဲ့ သည်။ ကျွန်မသည် အမေ့လက်တွင်းက နယ်ရုပ်ကလေးတရုပ်ဆိုရင်လည်း မှားမည်မဟုတ်သလို အမေ့မေတ္တာရိပ်က လင်းသင့်သစ်တပင်ဆိုရင်လည်း မှန်လိမ့်မည်သာ။ သို့သော် ကျွန်မသည် အရှုံးမပေး လိုပါ။ နေရောင်ခြည်နွေးနွေးများကို ကျွန်မမြင်လိုသေးသည်။ ထိတွေ့ခံစားလိုသေးသည်။ ထို့ကြောင့် လေအယိမ်းအနွဲ့တိုင်းမှာ နေရောင်တွေကျွန်မကိုယ်ပေါ် ထိတွေ့ကျရောက်စေဖို့ စောင့်စား ကြည့်ရှုနေရပါသည်။ စိတ်ပျက်လက်လျှော့ကာ ညှိုးနွမ်းခွေ၍ အိပ်စက်မနေလို။ ကျွန်မသည် မည်မျှအထိ ကြီးထွားသန်မာပြီး အညွန့်အတက်အခက်ဖြာဝေသော သစ်တပင်ကဲသို့ဖြစ်မဖြစ် ကျွန်မသိလိုသည်။ ငှက်တကောင်ဆိုရင်လည်း မည်မျှအထိ ပျံသန်းနိုင် သော အင်အားရှိသည့် ငှက်တကောင်ဖြစ်မဖြစ် ကျွန်မသိလိုသည်။
အမေသည် ကျွန်မကိုအထင်သေးသည်ဟုလည်း ခံစားထင်မြင်မိပါသည်။ ကျွန်မသည် အမေ ကြိုးဆွဲရာ ကရသည့် ရုပ်သေးရုပ်ကလေးလိုသာ။ 

မှတ်မိသေးသည်။

ကျွန်မငယ်စဉ် ပဉ္စမတန်းတက်နေစဉ်က ရောင်စုံခဲတံလေးများကိုအသုံးပြုဆွဲသော ဆေးခြယ်ပန်းချီ ကားလေးများကို ပုံဆွဲစာအုပ်သီးသန့်ထားပြီး စတင်ရေးဆွဲခဲ့သည်။ ပုံဆွဲပြီးတိုင်း မိသားစုဝင်တွေ အားလုံးကို ကြွားလေ့ရှိပါသည်။ အားလုံးက ချီးမွမ်းထောပနာပြုသော်လည်း အမေသည်မပြု။ သွားပြလျှင် မကြည့်ချင်ဘူးဟု အကြိမ်တိုင်းငြင်းပယ်ခံရသည်။ ထိုသို့ အမေ့ဆီမှ စကားကြားရတိုင်း သိမ်ငယ်၍ မျက်နှာပျက်သွားလျှင် အဖေကနှစ်သိမ့်မြဲ။ အားပေးမြဲသာ။ နောက်နောင်ဆွဲဖြစ်သမျှသော ဆေးခြယ်ပုံအမျိုးမျိုးကို အမေ့ထံသွားမပြမိတော့ပါ။ ထို့နောက် အလယ်တန်းကျောင်းသူဘ၀သို့ရောက်သောအခါ၌လည်း ကျောင်းဆရာမ နားနေဆောင်ရှိ ဆရာမများထံမှတဆင့် ရုပ်ပြစာအုပ်များကိုစတင်ဖတ်မိခဲ့သည်။ အိမ်တွင် အဖေဖတ်သော ရတနာမွန် မဂ္ဂဇင်းနှင့် ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်စာအုပ်များကို လိုက်၍ဖတ်ခဲ့မိသည်။ ထိုမှတဆင့် စာဖတ်ခြင်း ကိုခံတွင်းတွေခဲ့မိတော့သည်။

သို့သော် စာဖတ်ခြင်းအား အမေသည်မနှစ်ခြိုက်။ ဆေးခြယ်ပန်းချီပုံဆြွဲခင်းများ အမေမနောမခွေ့ခဲ့ ပါ။ အမေသည် ထိုအရာများအား မခံစားတတ်ခဲ့။ အမေ့ကိုနားမလည်နိုင်စွာ တွေတွေငေးငေး ကြည့်နေခဲ့ရဖူးပါ သည်။ ထိုမှတဆင့် ကဗျာတွေရေးမိခဲ့သည်။ အိပ်ရာဘေးရှိ ကဗျာရေးထားသော စာအုပ်မှန်သမျှသည် အမေ့၏ငြူဆူခြင်းအောက်တွင် အငွေ့ပျံသလို ပျောက်ကွယ်သွားတတ်သည်။ အလိုမကျတိုင်း စာအုပ်တွေ ဝှက်လေ့ရှိသည်။ မျက်ရည်တွေဖြင့် တိတ်ဆိတ်နေခဲ့ရ ဖူးပါသည်။ ကြာလာသောအခါ ကျွန်မစိတ်တွင် ဒဏ်ရာများရခဲ့သည်။
မလိုလားအပ်သော နှောင်ဖွဲ့ခြင်းမျိုးကို ကျွန်မလက်မခံနိုင်ပါ။ ကျွန်မတို့လူငယ်တွေ၏အကျင့်၊ စာရိတ္တ မှားယွင်းပျက်ပြားနေပါမူ လူကြီးများတည့်မတ်ပေးပါ။ ထိန်းကျောင်းပေးပါ။ ပုံစံခွက်မှာ ပုံသွင်းခံရသည် အပူပေးကော်ရည်များတော့ မဖြစ်စေလိုပါ။ ငယ်စဉ်မှယနေ့ထိ အမေ့၏မေတ္တာရိပ် အောက်တွင်နေထိုင် ရခြင်းကြောင့် အခြားသောအကြောင်းအရာများစွာအား ကျွန်မမသိနိုင်။ မမြင်နိုင်ပါ။ နာမ်ဟူသမျှသည် ပြိုပျက်ရစမြဲပင်မဟုတ်ပါလား။ လေဒဏ် မိုးဒဏ်နှင့် သဘာဝ အိုမင်းရင့်ရော်မှုများအား မရှောင်လွှဲနိုင်။ တနေ့တွင် ထိုမေတ္တာရိပ်ကြီး ပြိုလဲကျခဲ့ပါမူ ရာသီလွန် လေမည်လား မပြောအပ်နိုင်ပါ။ အင်အားကုန်၍မောပန်း နွေကြမ်းကြမ်းရောက်မှ ထိုအရိပ်ကြီး မဲ့ခဲ့ပါမူ လေဒဏ် နေဒဏ်နှင့် တောသတ္တ၀ါ တို့၏ ခွာစာပင်။ အညွန့်အတက် တလက်မှ ထွက်မလာနိုင်တော့မှ အရိပ်မဲ့ပါမူ အကြောင်းရယ်ထူးလိမ့်မည် မဟုတ်တော့ပေ။ ထို့ကြောင့် သစ်ပင်ငယ်နှင်တူသည့်လူငယ်များကို အရိပ်စစ်ပေးတတ်ဖို့လိုပါ သည်။ လောင်းရိပ်မဖြစ်ရန်မှာ မိဘတိုင်း နားလည်သင့်ပါသည်။ ချစ်တတ်ဖိုလို့သည်။ ချစ်ခြင်းသည် အဆိပ်လည်း ဖြစ်တတ်လေ့ရှိသည်။
ကျွန်မသည် ပျံသန်းခွင့်ရသောငှက်ကလေးဖြစ်လိုသလို လောင်းရိပ်ကင်းသော သစ်တပင်လည်း ဖြစ်လိုပါ သည်။ ထို့ကြောင့် ရာသီစက်ဝန်းလှည့်လည်နေသ၍ ကြိုးစားအားထုတ်လိုပါသေးသည်။ လှောင်အိမ်ထဲက ငှက်တကောင်လို လူငယ်များကို မပိတ်လှောင်စေလိုပါ။ ခေတ်သည်မည်မျှပြောင်းလဲစေ ပါမူ ငွေသည်အရေးပါဆဲ။ ဂုဏ်ကြီးရှင် သဌေးသမီးသီချင်းသည် လူရာဝင်ဆဲ။ 

ကုဋေရှစ်ဆယ်သူဌေးသားဇာတ်ကြောင်းသည် နေရာရဆဲ။ ဘုရားရှင်လက်ထက်တွင် ဒေ၀ဒတ်သည် ရှိမြဲသာ။ ထို့ကြောင့် ရာစုနှစ်များစွာကြာခဲ့ပါမူ လူကြီးနှင့်လူငယ်သည် ပဋိပက္ခ ဖြစ်ဆဲ။ 

အမေနှင့်ကျွန်မသည် အမြင်မတူသလို အယူအဆများလည်း ကွဲပြားသည်။ ငယ်ငယ်ကဖတ်ခဲ့ရသည့် ကိုလိုနီခေတ်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ လူကြီးနှင့်လူငယ် စကားပြေကို သတိရမိသည်။ လူကြီးနှင့်လူငယ်ကြားက နားလည်မှုလွဲခြင်းများသည် ကိုလိုနီခေတ်မှ ယနေ့တိုင်ရှိနေပါလားဟု တွေးရင်း သက်ပြင်းရှည်ကြီးသာ ချလိုက်မိပါသည်။ ထိုအခါ တိမ်မျှင်တိမ်ဆိုင်များ ရွေ့လျားနေခြင်းမရှိတော့ပါ။ အတွေးဖြင့်မျောနေမိ၍ ယနေ့ နေ၀င်ဆည်းဆာအလှကိုတော့ ကျွန်မခံစားခွင့်မရှိလိုက်ပြီသာ။ နေလုံးကြီး သည်လည်း ဆုံးဆုံးမြုပ်၍ အမှောင်စများထူထည်းစွာ ယှက်သမ်းနေခဲ့လေပြီ။

ခင်ဇော်မိုး

·         လင်းသင့်သစ်တပင်-ဒေသိယအသုံး= လောင်းရိပ်မိသော သစ်ပင်
k

သစ်ခက်သံလွင် တကိုယ်တော်ကဗျာ၊ ဒီလူည၏ "ပုံပြင်" ကဗျာများ

ပုံပြင် -၁
KT#
 ရှည်ထွက်လာတဲ့အူတွေကြား ငါဟာ ပိတ်မိနေတယ်
အရိပ်မထွက်အောင် အလင်းရှိတဲ့အရပ်ကိုကွယ်ပြီး
ငါ့ဆီပြေးဝင်လာတဲ့ အစာအိမ်ရဲ့ပြင်းထန်စွာပေါက်ကွဲသံတွေ
ငါဟာ လေဟာနယ်ထဲရောက်နေသလို စီးနေတဲ့မြစ်ထဲမျောပါသွား
ရုတ်တရက်လန့်နိုးသွားတဲ့ပန်းခြံထဲက ရယ်မောသံဟာ
ငါ့နာမည်ကို စက္ကူလှေကလေးမှာရေးပြီး မြေကြီးထဲမြှုပ်လိုက်တယ်
တရိပ်ရိပ်ပြေးတက်လာတဲ့တိမ်မျှင်တွေဟာ
အောက်စီဂျင်ကိုအငမ်းမရစုပ်ယူပြီး ပျောက်ကွယ်သွားကြတယ်
နှစ်တွေသိပ်မကြာခင်မှာပဲ အိပ်မက်ထဲ ငါပြန်ရောက်လာတယ်
ပင်လယ်ဓားပြပုံစံမျိုးနဲ့ သံချေးတက်နေတဲ့ ဆံပင်ရှည်ရှည်တွေနဲ့
ငါ့အမေဟာ ငါ့ပုံကိုကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်ရယ်မော
"ငါ့ရင်ခွင်ထဲမှာတော့
မင့်က ပီဘိကလေးလေးပါပဲ"လို့ ပြောလိုက်တော့
လက်ထဲဆုပ်ကိုင်ထားတဲ့ ဓားသွားတွေဟာ အရည်ပျော်ကျသွား
ငါဟာ အိပ်မက်ထဲကနေ အပြင်ဘဝထဲ ပြန်ရောက်သွားတယ်  ။  ။

ဒီလူည

…..
 

ပုံပြင် -၂
KT#
 တယောက်နားထဲ
တယောက်လက်တွေ ပိုပိုရှည်လျားလာတယ်။

ဖန်လှောင်အိမ်ထဲ
ပျော်အောင်နေရှာတဲ့ ရွှေငါးကလေးလို

ရနံ့တွေပွင့်လာပုံထဲ ပန်းတွေက မွှေးတယ်။

မီးဖိုချောင်ထဲဖိတ်စင်သွားတဲ့အချိုရည်တစက်မှာ
မပျော်ရွှင်တဲ့အပြုံးတွေက တဝီဝီအော်လို့။

အိပ်မပျော်သူရေ

ညတွေကုန်အောင် အိပ်ဖို့
အမှောင်နဲ့သီထားတဲ့အင်္ကျီလေးဆီ
လာလာနားတဲ့အိပ်မက်

ဒီတခါ ကံစမ်းမဲမှာ
ပါဝင်ကံစမ်းကြရအောင်။  ။

ဒီလူည

…..


ပုံပြင် -၃

KT#
သီချင်းသံတွေက တိုးပြီး
နာရီလက်တံတွေက ရှည်ထွက်လာတယ်။

လှိုင်းတွေစီးပြီး နေထွက်ရာစောင့်နေတဲ့မနက်

ရေတံခွန်လေးမှာရေချိုးရင်း လေကလေးချွန်
ပန်းခြံထဲပျံ့လွင့်နေတဲ့ရနံ့တွေလို။

သာသာယာယာလေးပါပဲ
နေ့တွေကျွံကျသွားပုံထဲ
အညိုအမည်းလေးကို ဖွဖွလေးပွတ်သတ်

ကြောင်မျက်လုံးတွေလို

ညထဲ
မိုးစိုနေတဲ့ ပုံပြင်လေးတွေကို ပြန်ရစ်ကြည့်နေတယ်။   ။


ဒီလူည

……
 
ပုံပြင်-၄ 
KT#
သစ်ရွက်တွေမှာ ရေစက်ကလေးတွေ တွဲလွဲခိုနေတာကအစပြုပြီး
တောလမ်းထဲ စံပယ်ရနံ့တွေတဖွဲဖွဲ ကြွေနေတာအဆုံး

အိမ်ဘေးရေမြောင်းလေးတွေ ကောလာတာကအစပြုပြီး
ပင်လယ်ထဲ ရေခဲတောင်ကြီးအရည်ပျော်ကျလာတာအဆုံး

တိမ်မျှင်တွေကြားချော်ရည်ငွေ့တွေကပ်ငြိနေတာက အစပြုပြီး
ရုပ်ရှင်ရုံထဲနေကြာစေ့ကိုက်ခွဲသံလေးတွေအဆုံး

ဓာတ်ကြိုးမှာချိတ်ပြီး သေဆုံးနေတဲ့ငှက်ကလေးတကောင်က အစပြုပြီး
အိုးပစ်အိမ်ပစ်မက ရသလိုဆွဲနှုတ်ခံရတဲ့ဝိညာဉ်တွေအဆုံး

ဒိုင်ယာရီထဲရေးမှတ်ထားတဲ့ သာသာယာယာနေ့ကလေးတွေက အစပြုပြီး
မှိုတက်နေတဲ့ ပြက္ခဒိန်စာရွက်တွေ အေးခဲလာတာအဆုံး

မဆုံးနိုင်တဲ့သက်ပြင်းသံတွေ
ပုံပြင်ထဲ မလွယ်ပေါက်ကနေ ဝင်လာကြတယ်။    ။


 ဒီလူည

…..

ပုံပြင် -၅

KT#
ဒီကဗျာကို ဘာမှမပါဘူးနဲ့စတယ်
ဒီတော့ နောက်ထပ်ဘာမှလည်းပြောမှာမဟုတ်ဘူးလေ
ဒီတော့ ဒီကဗျာက ဒီမှာတင်ဆုံးပြီပေါ့
ဒီထက်ပိုပြီး ဒီကဗျာကိုထပ်ဖတ်စရာမရှိတော့ပါဘူး
ဒီထက်ပိုပြီး ဒီကဗျာမှာ ဘာမှလည်းပါမှာမဟုတ်တော့ပါဘူး
ဘာမှမပါဘူးဆိုမှတော့ ဘာဖတ်စရာရှိတော့မှာလဲ
ဘာမှမပါတာကို ဘာလို့ပြောနေလဲလို့မေးလာရင်
ဘာမှမပါတာကို ဘာမှမပါဘူးလို့ပြောထားတာပဲလို့ ပြန်ပြောရပါမယ်
တကယ်လည်း ဘာမှမပါတော့
ဒီကဗျာဟာ ခင်ဗျားအတွက် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တယ်ဆို
ကျော်သွား/ဘလော့သွားလိုက်ပါ
တကယ်လည်းဘာမှမပါတော့
ခင်ဗျားအတွက် ဘာမှဟုတ်မှာမဟုတ်ဘူးဆိုတော့
ဒီကဗျာကို ဒီမှာတင်ရပ် ခင်ဗျားပြန်ချင်လည်း ပြန်သွားလို့ရပါတယ်
ဒီကဗျာမှာ ဘာမှမပါတော့
ခင်ဗျားဆီ အယူခံဝင်ဖို့လည်း ဘာမှမပါဘူးလေ
ဒီကဗျာမှာ ဘာမှမပါတော့
ဒီကဗျာကို ဘာမှမပါဘူးနဲ့ပဲ စလိုက်တာပါ
ကိုယ့်မှာလည်း ဘာမှမရှိတော့
ဘာမှမပါတာ အထူးအဆန်းတခုလိုလည်း မပြောချင်ဘူးလေ
ဒါ့ကြောင့် ခေါင်းစဉ်ကစပြီး ဘာမှမပါဘူးလို့ပဲ ပြောင်းဖတ်ပေးပါ
ဘာမှမပါလို့ ဘာမှသုံးမရဘူးလို့ပြောလည်း ရပါတယ်
ဘာမှမပါလို့ ဘာအသုံးဝင်မှာလဲလို့ပြောချင်လည်း ပြောလို့ရပါတယ်
အစကတည်းက ဘာမှ ပါလာတာမှမရှိဘဲ
ပြီးတော့ ဘာမှမပါဘဲ ပြန်သွားရမှာမဟုတ်လား
ရတဲ့အချိန်လေး အစာလေးသွပ်ဖို့ ကြိုးစားကြည့်တာ
ကိုယ့်အလှည့်ကျဗလာနဲ့တိုးနေတော့လည်း
ဘာမှမပါတာကို ဘာမှမပါဘူးလို့ဘဲ ပြောပါရစေဗျာ။   ။


ဒီလူည