Thursday, June 30, 2016

Mimi Thaw

သစ်ခက်သံလွင် ကဗျာစင်မြင့်၊ တည်ဘွားဦး၊ သရသစ်၊ လူခက်၊ သိင်္ဂါလှိုင်တို့၏ကဗျာများ

လူနာရဲ့ ပန်းချီ
 
lauraakranz.com


အခု

အိပ်ရာထဲမှာ

ငြိမ်ငြိမ်လေး နေ နေရတယ်

မျက်စိကို ဖွဖွလေး မှိတ်ထားရတယ်

မမြင်ရတဲ့ပန်းတွေကို

ဆေးရောင် လှလှခြယ်နေရတယ်

ဘယ်ပန်းကို

ဘယ်လို အ ရောင်ခြယ်မလဲ

ပန်းသီးက

ဘယ်ပန်းက သီးတာလဲ

ကျန်းမာရေး

မကောင်းတဲ့မေးခွန်းတွေကို

ဆေးခန်းက နေပြီး

အိမ်ကိုခေါ်လာခဲ့တယ်။ ။

တည်ဘွားဦး

…..


ကိုယ်ရေးကိုယ်တာဗိုင်းရပ်စ်
 
jemurphy3.wordpress.com

ပစ္စက္ခကို
ပြန်လျှော်ဖွတ်ခဲ့တယ်
ဆင်ခြင်တုံတရားက
ချွေးသံတရွှဲရွှဲပါပဲ

ရင်ကွဲနာလေးရှိရာအရပ်နဲ့
ဖူးစာထောင့်မတည့်တဲ့ခေတ်မှာပေါ့
အချစ်ကိုမွမ်းမံရခက်ပုံများ
ရင်မွန်းတည့်ချိန်ထိ
ကိုယ့်အရိပ်ကိုယ်ပြန်နင်းမိတုန်း

တကယ်က
သူမနဲ့ကျွန်တော်
ရင်ချင်းအပ်ပွဲတော်ဆီအသွား
နောင်တချင်း
လက်မှတ်ဖြတ်မှားခဲ့ကြတာပါ

ကြည့်စမ်းပဗျာ
ဗလာနယ်ချင်းစည်းခြား
အမုန်းမြို့ရဲ့အဝင်တံခါးမှာတင်
အိပ်မက်သေတွေ အေးခဲ
ဒါကပဲ
သူမရဲ့ဘေးထွက်ဆိုးကျိုးဖြစ်နေရဲ့

သရသစ်
ရေရိုင်းမြေရိုင်းအလွန် ငြိမ်းချမ်းရေးနှင့်ကဗျာအင်အားစုမှပေးပို့သောကဗျာ

….

လက်ရေးမလှ
waldina.com
 
မင်းသတင်းတွေ ငါကြားတော့

ငါ့သတင်းတွေ

ငါပြန်မကြားတော့ဘူး



တခါမှားရင်

တဘဝလုံး ဖျက်မရတော့တဲ့

စာမျက်နှာထဲ



မင်းအကြောင်းတွေ ငါချရေးတော့

ငါ့စာကြောင်းတွေဟာ မဖြောင့်ခဲ့



မျက်လုံးထဲက မျက်ရည်တွေကို

ဝှက်မထားပါနဲ့တော့

လူခက်

….


မေတ္တာမပျက် ရူးနေသူ
www.mypinkadvisor.com
အရိုးတွေ ငေါထွက်နေတဲ့အရေပြားနဲ့
ဒီနေ့ ဒီလမ်း
နောက်နေ့ နောက်တလမ်း။
သတိလွတ်နေတဲ့ အရူးတယောက်လို
ကုသသူမဲ့ဝေဒနာနဲ့
သူ့ဘဝသူမေ့လို
သူသွားရာလမ်းများ သူ့စိတ်ထင်ရာ။
ပဋာစာရီလို လင်ပျောက်သားဆုံးမဟုတ်ပေမယ့်
ရင်ဖောက် သားခွဲ ခံနေရတဲ့အဖြစ်
သူ့ဘဝ သူအဖြစ်က စာနာသူ ကင်းမဲ့
ကျေးဇူးတရားတွေ ကျေးစွပ်ခံနေရပေါ့
ဒါပေမဲ့
သူ
ငါ့သွေးကိုသောက် အသက်ရှင်ပါ
ငါ့သွေးကိုသောက် အသက်ရှင်ပါ
ငါ့သွေးကိုသောက် အသက်ရှင်ပါ
မဆုံးတဲ့ ဝါကျတကြောင်းကို တတွတ်တွတ် ရွတ်ဆိုလို့………။


သိင်္ဂါလှိုင်
Mimi Thaw

သစ်ခက်သံလွင် - တကိုယ်တော်ကဗျာ (မင်းငြိမ်းအေးရဲ့ကဗျာများ)

ကြိုးတိုက်

www.pinterest.com
 အမှောင်ကို
ဖြဲကြည့်တယ် ။
သေမှာပဲ
သေမဲ့အတူတူ
ဘယ်သူ၊သူရဲကောင်းဖြစ်ခဲ့လဲ ။

မင်းငြိမ်းအေး


စစ်ကိုင်း

www.widewalls.ch
ယုန်မဝပ်တဲ့
လဝန်းကြီးကို
ငါ၊ငေးကြည့်ရတာလဲ
ဝဋ်ကြွေးတခု ။
စေတီကဦးတယ်
တရားကနောက်ကျတယ်။
ခိုသံ
ဆည်းလည်းသံ
မကွဲပြားပါဘူး ။
ငါတို့ပြန်ခဲ့တယ်
ထုံးဖြူမှ
နောက်ဘုရားကိုဖူးကြမယ်ဆိုပြီး ။

မင်းငြိမ်းအေး


မြန်မာပြည်မြေပုံ

silaart.blogspot.com

ကိုယ့်အသက်ထက်ကြီးတဲ့
တော်လှန်ရေးကို
ပျက်ရယ်ပြုရတာ
လွယ်ပါတယ်
ကိုယ့်အသက်လောက်မရှိတဲ့
လူငယ်တစ်ယောက်ကို
ဦးညွတ်ဖို့ခက်ကြပါလိမ့်မယ်
နိုင်ငံကိုရေးဖို့
ပထဝီလိုပါတယ်
နိုင်ငံကိုသိဖို့
သမိုင်းလိုပါတယ်
တာဝန်ကိုယ်စီဆိုတာ
လုပ်ခပြသနာရှိပါတယ်
ဥပဒေရေးဖို့
ဥပဒေလိုပါတယ်
ဒါဟာ
ကျနော့်မွေးရပ်မြေပါ
အသက်ရှည်
ရှည်၊ခင်ခင်မင်မင်နဲ့
ညီညွတ်စွာကွဲလွဲကြပါတယ် ။

မင်းငြိမ်းအေး


..

ကျောင်း

www.pinterest.com

ကျောက်တူးသမားတယောက်
ကျောက်အောင်တယ်
အဆင့်ဆင့်အရောင်းအဝယ်ဖြစ်တယ်
အေ၊ ဘီ၊ စီရွတ်သံကြားတယ်
အရင်းပြုနိုင်တဲ့ကြွက်သေတကောင်ကို
ထောင်ဖမ်းနေတာ
ငါ့တသက်ပေါ့
ခေါင်းလောင်းသံကိုက
အဓိပ္ပာယ်နှစ်မျိုးနဲ့ ။

မင်းငြိမ်းအး


အုတ်ဂူစာ

www.redbubble.com

ထူးအိမ်သင်က
ဝေးသွားတဲ့အခါ
လှသန်းက
ကဗျာတွေရှင်ချင်ရင်
ကဗျာဆရာတွေသေဖို့သာပြင်တော့
မင်းသုဝဏ်က
မောင်ခွေးနဲ့
ဖိုးမောင်ကိုထားခဲ့ပြီ
ကိုဌေးမြိုင်က
ငြိမ်းချမ်းရေး
မြသန်းတင့်က
ရှေ့မှာတလုံးစွက်ပြီး
စစ်ကိုဘာသာပြန်တယ်
မှိုင်းက၊ ညီညတ်ရေးနဲ့
အသက်ရှည်ရှည်၊ ခင်ခင်မင်မင်
သန်း(၅၀)ကျော်မှာ
စါမတတ်သူပပျောက်ရေးနဲ့
သေတာနဲ့
ရှင်တာဟာ
အသက်ရှူသံကိုနားထောင်လို့မရဘူး
ငါ့အုတ်ဂူစာကို
ဒီလိုရေးထွင်းခဲ့ပါတယ် ။

မင်းငြိမ်းအေး

k

သစ်ခက်သံလွင် -ကဗျာခံစားမှု ရသဆောင်းပါး၊ ငြိမ်းဝေ(ကဗျာ့ အိုးဝေ)- အနာဂတံကို ဘာသာပြန်တဲ့ငှက်များ



အနာဂတံကိုဘာသာပြန်တဲ့ငှက်များ 

POS

စိတ်ဝင်စားဖို့ကောင်းတာတခုရှိပါသေးတယ်။ ကဗျာဆရာတွေဟာ `မာယာ´တွေရဲ့တကယ့်သဘော သကန်ကိုပေါ်အောင် ဖွင့်ချတဲ့အခါ၊ တနည်းအားဖြင့်ပြောရရင်`မာယာ´ကိုတိုက်တဲ့အခါ`မာယာ´ဆိုတဲ့ လက်နက်အမျိုးအစားတမျိုးကိုပဲ အသုံးပြုကြရတဲ့အချက်ဖြစ်ပါတယ်။ ဒီအချက်ဟာ စိတ်ဝင်စားဖို့ကောင်းပါ တယ်။
(က)


ကဗျာဆရာတွေဟာ အနာဂတံကိုဘာသာပြန်နိုင်ဖို့ကြိုးစားကြသူတွေပါ။ ကွယ်လွန်သူကဗျာဆရာ ဇော်(ပျဉ်းမနား)က သူ့ကဗျာတစ်ပုဒ်ထဲမှာ ကဗျာဆရာတွေဟာ`အနာဂတံကို ဘာသာပြန် တဲ့ငှက်´ဆိုပြီး ရေးခဲ့ ဖူးတာပဲ။


ကဗျာဆရာတွေက အနာဂတံကိုကြိုပြီးမြင်၊ ကြိုပြီးပြောတဲ့အခါ ပစ္စုပ္ပန်ကိုအခြေခံပြီးမှ ပြောနိုင်တာ ပါ။ ကျွန်တော်တို့မြန်မာတွေ ယုံကြည်တဲ့`ကံ ကံ၏အကျိုး´ဆိုတဲ့ ယုံကြည်မှုမျိုးကို အခြေခံပြီးမှ ပြောဖို့ကြိုးစား ကြတာပါ။ သမ္မာကျမ်းစာလာ`လေကိုစိုက်ပျိုးသဖြင့် မုန်တိုင်းကို ရိတ်သိမ်းရ လိမ့်မည်´ဆိုတဲ့ စကားနဲ့အတူတူ ပါပဲ။


ကျွန်တော်တို့ဟာ ပစ္စုပ္ပန်ရဲ့ အကျဉ်းအကျပ်ထဲ ပိတ်မိနေတဲ့အခါမျိုးမှာ အနာဂတ်ကို ကြိုပြီး မြင်နိုင်ဖို့  ခက်ခဲတတ်ပါတယ်။ အမှောင်ထုအောက်မှာ လမ်းပျောက်နေတဲ့အတွက်၊ ပန်းတိုင်က ဘယ်ဖက်မှာ ရှိတယ်ဆိုတာ မဝေခွဲတတ်တော့ဘူးပေါ့။ ဒီကြားထဲ မုန်တိုင်းကလည်းထန်၊ လှိုင်းကလည်းကြီးပြီဆိုရင် ပုံမှန်အားဖြင့် ကိုယ့်ဘ၀ကိုယ်ရပ်တည်ရေးကို ဦးစားပေးဖက်တွယ် ထားရင်းက ကျွန်တော်တို့တတွေ ဒီမုန်တိုင်း၊ ဒီရေလှိုင်း၊ ဒီအမှောင်ထုအောက်မှာ ကျေမွပျောက်ကွယ်ကြရပါတယ်။ လမ်းပျောက်ပြီးကမ်းမှောက်ကြပါတယ်။


ကဗျာဆရာတွေက စိတ်အလုပ်လုပ်တဲ့နေရာမှာ တခြားသူထက်သာပါတယ်။ စိတ်ကို စုစည်းကျစ် လစ်အောင် တည်ဆောက်ပြီး၊ ပစ္စုပ္ပန်အပေါ် တင်ကြည့်တဲ့အခါ အနာဂတ်ကို ထိုးဖောက်ရောက်ရှိ လာနိုင်တော့တာပေါ့။ ဒါကြောင့်မို့ ကဗျာဆရာတွေကြတော့ လမ်း မပျောက်နိုင်ဘူး။ ကမ်းမမှောက်နိုင်ပါဘူး။ အမှောင်ထုထဲမှာ ကြောင်တွေ၊ လင်းနို့ငှက်တွေ လိုမြင်နိုင် သိနိုင်တယ်။ အဲဒါ စိတ်အလုပ်ကို ကျစ်သထက် ကျစ်အောင်ဖွဲ့စည်းတည်ဆောက် နိုင်လို့ပါပဲ။

ကဗျာဆရာတွေစိတ်အလုပ်ကို စုစည်းတည်ဆောက်ကြရသူတွေပါ။
သူတို့က စိတ်အလုပ်ကို စုစည်း တည်ဆောက်လို့ အနာဂတ်ကိုကြိုပြီးမြင်တာနဲ့တပြိုင်နက်၊ ပစ္စုပ္ပန်မှာ ရင်ဆိုင်နေကြရတဲ့ အမှောင်ထုဆိုတာတို့၊ မုန်တိုင်းနဲ့ရေလှိုင်းဆိုတာတွေဟာ တကယ်တော့ ဘ၀ရဲ့`မာယာ´များသာဖြစ်တယ်လို့ တည့်တည့် ရှုမြင်နိုင်ကြတော့တာပဲပေါ့။ လူဟာ`မာယာ´ကို မာယာလို့သာ တကယ်ထွင်းဖောက်ပြီး မြင်နိုင်ပြီဆိုရင် သူဟာပြတ်သားတဲ့သူ၊ ယုံကြည်ချက်ကြီးမြင့်တဲ့ သူ ဖြစ်လာတော့တာပဲပေါ့။
`မာယာ´ဆိုတာ တွေကို အလွယ် တကူတွန်းဖယ်လို့ရနိုင်တဲ့ ကိစ္စ၊`မာယာ´ဆိုတာ `စက္ကူကျား´၊ `မာယာ´ဆိုတာ တံလျှပ်တမျိုးပဲဆိုတာ ဒက်ထိကြီးသိလာတော့တာပဲပေါ့။ အဲဒီအခါကြတော့ ကဗျာ ဆရာတွေက `မာယာ´ရဲ့ ပရိယာယ်ကို မယုံကြ၊ မကြောက်ကြဖို့၊ `မာယာ´ရဲ့ ကွန်ရက်ကိုဖျက်ကြ ဖို့၊`မာယာ´ရဲ့အပါးဆုံး၊ အပျော့ဆုံးနေရာကို ဖောက်ထွင်းကြဖို့ ကဗျာတွေနဲ့ နှိုးဆော်ကြတော့တာပဲပေါ့။ ပြီးတော့ အနာဂတ်ရဲ့တေးသံတွေ၊ ရနံ့တွေကို ကဗျာပေါ်တင်ပြီး ကဗျာဖတ်သူတွေဆီပို့ကြတော့တာပဲပေါ့။

စိတ်ဝင်စားဖို့ကောင်းတာတခုရှိပါသေးတယ်။ ကဗျာဆရာတွေဟာ `မာယာ´တွေရဲ့တကယ့်သဘော သကန်ကိုပေါ်အောင် ဖွင့်ချတဲ့အခါ၊ တနည်းအားဖြင့်ပြောရရင်`မာယာ´ကို တိုက်တဲ့အခါ`မာယာ´ဆိုတဲ့ လက်နက်အမျိုးအစားတမျိုးကိုပဲ အသုံးပြုကြရတဲ့အချက်ဖြစ်ပါတယ်။ ဒီအချက်ဟာ စိတ်ဝင်စားဖို့ကောင်းပါ တယ်။

ကဗျာဆရာတွေဟာ`မာယာ´ကို`မာယာ´နဲ့ တိုက်ခိုက်ကြပါတယ်။ သူတို့ကိုင်စွဲတဲ့`မာယာ´လက် နက် ထက်မြရင် ထက်မြသလောက် သူတို့ရင်ဆိုင်တိုက်ခိုက်ကြတဲ့`မာယာ´ ရဲ့ အကာအရံတွေ၊ အဆောင် အယောင်နဲ့မြူတွေဟာ တလွှာချင်းကွာကျပြီး၊ တကယ်တော့ ကျွန်တော်တို့ကို ခြိမ်းခြောက်ဖိစီးထား တဲ့`မာယာ´တွေဟာ`စက္ကူကျား´တွေသာဖြစ်တယ်ဆိုတဲ့`သစ္စာဉာဏ်´ကို ကဗျာဖတ်သူတွေ ဆီရောက်အောင် ပို့နိုင်ကြပါတော့တယ်။
ကဗျာဖတ်သူဘက်က ယူရမယ့်တာဝန်ကတော့ ကဗျာဆရာကပေးတဲ့ကဗျာမှာ ဘယ်လို မာယာတွေနဲ့ ပေး လိုက်သလဲဆိုတဲ့ စိတ်အလုပ်ကိုသာမာန်ထက်ပိုပြီးလုပ်ဖို့လိုတဲ့ တာဝန်ဖြစ်ပါ တယ်။ ကဗျာဆရာတွေက စိတ်ကိုစုစည်း ကြစ်လစ်အောင်လုပ်ပြီးမှ ပို့ပေးလိုက်တဲ့ကဗျာကို၊ ကဗျာဖတ်သူကလည်းစိတ်ကိုစုစည်း ကြစ် လစ်အောင်လုပ်ပြီးမှ လက်ခံရယူရပါလိမ့်မယ်။

(ခ)

ကျွန်တော့်မှာ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ကဗျာတွေ စုဆောင်းထားတာ အများကြီးရှိပါတယ်။ အနာဂတံကို ဘာသာပြန်တဲ့ ကဗျာတွေဆိုပါတော့။ ဒါပေမဲ့ ဒီဆောင်းပါးမှာ မြန်မာကဗျာတွေကို ဥပမာပေးလို့ မဖြစ်နိုင်သေးတဲ့အခြေအနေနဲ့ အချိန်ကာလဖြစ်တာမို့ အနာဂတံကိုဘာသာပြန်တဲ့ သဘောရှိတဲ့ နိုင်ငံ ရပ်ခြားကဗျာ တပုဒ်ကိုပဲ ကျနော်ရွေးချယ်ပြီး ဥပမာပေးလိုက်ပါတယ်။ ပိုလန်ကဗျာဆရာ`တိုမက် ယက်စထရွန်´ ရဲ့`သစ်စေ့များ´ကဗျာကို ကျနော်ဥပမာပေးလိုက်ပါတယ်။
ကဗျာဆရာ`တိုမက် ယက်စထရွန်´ဆိုတာ ပိုလန်နိုင်ငံခေတ်သစ်သမိုင်း၊ မျိုးဆက်သစ်ခေတ်မှာ အင် မတန်အရေးပါလှတဲ့ကဗျာဆရာပါ။ ပိုလန်အာဏာရှင်အစိုးရက သူ့ကိုဖမ်းပြီး ထောင်ချတာမျိုး၊ အလုပ်ကြမ်း စခန်းကိုပို့တာမျိုး အလုပ်ခံရတဲ့ကဗျာဆရာပါ။
သူကလည်း မြေအောက်`သတင်းဂျာနယ်´မှာ အယ်ဒီတာ၊ သင်္ဘောကျင်းအလုပ်သမားအရေးအခင်း မှာ ခေါင်းဆောင်၊ မြေအောက်ပုံနှိပ်လုပ်ငန်းတွေ တောက်လျောက် လုပ်တဲ့`နိုဝါ´လှုပ်ရှားမှုမှာပါဝင်၊ သူ့ကဗျာစာအုပ်တချို့က တရားဝင်ပုံနှိပ်ခွင့်ရပြီး၊ အများစုကတော့ မြေအောက်ပုံနှိပ်လုပ် ငန်းက တဆင့် လျှို့ဝှက်ပုံနှိပ်ဖြန့်ဝေခဲ့ရတာများပါတယ်။ ၁၉၅၀ ခု၊ ၀ါဆောမှာမွေးတဲ့သူပါ။ အခုတော့ အာဏာရှင်စနစ်ပြိုကျသွားပြီးတဲ့ ပိုလန်နိုင်ငံမှာ အထင်ကရ ကဗျာဆရာပေါ့။
------------------
သစ်စေ့များ
-------------------
ငှက်များ
ငါတို့ရဲ့ နက်ရှိုင်းလှတဲ့ ထွက်ပေါက်လမ်း
ပျံသန်းကြ
ထိတ်လန့်ကြရ
အတောင်ပံတွေဖြန့်ကြ ရုပ်ကြ။
ငှက်များ
အစာရှိရာ စင်္ကြန်လမ်းပေါ်
ပျံသန်းကြ။
သေလုနီးပါး မောပမ်း
ငါတို့ ပခုံးတွေပေါ် နားကြ
ငတ်မွတ်ကြ။
ငါတို့လက်ထဲမှာတော့ ဗလာနတ္ထိ
ငါတို့ နှုတ်ခမ်းတွေပေါ်
ငါတို့ မျက်လုံးတွေထဲမှာပဲ
သစ်စေ့များ။

ဒီကဗျာမှာ`တိုမက် ယက်စထရွန်´ပေးချင်တဲ့ massage ကဘာလဲ။ ပထမ(၃)ပိုဒ်ပြီးတဲ့ အထိ သရုပ်ဖော်ပါပဲ။ ငှက်တွေဆိုတာ လူတွေကိုကိုယ်စားပြုပါတယ်။`သစ်စေ့´လို့ခေါ်တဲ့ လူတွေ အတွက် အရေးအကြီးဆုံးအရာ၊ သူ့လက်ထဲမှာ ထင်သာမြင်သာမရှိဘူး။ ကြည့်တတ်ရင် မျက်လုံးတွေထဲ မှာ၊ နှုတ်ခမ်းတွေပေါ်မှာပဲ ရှိတယ် ... တဲ့။ `သစ်စေ့´ဆိုတာ ငှက်တွေအတွက် မရှိမဖြစ် အရေးအကြီးဆုံး အရာ(၀ါ)လူတွေအတွက် အရေးအကြီးဆုံးအရာ .. စားစရာ၊ ရိက္ခာ၊ ဒါလည်းဖြစ်နိုင်တယ်။ ပြီးတော့ လွတ်လပ်ချမ်းမြေ့မှု....၊ ဒါလည်း ဖြစ်နိုင်တယ်။ ပြီးတော့ လူ့ဂုဏ်သိက္ခာ။ လူ့ဥပဓိကဏ္ဍ၊ ပြီးတော့ ... ဒီမိုကရေစီ ....။

`သစ်စေ့´ ဟာ လူတွေ မရှိမဖြစ်လိုအပ်တဲ့အရာအားလုံးကို ကိုယ်စားပြုတဲ့`သင်္ကေတ´ပါပဲ။ ဒီ `သင်္ကေတ´က ကိုယ်စားပြုထား တဲ့အရာတွေဟာ ဒီကဗျာကိုဖတ်ရင် ...... သာမန်အားဖြင့်တော့ မမြင်နိုင်ဘူး။ ထင်သာမြင်သာမရှိဘူး။ ကဗျာ ဖတ်သူက အားစိုက်ရလိမ့်မယ်။ ကဗျာဆရာက ရင်ခုန်သံနဲ့ပို့တာကို ကဗျာဖတ်သူကလည်း ရင်ခုန်သံနဲ့ပဲ ဖတ်ရလိမ့်မယ်။ ကဗျာဆရာရဲ့ စိတ်အလုပ်နဲ့ ကဗျာဖတ်သူရဲ့ စိတ်အလုပ်မှာ၊ ကဗျာဖတ်သူက ပိုပြီးအခွင့် သာပါတယ်။  
ကဗျာဆရာက တထွာလောက်ပေးတာကို ကဗျာဖတ်သူက တတောင်မက မြင်လို့ရပါတယ်။ မြင်ခွင့်လည်း ရှိပါတယ်။ ဒါပေမယ့် ကဗျာဖတ်သူကျွန်တော်တို့က ကဗျာရေးသူလောက်တောင်မှ အားစိုက်မှု၊ တူးဆွမှု မစိုက်ထူတဲ့အခါ ကဗျာတွေကိုမခံစားနိုင်၊ ကဗျာတွေကိုနားမလည်နိုင် ဖြစ်ရတော့တာပေါ့။

ကဗျာဆရာ`တိုမက် ယက်စထရွန်´က၊ လူတွေအတွက် သေရေးရှင်ရေး၊ တကယ့်ကိုလိုအပ်တဲ့ အရာတွေအားလုံး အကျုံးဝင်တဲ့အရာကို`သစ်စေ့´ဆိုတဲ့`သင်္ကေတ´နဲ့ ပြောတာ။ ဒါဟာ`တိုမက် ယက်စ ထရွန်´အသုံးပြုတဲ့ ကဗျာ့ရိယာယ်`မာယာ´ပေါ့။ လူတွေအတွက် တကယ်အရေးအကြီး ဆုံးအရာ၊ ဘယ်ဟာလဲဆိုတာပြောချင်ရင် တည့်တိုးပြောလို့မရဘူး၊ ပြောခွင့်မရှိဘူး။ ဒီတော့`မာယာ´ကို`မာယာ´လို့သဘောမ ထားပဲ၊ ကိုယ့်ဖက်က အားထုတ်မှုမရှိပဲ၊ ဒီအတိုင်း လက်ဖ၀ါးပေါ်ရှင်းအောင်တင်မပြရကောင်းလားဆိုပြီး ဒီကဗျာတွေ ဘာရေးထားမှန်းမသိဘူးဆိုပြီး လက်လွှတ်လိုက်မယ်ဆိုရင်၊ ကဗျာကိုလက်လွှတ်ဆုံးရှုံးရုံတွင်မ က ဘ၀ရဲ့အရေးအကြီးဆုံးအရာ တွေကို ရှာဖွေဖို့သတိပေးနှိုးဆော်ချက်အခွင့်အရေးကိုပါ ဆုံးရှုံးရတော့မှာပေါ့။
ကဗျာဆရာ`တိုမက် ယက်စထရွန်´က `သစ်စေ့များ´ကဗျာရဲ့အနက်ကို တူးဆွခိုင်းရင်းက အဲဒီ ဘ၀ရဲ့အရေးအကြီးဆုံးအရာတွေရနိုင်၊ ရှိနိုင်တဲ့အနာဂါတ်ဆီ လူတွေရှေ့တိုးပြီးရှာနိုင်ဖွေနိုင်ဖို့ လမ်းခင်းလိုက်တဲ့ သဘောပါပဲ။
ကျွန်တော်တို့တိုင်းပြည်မှာလည်း`အနာဂတံကိုဘာသာပြန်တဲ့ငှက်´တွေရှိပါတယ်။ ကျွန်တော်တို့က အဲဒီ ငှက်တွေ(၀ါ)အဲဒီ ကဗျာဆရာတွေရဲ့ တောင်ပံခတ်သံ၊ ကျူးရင့်သံ(၀ါ) ကဗျာတွေကို နားထောင်တတ်ရ ပါလိမ့်မယ်၊ နားထောင်နိုင်ဖို့ အားထုတ်ရပါလိမ့်မယ်။

ကဗျာဆိုတာကတော့ `နက်နက်တူးလေ ရေတွေ့လေ´ဆိုတဲ့သဘောပါပဲ။ အနာဂတံကိုဘာသာ ပြန်တဲ့ငှက်တွေရဲ့ တောင်ပံခတ်သံ(၀ါ) ကဗျာတွေကို ကျွန်တော်အလျင်းသင့်ရင် ထပ်ပြီး အစီရင်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဟော..... စာဖတ်သူများ အသေအချာစိတ်နားစိုက်ပြီးနားထောင်ပါ။ ဟိုး .... အဝေးဆီက အနာဂတံကို ဘာသာပြန်တဲ့ငှက်တအုပ်ရဲ့တောင်ပံခတ်သံတွေ၊ ကျူးရင့်သံတွေကို မလွဲမသွေကြားရပါလိမ့်မယ်။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

ဒီဆောင်းပါးရေးစဉ်က လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကျနော်က ပြည်ပရောက်နေတဲ့အချိန်ပါ။ ပြည်တွင်းက ကဗျာ တချို့ ကို ကိုးကားပြီးရေးရင် ပြဿနာဖြစ်မှာစိုးရိမ်လို့ မြန်မာကဗျာကို ဥဒဟရုဏ်ဆာင်တော့ ပဲ နိုင်ငံရပ်ခြားကဗျာတပုဒ်ကို ဥဒဟရုဏ်ဆောင်ခဲ့ရတာပါခင်ဗျား။


Top of Form
Bottom of Form