Tuesday, May 31, 2016

Mimi Thaw

သစ်ခက်သံလွင်-(၀တ္ထုတို) ဒိုင်ယာရီထဲကစာ - နေနေ



ဒိုင်ယာရီထဲကစာ
 (ဝတ္ထုတို)

www.crossconnectmag.com


"...ခေတ်ကြီးက ဒီလိုပဲ၊ အဖြစ်အပျက်တွေကမြန်တော့ ကတိတွေလည်း ပျက်ပေါင်း များပြီ၊ အတွေ့အကြုံများတဲ့ လူတယောက်က “ လက်တွေ့မှာ ဘက်မလိုက်ဘူးဆိုတာ မရှိပါဘူး” တဲ့။
ဒီစကားဘယ်လောက် တာသွားလိုက်သလဲဆိုရင် တံခါးအားလုံး အလျှိုလျှို ပွင့်သွား တော့တယ်၊ အမှားမရှိ။ အမှန်မရှိ။ ဟာလာဟင်းလင်း၊ အရိုင်းဆန်တဲ့တောအုပ်မှာ လူဖြစ်ခွင့်ရတာ ကံဆိုးသလိုလို။ ကံကောင်းသလိုလို..."

 ---------------------------


“ဟိုးတုန်းကလို တယောသံသဲ့သဲ့ မီးခိုးတွေအူဝေတဲ့ သုညရှိတဲ့အရပ်မျက်နှာကို ငါပြန်မမှတ်မိ”
အမှောင်တွေအုံ့နေတဲ့ အမိုးမလုံအခန်းကျဉ်းလေးထဲမှာ ဒီကောင်လေးကိုတွေ့တယ်၊ “ ကျနော်ဒီကိုရောက်တာ နှစ်လပဲရှိသေးတယ် အစ်ကို၊ ဆယ်တန်းဖြေထားတယ်၊ အလုပ်လုပ်ချင်လို့၊ ဘာမှတော့ မလုပ်တတ်သေးဘူး” လွန်ခဲ့တဲ့ (၁၀) နှစ်ဝန်းကျင်က ပုံရိပ်တခုကိုပြန်မြင်တယ်။ ဘ၀ကိုရဲရဲမြင်တတ်၊ ကြည့်တတ်တဲ့အရွယ်၊ မှားလိုက်ဖို့ ရော မှန်လိုက်ဖို့ရောလွယ်ကူတဲ့အရွယ်။ 

ညပိုးကောင်တွေဆူညံနေတဲ့ အေးစိမ့်စိမ့်ညဉ်ဦးပိုင်းမှာ ကောင်လေးဆီကဖုန်းလာ ပြန်တယ်။ ကျနော်က ရေချိုးပြီးစ အပြင်ကအအေးကိုကာကွယ်ဖို့ ကြိုးစားနေတဲ့ အချိန်။
“ ကျနော်ဒီမှာ နေရတာအဆင်မပြေဘူး၊ အစ်ကိုတို့နဲ့လာနေချင်တယ်၊ အကူအညီ ပေးလို့ရမလား” တဲ့။

ဘာပြန်ပြောရမယ်မှန်းမသိ။ ကိုယ့်အကြောင်း ကိုယ်သာအသိဆုံးမို့

  မင်းငယ်ပါသေးတယ်ကွာ၊ လုပ်စရာတွေ အများကြီး ရှိသေးတယ်” လို့ ပြန်ပြောလိုက်တယ်။

အဲ့ဒီညအိပ်မက်ထဲမှာ ဟိုးတုန်းက အဝေးလမ်းမတွေ၊ ကုက္ကိုပင်တန်းတွေ၊ ငယ်ဘ၀ ရဲ့သူရဲကောင်းတွေနဲ့ပြန်တွေ့တယ်။ အခြေအနေတွေပြောင်းကုန်ပြီဗျာလို့ ကျနော် အော်ပြောမိတယ်။ ကျနော်ပြောတာနောက်ကျလို့ ဘယ်သူမှမအံ့သြ။

“ ခင်ဗျား အများကြီးလုပ်နိုင်မယ်ဆိုတာ ကျနော်ယုံတယ်” လို့ သူငယ်ချင်း တယောက် က ပြောတယ်။ သူနဲ့ကျနော် စပါးခင်းတွေဘေးက လမ်းမကြီးပေါ်  သစ်ပင်တွေ ကိုင်းရိုင်းတောထနေတဲ့အချိန်မျိုးမှာ ကျောက်ချွန်ချွန်တွေ ငေါ့ထွက်နေတဲ့မြေလမ်းပေါ် စကားတပြောပြော။

နေရောင်က တောင်စောင်းက မရိတ်သိမ်း ရသေးတဲ့ ပြောင်းဖူးခင်းတွေပေါ် ဖြာကျလို့။
အပြန်မှာ အဘိုးအိုလင်မယားရောင်းတဲ့ဆိုင်ငယ်လေးမှာ ကိုယ်စီဆက်ရမယ့်ခရီးတွေ အကြောင်း လူငယ်ပီပီ အင်နဲ့အားနဲ့ ပြောဖြစ်ကြတယ်။
ကျနော်တို့ ဒီလိုပြောင်းပစ်လိုက်ရင်ကောင်းမယ်ဗျ၊ ခင်ဗျားဘယ်လိုသဘောရလဲ၊  တယောက်ပြောတာကိုတယောက်က စောင့်နားထောင်တယ်၊ ခွေးသံတွေတစီစီနဲ့ ရီဝေေ၀ညနေတွေက ပျော်ဖို့ကောင်းရဲ့။


“ကျနော်တို့ ငယ်ငယ်ကနားလည်တာမျိုးမဟုတ်တော့ဘူးဗျာ ”
“ ဟုတ်တယ် ဒီပုံစံဟာ ကမ္ဘာဘယ်နေရာရောက်ရောက် ခင်ဗျားတွေ့ရမယ့်ပုံစံပဲ ”
နောက်တနှစ်အကြာမှာ နေရာသစ်ကနေ ဒီစကားကိုပဲ သူထပ်ပြောပြန်တယ်၊ 

လမ်းထိပ်ကကားဂိတ်မှာ ကျနော်တယောက်ထဲ သွားသွားထိုင်တတ်တာတွေကို သိတော့ “ခင်ဗျားတယောက်ထဲ မကောင်းပါဘူး” လို့ပြောတယ်၊
“ ခက်တာက ကျနော်က စိတ်ညစ်တဲ့အခါတယောက်တည်းနေချင်တာပဲ”


နောက်တော့ ပျင်းရိစရာအဖြစ်အပျက်တွေနဲ့ဘေးတိုက်ရွေ့နေတဲ့ကျနော့်ကို သူက အဝေးက လှမ်းအားပေးတယ်၊ ခင်ဗျားနဲ့ ကျနော်အတူတူရှိရင် ကောင်းမယ်ဗျာတဲ့၊  ခုတော့တခါ သူလည်း လမ်းတကာလျှောက်နေရပြန်တယ်၊ ခင်ဗျားအတွက် ဘုရားဆီမှာ ကျနော်ဆုတောင်းပေးပါတယ်လို့သာ အကြောင်းပြန်လိုက်ရတယ်၊  ခေတ်ကြီးက ဒီလိုပဲ၊ အဖြစ်အပျက်တွေကမြန်တော့ ကတိတွေလည်း ပျက်ပေါင်း များပြီ၊ အတွေ့အကြုံများတဲ့ လူတယောက်က “ လက်တွေ့မှာ ဘက်မလိုက်ဘူးဆိုတာ မရှိပါဘူး” တဲ့။

ဒီစကားဘယ်လောက် တာသွားလိုက်သလဲဆိုရင် တံခါးအားလုံး အလျှိုလျှို ပွင့်သွား တော့တယ်၊ အမှားမရှိ။ အမှန်မရှိ။ ဟာလာဟင်းလင်း၊ အရိုင်းဆန်တဲ့တောအုပ်မှာ လူဖြစ်ခွင့်ရတာ ကံဆိုးသလိုလို။ ကံကောင်းသလိုလို၊ မသိသလိုလို သိသလိုလို နေရတဲ့ သံခေတ်တမန်ခင်းခေတ်ပါလား။

လူ့အဖြစ်တွေဟာ သဘာဝကျတယ်ဆိုရင် ကျနော်တို့ရဲ့အယူသည်းမှုတွေကို ဘယ်လို လုပ်ရပါ့၊ ဘာလုပ်ဖို့လိုသေးလဲလို့ စိတ်ထဲမှာ ပြန်ပြန်မေးကြည့်ရတဲ့ အထိပါပဲ။
တခုခုကို ဆုပ်ကိုင်လိုက်ပါလားလို့ တယောက်က အကြံပေးတယ်၊ ခက်တယ်ဗျာ၊ ပြန်စဉ်းစားလိုက်ရင် ဟိုးတုန်းကနဲ့ ဘာမှသိပ်မကွာပြန်ဘူး၊ အမေ့ကိုပဲ တိုင်တည် နေရတယ်၊ အမေကျနော့်ကိုခွင့်လွှတ်ပါ၊ ကျနော်တို့ နောက်ကျတယ်၊ သို့မဟုတ် ကျနော်တို့ စောလွန်းတယ်၊ တကယ်ဆို အဖေ့ရဲ့မြေကွက်လေးမှာ စံပယ်ပင်တွေ စိုက်ပျိုးဖို့လောက်ပဲ ကျနော်လူဖြစ်လာတာ၊ မနက်စောစောကြီးခရီးမထွက်ခင်မှာ အမေ့ကငါ့ကို တတွတ်တွတ်မှာတယ်၊ “ သားပျောက်အမေရဲ့သောက နင်မသိဘူးနော် ” တဲ့၊ ဒီတခါလည်း ဖြေစရာစကားရှာမရပြန်။


အစီအစဉ်တခုအတွက် ကျနော်တို့အကောင်းဆုံးလုပ်ကြကိုင်ကြတယ်။ သဘောမတူပေမယ့်ယဉ်ကျေးမှုတခုထဲ အလျားလိုက်ဝင်စားလိုက်ရမယ့်နေ့ဟာ ပင်ပမ်းတယ်၊ ဂုဏ်သိက္ခာနှင့်တာဝန်ယူမှုအတွက် ကျနော်တို့ ပေါ့ပေါ့တန်တန် မလုပ်ဘူးဆိုတာကို ပြသရတော့မယ်၊ အဆုံးသတ်မှာ အရိုင်းဆန်မှုနှစ်ခု တည့်တည့်တွေ့တော့မယ်၊ ဟန့်ဝါခြင်းတွေထဲနားမလည်စွာ အတုံးရုန်း၊ နောက်တော့လည်း အများနည်းတူ ပြီးဆုံးသွားပြန်တယ်။ 

အနံအသက်မကောင်းတဲ့ မှောင်စပျိုးချိန်တွေမှာ ကျနော်တို့သူငယ်ချင်းတွေ လမ်းလျှောက် ထွက်ကြပြန်တယ်၊ ဒီလို ရာသီဥတုကိုမဿကိက်ဘူးဗျာ၊ မိရိုးဖလာဆိုတာကို မကြိုက်ဘူး၊ ပြောင်းလဲပစ်ဖို့လိုနေပြီ၊ ကောလဟလထဲက လူညစ်တွေလို ကျနော်တို့ အပြင်မှာမကျင့်ကြံသင့်ဘူး၊ နောက်ဆုံးတော့ ကိုယ်ပိုင်တဲ့ ငယ်ငယ်က အကြောင်းတွေကိုပဲ တယောက်တလှည့်ပြောမောရင်း မိုးစုန်းစုန်းချုပ်ခဲ့ ရပြန်တယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ခရီးရှည်ထွက်ရာကပြန်လာတဲ့ လူတယောက်က “ မင်းက အခုမှ ခရီးစထွက်မလို့လား” လို့ အမောတကောမေးတယ်၊ ကျနော်က သူ့မေးခွန်းကိုမဖြေဘဲ သူဆက်ပြောမယ့်စကားကို နားထောင်နေတယ်၊ စကားမဆုံးခင်မှာ မီးဖွားတော့မယ့် အမျိုးသမီးတယောက်ကို ပြုစုဖို့ သူထွက်သွား တယ်၊ ကျနော့်အတွက် ကံကောင်းတာလား၊ ကံဆိုးတာလား၊ အခုချိန်မှာဆုံးဖြတ်ဖို့ စောလွန်းသေးတယ်၊
ခုတလော ကျနော်တို့ရပ်ကွက်ဆီ အမှိုက်သိမ်းကားမလာတာကြာပြီ။

အဲဒီရက်တွမှာပဲ ကျနော်တို့လမ်းကြားလေးမှာ ရေလျံနေတယ်၊ နေပူကျဲကျဲမှာ ကလေးတွေနဲ့ ငါးမျှားထွက်ရင် ကောင်းမလား၊ ပုလင်းကောက်တဲ့ ကုလားလေးနဲ့ မိတ်ဖွဲ့ရကောင်းမလား၊ ပဲပြုတ်သည်ကိုပဲ အလိုက်သင့်စကားပြောလိုက်ရကာင်းမလား စဉ်းစားတယ်၊ ခေတ်ဆို တာကြီးက ခက်တယ်ဗျာ၊ သူစိမ်းတွေလည်း သူစိမ်းတွေအလျောက်၊ သူကျက်တွေလည်း သူကျက်တွေအလျောက်၊ နားညည်း စရာတွေ နေရာတကာမြင်ရတွေ့ရလို့ထင်ပါရဲ့၊ ဘာကိုအားကျရမှန်းလည်းမသိ၊ ဘာကိုအပြစ်တင်ရမှန်းမသိ၊ သက်ပြင်းတွေ အခါခါချတယ်၊
အစဉ်အလာစကားတွေကို စိတ်ကုန်လာတယ်၊ ဆင်ခြေဆင်လက်တွေလည်း နားထောင် မကောင်းဘူး၊ အောင်မြင်သူတို့ နေနည်းထိုင်နည်းဆိုတာမျိုးက စိတ်ဝင်စားစရာ မကောင်းဘူး။


မဂ္ဂဇင်းထဲမှာ ကျောင်းတုန်းက ကဗျာရေးဖော်သူငယ်ချင်းတယောက်ရဲ့ ကဗျာကို တွေ့ရတော့ ၀မ်းသာတယ်၊ ဒီကောင် ချစ်သူကိုလွမ်းတုန်း၊ မိုးဥတုကို ဖွဲ့တုန်း၊ သစ်ပင်တွေအကြောင်းပြောတုန်း။ 


နေနေ


သြဂုတ်-၁၉။ ၂၀၀၆

 
k

သစ်ခက်သံလွင်- ကာတွန်းအကြောင်းတစေ့တစောင်း-၄(ကာတွန်းဝင်းထွန်း)



ကာတွန်းအကြောင်း တစေ့ တစောင်း ... - ၎

ပုံရေးခြင်းအကြောင်း ...


 

အမှန်က ဒီကိစ္စ အရင်ရေးသင့်ပါသည်။
ဒီကမ္ဘာမှာ (အဟဲ ... ကမ္ဘာကြီးနဲ့ချီပြောရရတာ အားနာပါ၏ ။လေလုံးက ကြီးတော့မယ့်ပုံပေါ့ဗျာ။ တကယ်တော့ ကျွန်တော့်လေလုံးက သိပ်မကြီးသေးပါ။ ကိုယ့်အရင် ကြီးထားသူတွေ မီအောင်ပြောရ မလိုဖြစ်နေပါတယ်။ အမှန်က သူတို့ကို ယှဉ်ပြောဖို့ရည်ရွယ်ချက် လုံးဝမရှိ ... ကျွန်တော် အတိုက်အခံ နိုင်ငံရေးသမားမဟုတ်ဘူးလေ ... အဟဲ ...

မပြောမဖြစ်ပြောရပါမယ်ဗျာ ... ဘာလို့လဲ ဆိုတော့ ပုံရေးအတတ်ပညာကို လေ့လာမိ တဲ့ နောက် လူငယ်တွေအတွက် မှန်မယ်လို့ ယူဆတာလေးတွေ သိစေချင် ရစေချင်လို့ပါလေ …။


နောက်ရည်ရွယ်ချက်က ... ကာတွန်းဆိုတာ အမှားအမှန်ကို သိစေလိုလို့ သူများ အမှားတွေကို စေတနာထား ထောက်ပြကြသည့်ပညာဟု ဆိုခဲ့ကြသည်။ (ကျွန်တော်လည်း ပါ၏) ... ကိုယ့်တို့ကို ဘယ်သူထောက်ပြမလဲ။ ကာတွန်းကောင်းမကောင်းကလွဲရင် ပညာရပ်ကို ထောက်ပြနိုင်သူ နည်း၏။ ...

ခုတော့ ကျွန်တော်ပဲ အဆဲခံမယ် …။ အဲလေ ... ထောက်ပြနေပါမယ် ...။
ကဲ ပြန်ပြောပါမယ်။ ပုံရေးအတတ်ပညာဆိုတာ ကျွန်တော့်သဘောအရ ပန်းချီကော ကာတွန်းကော ပါပါသည်။ ပြောရရင် ကမ္ဘာမှာ ပေါ်ခဲ့တာ ကြာပါပြီ။ (ဒီနေရာမှာ ပညာရပ်သမိုင်း ကြောင်း ပြောဖို့ မရည်ရွယ်ပါ) ... သူများစာတွေဖတ်ပြီး ဆရာကြီး ပြန်မလုပ်ချင်ပါ ... အဟဲ ...။

ခုအများစု ရေးကြသော ပန်းချီ ... ကာတွန်းပညာရပ်သည် ... မြန်မာပြည်ဖြစ်မဟုတ်ပါ။ (မြန်မာပြည်တွင်းဖြစ် မဟုတ်ပါ) (မြန်မာ့ရှေးရိုးရာ ပန်းချီကိစ္စ ဒီနေရာမှာ ကျွန်တော်ထည့်ပြောရန် မရှိပါ။ လူအရေးလည်း နည်းပါးပါသည်။ ဝမ်းနည်းစရာတခုပါ။ စကားချပ်) နိုင်ငံခြားက လာသည့် ပန်းချီရေးနည်း ကာတွန်းရေးနည်းကို ကျွန်တော်တို့ဆရာကြီးတွေကအစ ကျွန်တော်တို့ ခုခေတ်အထိ ... လိုက်ရေးနေကြခြင်း ဖြစ်ပါသည်။

အဲဒီရေးနည်းများနှင့်ပတ်သက်၍ ပဝေသနီက ရှိနေသော (ဘာအစ်ဇင် ... ညာအစ်ဇင်တွေ) အတွေးအခေါ်တွေလည်း မြန်မာပြည်မှာ မိုးထိလျှံတက်အောင် အော်ကျယ်အော်ကျယ် ပြောနေသူတွေ လည်း တွေ့ဖူး၏။  ပထမတော့ နားထောင်လေ့ရှိသည်။ နောက်တော့ မသိလိုတော့။ ပုံရေးတဲ့အထဲ ပါမလာ။ စက္ကူပေါ်ပါလာတဲ့ကိစ္စတွေမဟုတ်။ ... သမားဂုဏ်ပြလိုသူများ ထိုင်ပြောတဲ့အလုပ်ပေပါ့၊ အဟိ။ (အမှန်တော့ အရင်ဖတ်ပြီး အရင် ထအော်နေကြသူများသာ)။


အဲဒါလည်း အသေးစိတ်အငြင်းမပွားလို။  ... တခုတော့ သူတို့စကားတခွန်းအကြောင်း ... ပြောပြလို၏။  (သူများရေးသည့်နောက်က လိုက်လုပ်သူများကို ဘာဆိုလာ ခေါ်သတဲ့ ... ကိုယ်ပိုင်ထွင်မှတဲ့)။ ထွင်ကြလေ ... တိုင်းတပါးကလာတဲ့ နည်းပေါ်မှာ ကိုယ်က ဇောက်ထိုး ရေးမလား။
ပြောသာပြောနေတာ သူတို့ရေးတာ ... ခုထိ ... သူတို့လက်ရာလို့ နည်းနည်းပြောနိုင် သလို ရှိတာလေးမှအပ ... တခါခါ လက်မှတ်မထိုးရင် တခြားနိုင်ငံက ရေးထားသလိုတွေက များ၏။

ကဲ ဒါလည်း ဒီမှာထား၊ ပုံရေးတဲ့အကြောင်း ရောက်အောင်ပြောပါရစေ ...။ ပန်းချီလိုရေးရေး ... ကာတွန်းလိုရေးရေး ... တကယ်တော့ နည်းပညာအချိုးအစားတွေ ဆရာအမျိုးမျိုးက နည်း အမျိုးမျိုး အထွေထွေ အပြားပြား ကွဲလွဲစွာ ... ပြောပြခဲ့ကြသည် ပြောပြနေကြ၏။ ... တဦးမှ မမှားပါ ... မူကွဲသလို ရှိပေမယ့် အတူတူပင်ဖြစ်ကြလေသတည်း ...။ ဘယ်လိုချက်ချက် (ရေခန်းချက်ချက် ...ငှဲ့ချက်ချက် လျှပ်စစ်ထမင်းအိုးနဲ့ ချက်ချက် ထမင်းက ထမင်းပါ)။

တကယ်တော့ အပြင်မှာ တကယ်တွေ့နေတာတွေကို (ရှုခင်း ... လူ ရုပ်ဝတ္ထုပစ္စည်းတွေ) စက္ကုပေါ် ကင်းဗတ်ပြာပေါ် ဘယ်လိုရောက်အောင်ရေးမလဲ ပြောပြနေကြတာပါ ... (အဲဒါကို ကျွန်တော်နဲ့ အတူ ကာတွန်းလေ့လာနေသူ လူငယ်များ သတိထားစေချင်ပါတယ်) ... အားလုံးသော ရေးနည်းတွေဟာ ... သဘာဝကို ကူးရေးနေတာပါ။ အဲဒီတော့ လိုအပ်သော အချိုးချခြင်း ... ဟန်ပန် အမူအရာကို လိုချင်ရင် ကာတွန်းဆရာအနေနဲ့ လူတွေဟာ သင်တို့ ကူးစရာတွေပါ ... သင်တို့အတွက် စံပြမော်ဒယ်လေးတွေပါ။ တခြားကာတွန်းဆရာများ ...ပုံများကြည့်ပြီး လိုက်ကူးရေးစရာပင်မလိုတော့ ...။

လူကိုကြည့်၍ ခေါင်း၏ ၈ ချိုး မိန်းမဆို ၇ ချိုးခွဲ ... ကာတွန်းက ၅ ခွဲ ... ၃ ခွဲ ၂ ခွဲ စသည်ဖြင့် သူတို့လက်ပေါ် မူတည်၍ အချိုးချနေခြင်း ဖြစ်ပါသည်။ (လူသား ပန်းချီအတွက် ၈ နှင့် ၇ ခွဲ အချိုးကို အများဆုံးသုံး၏) ...

ဆရာ ကာတွန်းဝင်းမောင်လိုရေးချင်သူသည် ... သူ့အချိုးအတိုင်းရေးမှ သူ့လိုအရုပ်အရွယ်အစား မျိုးထွက်ပေမယ် ...။ အဲဒီ့အချိုးသည် တခြားအရွယ်အစားရေးလိုသူများအတွက် အဆင်ပြေချင်မှ ပြေမည်။ နေရာတိုင်း သူ့နည်းသည် သင့်အတွက် အသုံးမဝင် ... ဘာလို့လဲဆိုတော့ သင် ကာတွန်း ဝင်းမောင်လို့ မဖြစ်ချင်သူလေ ... (ဒီအချက်မမေ့သင့် ...) သူ့ဆီက နည်းပညာယူခြင်းနှင့် ကူးခြင်း ဒီနေရာမှာ သဘောကွဲနေပေပြီ ၊(သတိထားသင့်)။ (ကျွန်တော် ဆရာတွေဆီက နည်းပညာတွေ ရယူခဲ့ပြီးပြီ။ ယခု အားလုံးမေ့ထားသည် ... ကိုယ့်စိတ်ကူးဖြင့် ဆက်သွားနေသည် ... ဒါမှ ကိုယ်ဖြစ်လာမည်ပါ့။ (ဒါကျေးဇူးမေ့ခြင်းမဟုတ်ပါ)

ဒါဖြင့် ဘာလုပ်သင့်သနည်း။ ရှင်း၏ ကိုယ်ကြိုက်ရာ ကိုယ်လုပ်ဖို့အတွက် နှစ်သက်သူထံမှ ... နည်းပညာပဲ ယူပါ။ နောက် ကိုယ်ပိုင်အချိုးရှာသင့်လေသတည်း ...။

ကျွန်တော့်ပုတွေ အကြောင်း ကိုယ်ပြောရရင် ... ကျွန်တော့် ကာတွန်းအရုပ်များတွင် အချိုးပေါင်းများစွာ ရှိသည်။ ဘယ်နှစ်ချိုးက ပုံမှန်လဲဟု မမေးလေနှင့် ... ဦးခေါင်းချရေးပြီး လိုတဲ့အချိုး လိုသလိုပြင်ရေး ချက်ချင်း အချိုးချသွားသည်။ (ကိုယ်အချိုးချနည်း သူတို့ထံ နည်းယူခဲ့ပြီးလေပြီ)။

ကာတွန်းရေးချင်သည့်အခါ (ဥပမာ ကိုချစ်စရာ) ဦးခေါင်းအတွက် ... ဘဲဥဒေါင်လိုက်ပုံ စလျာ ထား၏။ နောက် ကိုယ်လုံးကို ခေါင်းနဲ့တခါခါ ရွယ်တူ ... တခါခါ နည်းနည်းရှည်ထား၏။ နောက် ခြေလက်ကို တုတ်ချောင်းလေးတွေ တတ်၍ လှုပ်ရှားမှုအတွက် လျာထား၏၊ ပြီးတော့ အသားဖြည့် ရေးဆွဲတော့တာပဲလေ။ မိန်းခလေး လှလှရေးက သိပ်ပု၍မရ ။ ၅ ချိုး အနည်းဆုံး ၄ ခွဲလောက် ထားတတ်၏ ။ အဲဒီမိန်းခလေးနဲ့တွဲဖို့ကျ ကိုချစ်စရာ အချိုးကို နည်းနည်းဆွဲဆန့်ပေး၏။ သူ့ချည်းဆို ခပ်ပုပု အချိုးပဲ ရေးလေ့ရှိ၏ ...

ကျွန်တော့်နည်း ကျွန်တော့်အချိုးသာ အမှန်ဟု ဘယ်သောအခါမှ ကျွန်တော်ပြောမည် မဟုတ်ပါ။ ကိုယ့်ပုံကိုယ့်အချိုးရှာ၍ ရေးသင့်ပါသည်။ တချို့က အချိုးထားရေးပုံမပေါ်။ အဲဒါလည်း မှားသည်ဟု မပြောနိုင်ပါ။ ... ဒါသူ့နည်းသူ့ဟန် ဖြစ်မည်။ သို့သော် သူများနည်းကို ပုတ်ခတ်တာတော့ သူ့နည်း သူ့ဟန် မဖြစ်သင့် အဟဲ။ ... ငါမှ မော်ဒန်ဆိုချင်သူများ၏။ အသံကြားဖူး ကြားနေရ၏။  ကာတွန်းအရုပ်ကလေး တရုပ်နှစ်ရုပ်ရေးတတ်ရုနှင့် အလုပ်ဖြစ်နေသူသည် သူ့ဟန်သာဖြစ်မည်။ သူ့နည်း၊ ကောင်းမကောင်းဆိုတာက နှောင်းတခေတ်ကျ သူ့လက်ရာ အဘယ်မျှ မှတ်တမ်းတင် ကျန်ရစ်မည်နည်းဆိုတာက သက်သေပြလိမ့်မည်။ (ဥပမာ ဆရာကိုဝင်းမောင်ထားခဲ့သည့် ရေးနည်းအားလုံးနီးပါး လွှမ်းနေဆဲပါ)

ဒီနိုင်ငံ (အမေရိကန်) မှာ လက်ရာပေါင်းစုံရှိ၏။ အလုပ်ဖြစ်နေတာပဲလေ ။ ဒါပေမဲ့ စကာတင် သမိုင်းဝင်ကျန်ဖို့က သိပ်မရှိပါ (ဥပမာ တသသ ပြောနေရဆဲ့ဖြစ်သည့် Herblock ၏ ကာတွန်းများ)။

ကျွန်တော်လည်း စကာတင်ကျန်ချင်မှ ကျန်ပါမည်။ ... ကံပေါ့လေ ... ဟေဟေး။

ဝထး052116


ကျွန်တော်ကာတွန်းပုံ စရေးတိုင်း ဒီလို Skeleton က စရေးပါသည် ... ရေးမည့် စိတ်ကူးအိုက်ဒီယာနှင့် လိုက်ဖက်တဲ့ ဟန်ရမှာ အသားဖြည့်ရေးဆွဲပါတယ် ... ဒါကလဲ ကိုချစ်စရာ ပုံဖြစ်ချင်ဖြစ်သွားပါသည် ..
















 
k

သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ချစ်တိုးနွယ်၊ ညီဇေ၊ ကေဇော်မိုး၊ ကမ်လူဝေး

ညမင်းသမီး ဒိုင်ယာလော့ခ်


www.etsy.com

မေးရတာနဲ့
ဖြေရတာ
ဘယ်ဟာ ပိုခက်သလဲမေးမှ
အဲဒီ့ အဖြေ ပိုခက်ရ …။

ဒုတိယ လူကြမ်းရဲ့
အသင့်ဖွင့်ထားတဲ့ ဓားတလက်ဟာ
သူကွပ်မျက်မယ့် လရောင်နဲ့
လက်ထဲမှာ လက်ခနဲ…။

ဟေ့
ကောင်မလေးကို လွှတ်လိုက်ဆိုတဲ့အသံ
ဟောဒီ့ ကံကြမ္မာဆိုတာကြီးဆီက
ဘယ်တုန်းကမှ ရောက်မလာခဲ့ပါဘူး…။

တကယ်ပါရှင်
သွေ့ခြောက်ခြောက် ချောက်ကမ်းပါးမှာ
ကျွန်မ
မျက်ရည်တု မသုံးဘူး
တဘ၀လုံး
မိတ်ကပ် ကိုယ်တိုင်လိမ်းခဲ့တယ်။ ။

ချစ်တိုးနွယ်

အင်ပါယာ၊ ဇန်န၀ါရီ၊ ၂၀၀၆



ခိုင်မြဲသော တွဲလက်များ
www.artistsnetwork.com


ရွေ့နေတဲ့ ခရီးတခုထဲ တို့လက်တွေ မြဲခဲ့တယ်
တရိပ်ရိပ် ဖြတ်ကျော်ခဲ့သော ရှုမျှော်ခင်းများ
သက္ကရာဇ်များနဲ့ ဘဝရှင်သန်မှုများ၊ ကစားပွဲများ၊ လောင်မီးများ။

ခေတ်ဆိုတဲ့ စာအုပ်ထဲမှာ
မျက်နှာဖုံး လှဖို့ ကြိုးစားရင်း အတွင်းစာသား
သုံးစားမရသော နိုင်ငံရေးစာမျက်နှာများ ပြည့်နှက်၊ ထို့နောက်
ဦးနှောက်နဲ့ နှလုံးသား အဆမညီသောတို့ရဲ့လေလွင့်အနုပညာ
ပိုးလောက်လန်းတွေလို အဆက်မပြတ်ပေါက်ဖွားရင်း
ရွေ့နေတဲ့ခရီးတခုထဲ တို့လက်တွေ မြဲခဲ့တယ်။

ရွေ့နေတဲ့ ခရီးတခုထဲ တို့လက်တွေ မြဲခဲ့တယ်
အမြစ်ကို မြေမှာမတွယ်ပဲ လေထဲ တို့လို့တန်းလန်း
သစ်ပင်တွေ ကြည့်တော့ အသီးဆွံ့အနေ
လေညင်းလေးတောင် ဝေါခနဲ ဟွန်းသံမှာ ဖြတ်နင်းခံရ
အနေအထားအရ တယောက်တနေရာစီမှာဆိုပေမယ့်
ရွေ့နေတဲ့ ခရီးတခုထဲ တို့လက်တွေ မြဲခဲ့တယ်။

တောမီးလောင်လို့ တောကြောင်တွေ လက်ခမောင်းခတ်တာ မဟုတ်ဘူး
တောကြောင်တွေ လက်ခမောင်း ခတ်ခိုင်းခဲ့လို့သာ တောမီးတွေ လောင်ရတာ
နှလုံးသားတွေ တဖျစ်ဖျစ်မြည် လောင်ကျွမ်းပြာကျ
အခြေအနေအရ ခေတ်ကို မျက်ခြေဖြတ်ထားလို့ မရတာတောင်မှ
ရွေ့နေတဲ့ ခရီးတခုထဲ တို့လက်တွေ မြဲခဲ့တယ်။

ရွေ့နေတဲ့ ခရီးတခုထဲ တို့လက်တွေ မြဲခဲ့တယ်
တောင်ပေါ်က နိစ္စဓူဝကလည်း တောင်ပေါ်အလျှောက်လေးလံ
မြေပြန့်က နိစ္စဓူဝကလည်း မြေပြန့်အလျှောက် မှောင်မိုက်
တို့ရှေ့မှာ တောင်တွေသေပြီ၊ တို့ရှေ့မှာ မြစ်တွေ ငိုပြီ
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက အဝေးပြေးလမ်းမပေါ်
နှိုးခဲ့ကြတဲ့ ကိုယ့်နှလုံးသားအင်ဂျင်စက်သံ ကိုယ်ပြန်နားစွင့်ရင်း
ရွေ့နေတဲ့ ခရီးတခုထဲ တို့လက်တွေ မြဲခဲ့တယ်။

ရွေ့နေတဲ့ ခရီးတခုထဲ တို့လက်တွေ မြဲခဲ့တယ်
ဟုတ်တယ်၊ တို့လက်တွေ မြဲမှပဲ ခရီးတခုလည်း ရွေ့လိမ့်မယ်...။ ။


ညီဇေ


….

ဆိုက်ကို

techholic.co.kr

အသွေးအသားက
ဖြစ်ပျက်သမျှအရာရာအပေါ် ငြိဝင်နေတဲ့ ဆိုက်ကို
လေးထောင့် အဝိုင်း ဒေါင်မကျ ပြားမကျလား
တကြောင်းကြောင်းမှာ ဆိုက်ကို
လူကြီးမင်းတပ်ခံထားရတဲ့ ဧရိယာက
ပျော်ရွှင်ဖွယ်ရာတွေ လက်ယပ်ခေါ်ယူနေတဲ့ ဆိုက်ကို
ညဈေးနဲ့ပန်းဆိုးတန်း မနက်ဈေးနဲ့ဆူးလေ နေ့ဈေးနဲ့ဆိပ်ကမ်းသာလမ်း
အစားစားကွဲပြားနေတဲ့ လမ်းပေါ်က ငှက်ကလေးများထဲ ဆိုက်ကို
အချိန်နဲ့တန်ဖိုးနဲ့ နာရီမေးရတဲ့ မြို့ပြပလက်ဖောင်းပေါ်က
ရောင်းရေးဝယ်တာ ဆိုက်ကို
ပြန်မလာခဲ့နဲ့ပြန်လာချင်ပြီ
အဆင်မပြေဘူး ဒီလိုပဲ အဆင်ပြေအောင်နေ
နှစ်ဖက်စကားတွေ နားနဲ့မဆံ့ လျှံကျနေသော ဆိုက်ကို
ကြိုးစားပါ အဆင်ပြေမှာပါ မုသာဝါဒနဲ့
ချူဆီထည့်နေရတဲ့ အသက်မွေးဝမ်းကျောင်းထဲက ဆိုက်ကို
အခမဲ့ အခပေးနဲ့ ပြန်အမ်းငွေနဲ့ အလှူခံနဲ့ မလောက်ငှတဲ့လစာနဲ့
မေတ္တာဖြင့် ကြီးကြပ်ခြင်းထဲ ဆိုက်ကို
အလုပ်ခွင် လမ်းပေါ်အိမ်တွင်း အရက်ဆိုင်က
ကလေးများနဲ့ အနာဂတ်မျှော်မှန်းမှုဆိုက်ကို
သိမ်မွေ့စိတ် အရိုင်းဆန်မှုကွယ်ရာက ဂရုဓမ္မစကားနဲ့
လူသားဆန်လွန်းတဲ့ အတင်းအဖျင်းနဲ့ ဆိုက်ကို
လိင်မတူ လူသားတဦးနဲ့ နားလည်မှုနဲ့ အတူနေချင်ပြီ
သံမဏိသား ပင်မအစုအဝေးက လူဖြစ်ရတဲ့ ဒုက္ခတရားမှာ ဆိုက်ကို
တွေ့ကြတာပေါ့ အဆင်ပြေပြီပဲ ဒီရက်ပိုင်းဆုံမယ်
ကတိထပ်နေတဲ့ ဘဝထဲ ဆိုက်ကို
ခြံစည်းရိုးထင်းခွေသွားတဲ့ အောင်မြင်ကျော်ကြားလိုသော ဆိုက်ကို
ခေတ်ပျက်အစုအဝေးထဲက သမားရိုးကျ စရိုက်အသီးသီးနဲ့
ကတ်ကိုဘိန်းတို့ရဲ့ တော်လှန်ရေး ဆိုက်ကို
အခု တော်ကြာ ပူးပေါင်း ပယ်ဖျက် ဆန့်ကျင် မှိုင်းတိုက်
ဒီမြေပြင်ရဲ့အခင်းအကျင်း တိမ်မင်ဆေးရေးသလို ဆိုက်ကို
ရပ်ပြီ မရပ်သေးဘူး လမ်းကြောင်းရှင်းလင်း တွေ့ဆုံရေး လက်မှတ်ထိုးပွဲ
စာရင်းအနက် လက်သင့်ရာ ကျီးအာသီးများ
ကာကွယ်စောင့်ရှောက် အမျိုးသားစစ်အမြင် ဆိုက်ကို
အဆုံးသတ်ဖို့ မျဉ်းတကြောင်းသာ ဆွဲချရ
စိတ်သဏ္ဌာန်၌ ရှုပ်ထွေးနောက်ကျိနေတဲ့ ဆိုက်ကို
ဆိုက်ကို......။ ။

                 

ကေဇော်မိုး




အဲဒီက စခဲ့ပါတယ်


datab.us

ကမ်းပေးတဲ့ အခွင့်အရေးကို

လှမ်းယူဖို့

လက်ထဲက မျှော်လင့်ချက်ကို

လွှတ်ချလိုက်တယ်။



အဲဒီက စတာပါပဲ

မျက်နှာပြောင်ပြောင်နဲ့

တောင်စဉ်ရေမရ စကားတွေ

ပြောတတ်လာတယ်။



အစားကောင်းတွေစားလို့

အဝတ် အကောင်းတွေနဲ့

ကိုယ်ရောင် ကိုယ်ဝါ တောက်ပြောင်လာတယ်။



လူက ကိုယ့်ဘဝကိုယ်

တိုးတက်ဖို့ ကြိုးစားရမတဲ့

တိုးတက်ဖို့ နင်းတက်ရင်း

ပြောတတ်လာတယ်။



သွေးစုတ်ဖုတ်ကောင်တွေကို

ဖမ်းဖို့သွားတဲ့ သူရဲကောင်းဟာ

သွေးစုတ်ဖုတ်ကောင်အဖြစ်ခံပြီး

စွန့်စား စွန့်လွှတ်ခဲ့တယ်။



ငါတို့ရဲ့ဂုတ်ပေါ်မှာ

သွေးစုတ်ဖို့ ခဲထားတဲ့

အစွယ်ကတော့

တစုံမကတော့ဘူး။ ။



ကမ်လူဝေး